အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ရှုံးနေသော၊ အာဏာလက်မလွှတ်လိုသော မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အကြံအဖန်

၂၀၂၅ ခုနှစ် ပြက္ခဒိန်ရက်စွဲများ တစ်ရက်ချင်း၊ တစ်လချင်း ကုန်ဆုံးလာသည်နှင့်အမျှ၊ နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုများ ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် နှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲ အတွက် စိတ်သောက ရောက်နေပြီး၊ ပုံမှန်မဟုတ်သော စိတ်အခြေအနေဖြင့် ပြောဆိုလုပ်ကိုင်လာသည်ကို သတိပြုမိသည်။

၂၀၂၅ ခုနှစ် ပြက္ခဒိန်ရက်စွဲများ တစ်ရက်ချင်း၊ တစ်လချင်း ကုန်ဆုံးလာသည်နှင့်အမျှ၊ နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုများ ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် နှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲ အတွက် စိတ်သောက ရောက်နေပြီး၊ ပုံမှန်မဟုတ်သော စိတ်အခြေအနေဖြင့် ပြောဆိုလုပ်ကိုင်လာသည်ကို သတိပြုမိသည်။ 

အထူးသဖြင့် လက်ရှိရင်ဆိုင်နေရသော အခြေအနေအပေါ် ရှိရှိသမျှ လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးကို အပြစ်ဖို့ပြီး၊ ၎င်းသာလျှင် “လူမှန်ကြီး” (Mr. Right) ဖြစ်ကြောင်း၊ ဆင်ခြေအမျိုးမျိုး ခရားရေလွှတ် ပြောလာခြင်းကို တွေ့မြင်လာရသည်။

ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည့် စိတ်ဝေဒနာ စွဲကပ်နေသူတစ်ဦး (narcissistic personality disorder – NPD) ၏ လက္ခဏာများ မင်းအောင်လှိုင်တွင် တွေ့ရှိနေရပြီး၊ လက်ရှိ ရင်ဆိုင်နေရသော ပြဿနာများမှာ ၎င်း၏ရှေ့မှ စစ်ခေါင်းဆောင်များဖြစ်သော သန်းရွှေနှင့် သိန်းစိန် တို့၏ ခေါင်းဆောင်မှု အမှားအယွင်းများနှင့် အားနည်းချက်များကြောင့်ဟု တိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း ထိုပုဂ္ဂိုလ်များ ဦးဆောင်ခဲ့သော အဖွဲ့အစည်းကို လူသိရှင်ကြား ပြစ်တင်ပြောဆိုမှုများ စတင်ပြုလုပ် လာသည်ကို လေ့လာတွေ့ရှိရသည်။ 

အာဏာရှင်ဟောင်း သန်းရွှေ တည်ထောင်ခဲ့ပြီး၊ သမ္မတဟောင်း သိန်းစိန် ဥက္ကဋ္ဌလုပ်ခဲ့သော စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း အကွဲအပြဲများကို စစ်ကောင်စီ အစိုးရအဖွဲ့ အစည်း အဝေးတွင် ထည့်သွင်းပြောဆိုလာသည်။ 

ဆိုလိုရင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရရွှေမန်းနှင့် သိန်းစိန်တို့ကြား ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် လပိုင်းအလို သန်းခေါင်ယံ အာဏာသိမ်းပွဲ၊ ပါတီတွင်း အကွဲအပြဲများကြောင့် စစ်တပ်က ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားခဲ့သော အာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်၊  သူရရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာ မိတ်ဖွဲ့ခဲ့ခြင်းကြောင့် ထိုအကွဲအပြဲဖြစ်ကာ ကြံ့ခိုင်ရေးပါတီ ရှုံးခဲ့ရသည်ဟု မင်းအောင်လှိုင် ယုံကြည်နေပုံရသည်။ 

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ညှိုး အာဃာတတရားကြီးမားစွာဖြင့် အကျဥ်းထောင်ထဲ ၎င်း၏ လက်ကျန်ဘဝသက်တမ်း ကုန်ဆုံးစေရန် ချုပ်နှောင်ထားခြင်း ဖြစ်သည်။  

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်လက်ထဲမှ အာဏာရယူ သွားနိုင်ခဲ့သည့် နိုင်ငံရေး အလှည့်အပြောင်းက မင်းအောင်လှိုင်အပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ဟန် ရှိသည်။ 

မမျှော်လင့်ဘဲ အမျိုးသမီးတစ်ဦး၏ အာဏာစက်အောက်သို့ ရောက်ရှိသွားခဲ့သော စစ်တပ်သမိုင်းတွင် ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်သွားရခြင်းအပေါ် မင်းအောင်လှိုင် အလွန်ခါးသီးခဲ့ပုံရသည်။ ထို့ကြောင့် ယခင်စစ်ခေါင်းဆောင်များ မကာကွယ်နိုင်ခဲ့သော အာဏာကို မဖြစ်မနေ ပြန်လည်သိမ်းယူ ရန် အချိန်အခါကောင်းကို စောင့်စားနေခဲ့ပုံရသည်။  

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးကောက်ပွဲ အကြောင်းပြ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်သည်   ရွေးကောက်ပွဲကိုပင် အကြောင်းပြပြီး အနိုင်ရပါတီကို အာဏာလွဲပေးပါမည်ဟု ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်မှာ ၄နှစ်ကျော်လာပြီ ဖြစ်သည်။  နိုင်ငံအနှံ့ ပြည်သူများအပေါ် ဗုံးကြဲသတ်ဖြတ်နေသော မင်းအောင်လှိုင်ကို မုန်းတီးရွံရှာခြင်းမှလွဲလျှင် ပြည်သူများသည် ထိုရွေးကောက်ပွဲကို လုံးဝ စိတ်မဝင်စားကြပါ။ 

စိတ္တဗေဒရှုထောင့်မှ လေ့လာမည်ဆိုလျှင် မင်းအောင်လှိုင်သည် သာမန် စိတ်အခြေအနေတွင် ရှိမနေခြင်းကို ပို၍ထင်ရှားစွာ တွေ့မြင်လာရသည်။ ထို့ကြောင့်လည်း နိုင်ငံအနှံ့ရှိ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေခြင်း၊ လူ့အဖွဲ့အစည်း အစိတ်အပိုင်းအများအပြားကို ပြာပုံအတိ ဖြစ်သွားရန် မီးရှို့ဖျက်ဆီးခဲ့ခြင်း စသည့် အစွန်းရောက်အကြမ်းဖက်မှုများ ကျူးလွန်၍ အဓမ္မသိမ်းယူခဲ့ သော အာဏာကို လက်မလွှတ်ရရေး နည်းလမ်းမျိုးစုံဖြင့် ကာကွယ်နေခြင်း ဖြစ်သည်။

မင်းအောင်လှိုင် ကြံစည်နေသော ရွေးကောက်ပွဲသည်လည်း ၎င်းဖန်တီးခဲ့သော နိုင်ငံရေးပြဿနာမှ ထွက်ပေါက်ရှာခြင်းထက်၊ အာဏာကို လက်မလွှတ်ရရေး နည်းလမ်းတစ်ခုအဖြစ် ကြံစည်းကြိုးပမ်းနေ ခြင်းသာ ဖြစ်ပါကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button