ပြီးခဲ့တဲ့နှစ်က ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ ရပ်ကွက်တချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်းခမ်းကနေ နောင်ချိုမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ၁၃ရက်နေ့မှာ နောင်ချိုမြို့အစွန်မှာရှိတဲ့ တောင်ရပ်ကွက်နဲ့ ပါဟတ်ရပ်ကွက်တွေကို ထိန်းချုပ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့ကို တအာင်းတပ် TNLA တစ်နှစ်ကြာ သိမ်းပိုက်ထိန်းချုပ်ထားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေက မြို့ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာတာပါ။
နောင်ချိုမြို့ပေါ်မှာ ဈေးရပ်ကွက်၊ ဘူတာရပ်ကွက်၊ တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်၊ သပြေရေရပ်ကွက်နဲ့ နားရှိုးရပ်ကွက်ဆိုပြီး ရပ်ကွက် ၆ခုရှိရာမှာ စစ်ကောင်စီတပ်က တောင်ရပ်ကွက်နဲ့ ပါဟတ်ရပ်ကွက်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျန်တဲ့ ရပ်ကွက် ၄ခုမှာတော့ ဘယ်တပ်တွေရှိနေသလဲဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။
နောင်ချိုမြို့အနီး နောင်ချိုနဲ့ ကျောက်မဲမြို့ကြားက ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်တပ်နဲ့ TNLA နှစ်ဖက်လုံးက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရသူ လွေးယေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ် ထောက်ခံသူတွေကတော့ လက်ရှိမှာ နောင်ချို့မြို့တွင်းထဲ စစ်ကြောင်းတွေ ရှောက်ရှိထိန်းချုပ်နိုင်ပြီး ရက်ပိုင်းအတွင်း မြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မယ်လို့ ရေးသားနေကြပါတယ်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့ဆွေးနွေးပွဲမှာ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေထဲက နောင်ချို၊ ကျောက်မဲအပါအဝင် ၅မြို့ကို ပြန်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တာကြောင့် ရှမ်းမြောက်ဝင်ပေါက် နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ကျော်ဇင်ဝင်း၊ မြတ်ကြီး/ Myanmar Now



