စစ်ကော်မရှင်တပ်များသည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ကို ယခုလ၊ ၁၅ ရက်နေ့က ကရင်နီတော်လှန်ရေးတပ်များ၏ လက်ထဲမှ ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ဒီးမော့ဆိုတောင်ဘက်ရှိ ဖရူဆိုမြို့ကိုပါ ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ဒေသတွင်းတော်လှန်ရေးတပ်များထံမှသိရသည်။
ကရင်နီတပ်ပေါင်းစုသည် ဒီးမော့ဆိုနှင့် ဖရူဆိုတို့ကို ၂၀၂၃၊ နိုဝင်ဘာလအတွင်းက စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးအတွင်း စစ်တပ်လက်ထဲမှ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် နှစ် နှစ်နီးပါး အကြာတွင် စစ်တပ်က ဒီးမော့ဆိုတွင် ပြန်လည်ခြေချနိုင်ခဲ့ခြင်းဖြစ်သည်။
မြို့နယ် ၈ ခုဖြင့် ဖွဲ့စည်းထားသည့် ကယားပြည်နယ်(ကရင်နီဒေသ) တွင် လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ ဘော်လခဲ ၊ ဖားဆောင်း မြို့များ၏ ဧရိယာအများစုကို စစ်ကော်မရှင်က ထိန်းချုပ်ထားသည်။ ရှားတော ၊ မယ်စဲ့ ၊ မော်ချီး ၊ နန်းမယ်ခုံ မြို့များ၏ ဧရိယာအများစုကို ကရင်နီ တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။
ထို့အပြင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ်၊ မေလတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှ ဆုတ်ခွာပေးလိုက်ရပြီး၊ မိုးဗြဲနှင့် ဒီးမော့ဆိုမြို့ တို့မှလည်း ဆုတ်ခွာခဲ့ရသည်။
ဒီမော့ဆိုကို စစ်တပ်ဘယ်လိုပြန်သိမ်းခဲ့သလဲ
ဒီးမော့ဆိုသည် စစ်ကော်မရှင်တပ် ထိန်းချုပ်သော ပြည်နယ်မြို့တော် လွိုင်ကော်၏ အနောက်တောင်ဘက် ကိုး မိုင်ကျော် အကွာတွင်ရှိသည်။
ကရင်နီတော်လှန်ရေးတပ်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာတွင် ပြုလုပ်သည့် တစ်လေးလုံးစစ်ဆင်ရေးအတွင်း ဒီးမော့ဆိုမြို့ကို သိမ်းယူနိုင်သော်လည်း မြို့၏အရှေ့ဘက်ရှိ စစ်တပ်၏ ခြေလျင်တပ်ရင်း (ခလရ-၁၀၂) နှင့် ခြေမြန်တပ်ရင်း (ခမရ-၄၂၇) တပ်စခန်းနှစ်ခုကိုမူ မသိမ်းပိုက်နိုင်ခဲ့ပေ။
ကရင်နီတပ်ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ၊ ဒေသကာကွယ်ရေးတပ် (Local PDF) များ ၊ ကရင်နီအမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့ (ကြယ်ဖြူ) ၊ ကယောနီအဖွဲ့ စသည့် တော်လှန်ရေးအဖွဲ့များ ပါဝင်သည်။
စစ်တပ်သည် ထိုတပ်ရင်းနှစ်ခုကို အခြေပြုပြီး စစ်ကူများပို့ကာ ယခုနှစ်၊ ဩဂုတ်လ၊ ပထမသီတင်းပတ်အတွင်း မြို့ကိုပြန်သိမ်းရန် စစ်ဆင်ရေးစခဲ့သည်။

စစ်တပ်၏အဆိုအရ ၎င်းတို့သည် ဩဂုတ်လ၊ ၄ ရက်နေ တွင် ဒီးမော့ဆိုမြို့အတွင်း စတင်တိုက်ခိုက်ခဲ့ပြီး မြို့၏ မြောက်ဘက်၊ ရွှေယောက်ရပ်ကွက်နှင့် မြို့၏ အရှေ့တောင်ဘက်၊ ပါဒေါဒူရွာတို့ကို ဦးစွာဝင်ရောက်၍ လက်နက်ကြီး ပစ်ကူများဖြင့် အဆင့်ဆင့် ခြေကုပ်ယူ ထိုးစစ်ဆင်ခဲ့သည်ဟု သိရသည်။
