သတင်း

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားပြီး စစ်ကားတစ်စီးမိုင်းထိ 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာနှင့် အောင်မင်္ဂလာရွာကြား မှန်တောင်တွင် ဒေသခံများနှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များ ယနေ့ (မေ ၆ ) မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားတစ်စီး မိုင်းထိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက မုံရွာ-ယာကြီး-ကလေးဝလမ်း မိုင်တိုင် ၁၈ ဝန်းကျင်ရှိ မှန်တောင်အနီးတွင် ဖြတ်သန်းသွားသည့် စစ်ကားမှာ မိုင်းထိပြီး မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“ဖြစ်တဲ့နေရာက ချောင်းမအနောက်ဘက် နှစ်မိုင်လောက်ဝေးတယ်။ အောင်မင်္ဂလာရွာရဲ့အရှေ့ဘက် တစ်မိုင်လောက်ဝေးတဲ့နေရာမှာ ဖြစ်တာ။ မနက်က မိုင်းထိတဲ့ကားက မီးခိုးလုံးကြီး ဒီအတိုင်းမြင်ရတယ်။ နေ့ခင်းတုန်းကဆို ပေါက်ကွဲသံတွေ တဝုန်းဝုန်းနဲ့ ကြားတယ်။ လက်နက်ကြီးတွေနဲ့လည်း ထုတယ်။ အချက် ၅၀ လောက်ရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ထို့နောက် ယင်းမာပင်မြို့နယ် ကပိုင်ရွာနှင့် သီးကုန်းရွာအနီး တပ်စွဲထားသည့် စစ်တပ်မှ ယင်းနေရာသို့ တပ်ကူရောက်လာရာ ယနေ့ညနေပိုင်းထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်မှာ ဧပြီ ၂၅ ကတည်းက ယင်းမာပင်မြို့နယ် ကပိုင်ရွာတွင် အထိုင်ချ တပ်စွဲထားပြီး အနီးအနားကျေးရွာများကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေသည်ဟု ဒေသခံများက ဆိုသည်။ 

ယနေ့ပစ်ခတ်မှုအတွင်း ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ကာ စစ်တပ်လက်နက်ကိုင်များဘက်မှ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။ 

စစ်ကောင်စီလက်နက်ကိုင်တပ်များ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းသည့် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် ဧပြီလကတည်းက စစ်တပ်က အထိုင်ချတပ်စွဲ၍ ရွာအတွင်း ဝင်ရောက်ဖျက်ဆီးကာ ကြက်၊ ဝက်များကို ယူဆောင်သွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။ 

“သူတို့က ရွာတွေထဲဝင်ပြီး အမြဲတမ်းဒုက္ခပေးတယ်။ မနေ့တုန်းကဆို မြစ်ကြောင်းဘက်က ရွာတွေကို ဝင်မွှေတယ်။ ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကိုပါ ရိုက်နှက်တာမျိုးတွေအထိ ရှိလာတယ်။ အဲ့လိုမျိုး ရွာထဲကိုဝင်ပြီး မွှေချင်သလို မွှေနေတာ၊ လုပ်ချင်တိုင်း လုပ်နေတာကို တစ်နယ်လုံးက မခံမရပ်နိုင်ဖြစ်တာကနေ လူထုက တွန်းလှန်ကြတာ” ဟု ကနီမြို့နယ်မှ အခြားဒေသခံတစ်ဦးက ပြောသည်။ 

ယင်းမာပင်နှင့် ကနီမြို့နယ်မှ ကျေးရွာများတွင် ယခင်လများအတွင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များနှင့် ဒေသခံများ လေးကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီလက်နက်ကိုင်တပ်များက စက်သေနတ်အပါအဝင် လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခဲ့ပြီး ဒေသခံများက အမဲလိုက်ရာတွင် အသုံးပြုသည့် လက်လုပ်တူမီးသေနတ်များဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ 

Show More

Related Articles

Back to top button