တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်၏ကိုယ်စားလှယ်များအကြား တရုတ်အစိုးရ၏အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က အပစ်ရပ်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရခဲ့ဟု စုံစမ်းသိရှိရသည်။
နှစ်ဖက်တပ်များအကြား အပစ်ရပ်ရန်အတွက် တအာင်းတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တို့အနက် ကျောက်မဲ နှင့် သီပေါကို စွန့်လွှတ်မည်ဟု ထိုဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။
သို့သော် စစ်ကော်မရှင်ကိုယ်စားလှယ်များက လုံလောက်မှုမရှိသည့်ကမ်းလှမ်းမှုဟုဆိုကာ ပယ်ချခဲ့ပြီး တအာင်းတပ်များအနေဖြင့် မန်တုံနှင့် နမ့်ဆန်မြို့များကလွဲ၍ ကျန်မြို့များကို စွန့်လွှတ်ရမည်ဟု တောင်းဆိုခဲ့သည်ဟု ဆွေးနွေးပွဲအကြောင်းသိထားသည့် Myanmar Now ၏ သတင်းအရင်းအမြစ်က ဆိုသည်။
နှစ်ဖက်ကိုယ်စားလှယ်များအကြား နယ်မြေခွဲဝေရေးအတွက် အငြင်းပွားခဲ့ကြပြီးနောက် ဆွေးနွေးပွဲသည် တစ်စုံတစ်ရာ သဘောတူညီမှု မရဘဲ ပြီးဆုံးခဲ့သည်။
ကျော်ဇင်ဝင်း၊ ကိုလှိုင်း/ Myanmar Now



