သတင်း

မြိုင်မြို့နယ် နေရာသုံးခုတွင် ပေါက်ကွဲမှုဖြစ်  

မကွေးတိုင်း၊ မြိုင်မြို့ရှိ မြို့နယ်တရားရုံး၊ ပညာရေးမှူးရုံးနှင့် ဆေးရုံအုပ်နေအိမ်အနီးတဝိုက်တွင် ယနေ့ (မေ ၄) နံနက်လေးနာရီခန့်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒေသခံအချို့က Myanmar Nowကို အတည်ပြုသည်။

လက်လုပ်ဗုံးဖြစ်မည်ဟု ၎င်းတို့က ယူဆနေပြီး မြိုင်မြို့တရားရုံး မျက်နှာစာတွင် နှစ်လုံး၊ ပညာရေးမှူးရုံးရှေ့တွင် တစ်လုံး၊ ဆေးရုံဝင်းအတွင်းရှိ ဆေးရုံအုပ်အိမ်အနီးတွင် တစ်လုံးပေါက်ကွဲကြောင်း ပြောနေကြသည်။ CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်နိုင်သည်ဟုလည်း ယူဆနေကြသည်။ 

“ဒီမှာက CDM သမားတွေကို ဌာနဆိုင်ရာတွေရော၊ သူတို့(စစ်ကောင်စီ)ခန့်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေရော အလုပ်ပြန်ဝင်ဖို့ အတင်းဖိအားပေးနေတာ။ အဲ့ဒါကို သတိပေးတဲ့အနေနဲ့ ပြည်သူတွေဘက်က ဖောက်တာလို့ သိရတယ်”ဟု CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် လုပ်သက်ခြောက်နှစ်ရှိ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါမြို့နယ်ရှိ CDM ပညာရေးဝန်ထမ်းများကို မကြာမီစတင်မည့် ကျောင်းဖွင့်ချိန်အမီ အလုပ်ပြန်ဝင်ပါက လစာထုတ်ပေးမည်ဖြစ်ပြီး၊ အလုပ်မဝင်ခဲ့ပါက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူမည်ဟုပင် မြို့နယ်ပညာရေးမှူးက အကြောင်းကြားထားကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ အခြေအနေများကြောင့် ယမန်နေ့ (မေ ၃) တွင် CDM လှုပ်ရှားမှု ရပ်ဆိုင်းလိုက်သည့် ပညာရေးဝန်ထမ်းအချို့လည်း ရှိနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက အတည်ပြုသည်။

“Non-CDM ကိုပြောင်းပြီး စစ်ကောင်စီအတွက် အလုပ်လုပ်မယ့်သူတွေအတွက်လည်း မလုံခြုံဘူးဆိုတာကို ပြချင်တာလို့ လုပ်တဲ့လူငယ်တွေဆီက သိရတယ်”ဟု သူက ပြောသည်။

မြိုင်ရှိ ပညာရေးဝန်ထမ်းများကို စစ်ကောင်စီက ထိုသို့ဖိအားပေးခံနေသော်လည်း မြို့နယ်အတွင်း၌ ကျေးရွာ ၁၅ ရွာရှိသည့်အနက် ကန်နီရွာအထက်တန်းကျောင်းခွဲ၊ အိုးဘိုရွာအလယ်တန်းကျောင်း၊ ကန်နက်ရွာအလယ်တန်းကျောင်းခွဲတို့ကိုသာ ဖွင့်ထားသည်ကို တွေ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

မြိုင်မြို့နယ်အတွင်း ဗုံးများပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရောက်လာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း သတင်းတစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပေ။

အလားတူပင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပညာရေးကောလိပ်တွင်လည်း ယနေ့နံနက် ၄ နာရီခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဂိတ်စောင့်အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ထိုပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button