ထို့နောက် ဩဂုတ်လ၊ ၁၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်ရဲစခန်း ၊ မီးသတ်ဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ကရင်နီတော်လှန်ရေးတပ်များထံမှ သိမ်းယူသည်။
ဩဂုတ်လ၊ ၁၅ ရက်နေ့တွင် ရွှေယောက်ရပ်ကွက် တစ်ခုလုံး ၊ စည်ပင်သာယာရပ်ကွက်ရှိ မြို့နယ်ခန်းမ ၊ မြို့မရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းနေရာနှင့် ဒီးမော့ဆိုမြို့ကို ပြန်သိမ်းလိုက်နိုင်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီးမော့ဆိုကို ပြန်သိမ်းသည့် တိုက်ပွဲ ၁၆ ရက်အတွင်း တိုက်ပွဲကြီးငယ် ၂၃ ကြိမ် ဖြစ်ပွားပြီး ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရကြောင်း စစ်ကော်မရှင်တပ်ကဆိုသည်။
တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်များ၏ အလောင်းခြောက်လောင်းနှင့် လက်နက်ငယ်ငါးလက် ရရှိကြောင်း၊ စစ်တပ်ဘက်ကလည်း ထိခိုက်ကျဆုံးသူများရှိကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကရင်နီတော်လှန်ရေးတပ်များ၏ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ကလည်း ဒီးမော့ဆိုမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ပြီး မြို့၏ တောင်ဘက်ရှိ ဖရူဆိုမြို့ကို ဆက်လက် ဦးတည်နေကြောင်း Myanmar Now ကို ဆိုသည်။
IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က “တစ်နေ့ကတော့ ကျွန်တော်တို့အခေါ် ဒေါငံခါး လမ်းမပေါ့။ အဲဒီဟာကို ရသွားတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးကို ရသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ အခုတော့ စစ်ကော်မရှင်က ဖရူဆိုဘက် လမ်းမကြီးအတိုင်း ဆက်သွားနေပါတယ်၊ KNDF လည်း စာထုတ်ထားပါတယ်။ အဲဒီလမ်းမကြီး အတိုင်း ဒီးမော့ဆိုကနေ တောင်ဘက် ဖရူဆိုကို ဆက်သွားနေတာရှိပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ဒီးမော့ဆိုမြို့တွင် စစ်ကော်မရှင်တပ်က အရပ်သားများကို ဖမ်းဆီးခြင်းနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ထားကြောင်း ပြောသည်။
“စစချင်း စစ်ကြောင်းစထိုးတဲ့ မနက်မှာတော့ စစ်ရှောင်ကားတစ်စီးရယ် ၊ ဆိုင်ကယ် နှစ် စီးရယ် ၊ ပါဒေါဒူဆိုတဲ့ရွာမှာရှိတဲ့ တချို့ရွာသားနဲ့ ကျွဲကျောင်းသားတွေကို ဖမ်းလိုက်တာပေါ့။ ကျွန်တော်သိသလောက် Local PDF တစ်ယောက်နဲ့ KNDF တပ်ရင်းဘက်က တစ်ယောက်ဖမ်းဆီးပြီး သတ်ဖြတ်ခြင်းခံလိုက်ရတယ်ပေါ့။ နောက်တစ်ခုက ဆိုင်ကယ်နဲ့လာတဲ့ Male Nurse (သူနာပြုအမျိုးသား) ပေါ့။ အသတ်ခံလိုက်ရတယ်ပေါ့။ ရွာသားတစ်ယောက်လည်း ပါတယ်လို့ အကြမ်းဖျင်းသိရတယ်” ဟု ဦးဗညားကဆိုသည်။
စစ်ကော်မရှင်တပ်သည် ဖမ်းဆီးထားသည့် ရွာသားအချို့ကို ပြန်လွှတ်ပေးသလို အချို့ကိုလည်း လူသားဒိုင်းအဖြစ် ပြန်လည်အသုံးချနေကြောင်း ဦးဗညားက ပြောသည်။
ကရင်နီတော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း ယခုကဲ့သို့ ဆိုသည်။
