စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ပိုင်း ကျေးရွာများကို ယနေ့ (ဩဂုတ် ၂၀ ရက်နေ့) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် ကောလင်းမြို့အရှေ့ဘက်၊ ရွှေဘို – မြစ်ကြီးနား လမ်းဝန်းကျင် ကျေးရွာ များဖြစ်သည့် ခံသာ၊ စွယ်ရ တို့ကို ထောက်ပို့လေယာဉ်အမျိုးစား Y 12 က ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
စွယ်ရရွာလယ် နေအိမ်တစ်လုံးပေါ်သို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုတွင် မိသားစုဝင် သုံးဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ သေဆုံးသူများ၏ အသက်အရွယ်၊ ကျား၊ မ စသည့်အချက် အလက်များကို အသေးစိတ်သိရနိုင်ရန် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ခရိုင်အဆင့် ကောလင်းမြို့မှာ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက် နိုင်ခဲ့သော်လည်း နှစ်လခန့်အကြာ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး မြို့ကို ပြန်လည် ရယူသွားကာ တော်လှန်ရေးအင်အားစုများကမူ ကျေးလက်ဒေသအများစုတွင် နယ်မြေစိုးမိုးထားသည်။
ယနေ့ လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာများမှာ ကောလင်းမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာတွင် ရှိပြီး မြေပြင်စစ်ရေးလှုပ်ရှားမှုလည်းတစုံတရာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။
“ဘာမှ စစ်ရေး လှုပ်ရှားမှုမရှိဘူး။ ဘလိုင်းကြီး လာချတာ။ ခုက ရွာထဲတွေချတာ။ ရွာလယ်ခေါင်တွေတို့၊ ဈေးလယ်ခေါင်တို့ ချတာ”ဟု ကောလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ကောလင်းဒေသတွင် ယခင်က တိုက်ခိုက်ရေးလေယာဉ်များ အသုံးပြုဗုံးကြဲမှုများရှိခဲ့ပြီး ယခုတစ်ကြိမ် တွင် ထောက်ပို့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဂျက်ဖိုက်တာက ၂ လုံးလောက်ချပြီးရင် ပြန်တာလေ။ ဂျက်ဖိုက်တာဆိုရင် ဒါဘယ်နှစ်လုံးချပြီးပြီလို့ လိုက်ရေ(တွက်)နေလို့ရတယ်။ Y 12 ဆိုတော့ မနက်ကဆို တဗြုန်ုးဗြုန်းနဲ့နေတာ။ သူတို့က အများကြီး သယ်နိုင်တော့ အသံနဲ့ကို ကြားရတဲ့သူမှာလည်း တုန်လှုပ်မှု တွေရှိတယ်။ သူက အများကြီး သယ်နိုင်ပြီး တော့ ဒရုန်းတွေမှာချိတ်တဲ့ ဗုံးသီးတွေလိုမျိုးပေါ့”ဟု အထက်ပါ ကောလင်း ဒေသခံက ဆက်ပြောသည်။
ကောလင်းမြို့နယ်အတွင်း ဇူလိုင်လ ဒုတိယပတ်ကလည်း ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းရှိ ဒိုးပင်ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ရှောင်များဖွင့်ထားသည့်ထမင်းဆိုင်အနီး ကျရောက်ပေါက်ကွဲပြီး လေးဦး ဒဏ်ရာ ရရှိကာ ကားနှစ်စီး မီးလောင်ပျက်စီးခဲ့သည်။
စစ်တပ်က စစ်ကိုင်းတိုင်းတွင် ဇူလိုင်လကုန်မှစ၍ မြေပြင်စစ်ကြောင်းလှုပ်ရှားမှုများ တကျော့ပြန်ထိုးစစ် ဆင်နေသည့်နည်းတူ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ်ပြုလုပ်နေရာ လေကြောင်းသတင်းကို မပြတ်နားစွင့်နေရသည်ဟု ဒေသခံများက ပြောသည်။
“ဆက်သွယ်ရေးစက်တွေဖွင့်ထားရတယ်။ ဝေဟင်သတင်းကို အမြဲကြည့်နေရတယ်။ ဝေဟင်က တက်လာ လို့ ဥပမာ မောင်းကုန်းတို့ဘက်ရောက်ပြီဆိုရင် လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ ဝီရိယနဲ့ကြိုပြီး အိမ်ပေါ်ကနေဆင်းပြီးတော့ ချိုင့်ထဲ လျိုထဲကိုဆင်းပြေးရတယ်။ လုံခြုံမယ်လို့ ထင်တဲ့နေရာပေါ့။ ဘေးနားကျတာတို့ ၊ တည့်တည့်ကျတာတို့ဆိုရင်တော့ ကံပေါ့” ဟု အထက်ပါ ကောလင်းဒေသခံက ပြောသည်။
ယခု ဩဂုတ် ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ပတ်တာအတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင်အရပ်သားများကိုပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၅၁ ခုရှိခဲ့ပြီး အရပ်သား ၈၆ ဦး သေဆုံးကာ ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ ပြောသည်။