“မိုးဗြဲဖြစ်စဉ်နဲ့ ဒီးမော့ဆိုဖြစ်စဉ်ကတော့ ခပ်ဆင်ဆင်လို့ ပြောလို့ရတာပေါ့။ စစ်တပ်ကဟောင်ဝဇ်ဇာလက်နက်တွေ တင့်ကားတွေ သုံးတယ်။ ဒရုန်းကိုသုံးတယ်။ မိုးဗြဲမှာလည်း ကျွန်တော်တို့ တောင့်ခံခဲ့တယ်။ ဒီးမော့ဆိုမှာလည်း တောင့်ခံခဲ့တယ်” ဟုဆိုသည်။
ကရင်နီဒေသထဲဝင်လာသည့် စစ်ကော်မရှင်၏ “ရန်နိုင်မင်း”စစ်ဆင်ရေး
ဒီးမော့ဆိုအပါအဝင် ကရင်နီတပ်များသိမ်းထားသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်ရှိ မြို့/ရွာများကို တန်ပြန်ထိုးစစ်ဆင်သည့် စစ်ဆင်ရေးကို စစ်ကောင်စီဘက်က “ရန်နိုင်မင်း”ဟု အမည်ပေးထားသည်။
ထိုစစ်ဆင်ရေးအတွင်း ဟိုပုံး- ဆီဆိုင်- လွိုင်ကော်ကားလမ်း ၊ ပင်လောင်း- ဆောင်းပြောင်း- ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော်ကားလမ်း၊ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းဒေသ၊ မိုးဗြဲမြို့နှင့် ဒီးမော့ဆိုမြို့ ပြန်သိမ်းထားနိုင်ကြောင်း စစ်ကော်မရှင်တပ်၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်များသည် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်ဘက်က ဒီးမော့ဆို-ဖရူဆိုလမ်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ကရင်နီတော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
ကရင်နီတော်လှန်ရေးတပ်များ၏ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကလည်း စစ်တပ်၏ထိုးစစ်သည် ဖရူဆိုဘက်သို့ ဦးတည်နေသည်ဟုဆိုသည်။
ဖရူဆိုမြို့နယ်တွင် စစ်ကော်မရှင်၏ ခြေမြန်တပ်ရင်းနှစ်ခုနှင့် လေ့ကျင့်ရေးကျောင်းတစ်ခုရှိသည်။ ထိုစစ်စခန်းများကို ကရင်နီတော်လှန်ရေးတပ်များက ပိတ်ဆို့ထားသည်။
မိုးဗြဲမြို့မှ လွိုင်ကော်- ဒီးမော့ဆို- ဖရူဆိုအထိ မြို့များအပါအဝင် ကားလမ်းမကို စစ်ကော်မရှင်တပ် ထိန်းချုပ်နိုင်ပါက ဒီးမော့ဆိုအနောက်ခြမ်းရှိ ကရင်နီတော်လှန်ရေးအင်အားစုများကို ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကရင်နီတော်လှန်ရေးတပ်များနှင့် စည်းခြားလိုက်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း စစ်ရေးလေ့လာသူအချို့က ဆိုသည်။
ဒီးမော့ဆို စစ်မျက်နှာတွင် ကရင်နီတော်လှန်ရေးတပ်များသည် ခုခံစစ်အသွင်တိုက်ခိုက်နေသော်လည်း ဖားဆောင်းမြို့တွင်မူ စစ်တပ်၏ ခလရ (၁၃၅) ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသည်။
ဖားဆောင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် စစ်ကော်မရှင်တပ်သည် ကရင်နီတော်လှန်ရေးတပ် ထိန်းချုပ်သော ခဲသတ္တုထွက်ရာ မော်ချီးကို ဩဂုတ်လ၊ ၁၇ ရက်မှ စတင်၍ ဩဂုတ်လ၊ ၂၀ ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်နေသည်။
မော်ချီးသည် ဖားဆောင်းမြို့အနောက်ဘက် ၁၁ မိုင်ခန့်အကွာတွင် ရှိသည်။ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးတွင် အရပ်သား ၃၂ ဦးအထိ သေဆုံးထားကြောင်း IEC ၏ အချက်အလက်အရသိရသည်။



