ယခုရက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း ၁၅ မြို့နယ်ထက်မနည်းကို စစ်တပ်က စစ်ကြောင်းထိုးနေရာ နေအိမ် များမီးရှို့ခြင်း၊ အရပ်သားများသတ်ဖြတ်ခြင်း ၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းများအပြင် ပစ္စည်းများကို အဓမ္မယူဆောင်ပြီး စစ်တပ်အထိုင်ချထားသော ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာစုဆောင်းနေကြောင်း ဒေသခံများထံက စုံစမ်းသိရှိသည်။
ယင်းမာပင်နှင့် ပုလဲမြို့နယ်တွင်း စစ်တပ်သည် ရိက္ခာပြတ်လပ်နေသည့် ပြည်သူ့စစ်ခေါ် ပျူစောထီးရွာ များဖြစ်သည့် ပုလဲမြို့နယ် အင်မထီးနှင့် ဇီးဖြူကုန်းရွာ ၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူရွာများသို့ ရိက္ခာ ဖြည့်တင်းနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
“ငှက်ပျောတောတောင် ရွာကနေ ပစ္စည်းတွေသယ်ကြတာ လှည်းတွေ လူတွေနဲ့ပေါ့။ ဆန်စက်၊ ဆီစက်လည်သံ တွေလည်း ကြားရတယ်။ ငှက်ပျောတောမြောက်ရွာကနေလည်း ဆိုလာပြားတွေ သယ်သွားကြ တာရှိတယ်” ဟု အဆိုပါကျေးရွာများအနီးမှ ဆင်ရှင်ရွာသားတစ်ဦးက ဆိုသည်။
ပုလဲမြို့နယ်စစ်ကြောင်းသည် ယနေ့ နံနက်တွင် အိုင်းမရွာတွင် ရှိနေပြီး ငှက်ပျောတော ကျေးရွာတွင်လည်း နေအိမ်အချို့ မီးရှို့သွားကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦး က ပြောသည်။
အဆိုပါစစ်ကြောင်းသည် ငှက်ပျောတောရွာတွင် ယခုလ၊ ၁၆ ရက်နေ့မှ ယနေ့၊ နံနက်အထိ လေးရက်ကြာ တပ်ထိုင်ပြီး ရွာအတွင်း ကျန်ခဲ့သူများဖြင့် ဆန်စက် ၊ ဆီစက်များကို လည်ပတ်ကာ ရိက္ခာစုဆောင်းခြင်း ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက သုံးသပ်သည်။
“ကျွန်တော်တို့နေတဲ့ တောထဲကနေ စက်သံတွေကြားနေရတယ်။ ရဲဘော်တွေ ကင်းထောက် ကြည့်တော့လည်း စက်တွေ လည်နေတာ သိရတယ်။ ရွာထဲတချို့ မထွက်နိုင်လိုက်တဲ့သူတွေ အကူအညီနဲ့ လည်ပတ်တာ ဖြစ်နိုင်တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
ထိုနည်းတူ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာအထိုင်တပ်မှ စစ်ကြောင်းတစ်ခုသည် ယင်းမာပင်မြို့နယ် အတွင်းနှင့် ကနီမြို့နယ် အစပ်နေရာများတွင် စစ်ကြောင်းထိုးနေပြီး ဒေသခံများ၏ ပစ္စည်းများကို အဓမ္မ ယူဆောင်နေကြောင်း ယင်းမာပင်ဒေသခံ တော်လှန်ရေးသမားတစ်ဦးက ပြောသည်။
ထိုစစ်ကြောင်းသည် ပျူစောထီးများနှင့်အတူ အင်အား ၁၀၀ ခန့်ဖြင့် ဩဂုတ်လ၊ ၁၆ ရက်နေ့က ဘန့်ဘွေးရွာမှ မုံရွာ- ယာကြီး- ကလေးဝလမ်းအတိုင်း အနောက်အရပ်သို့ စစ်ကြောင်းထိုးထွက်ခွာရာ တရော်ကျင်းရွာ အရောက် ပြည်သူပိုင်နေအိမ်များမှပစ္စည်းများအား ကျေးရွာအနီးဝးန်ကျင်ရှိ ထော်လာဂျီများကို ချောဆွဲကာ ဘန့်ဘွေးပျူရွာသို့ သယ်ဆောင်ကြကြောင်း ဒေသစစ်ရေးသတင်းများကို မျှဝေပေးနေသော အဖွဲ့အစည်းဖြစ်သည့် ရင်းမြစ်ဌာနေက ယမန်နေ့က ထုတ်ပြန်ထားသည်။
မုံရွာမြို့ပေါ်သို့ စျေးဝယ်သွားသည့် ကားတစ်စီးအား မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းတစ်နေရာတွင် အဆိုပါ စစ်သားများက တားဆီးစစ်ဆေးကာ ရိုက်နှက်မှုများ ကျူးလွန်ခဲ့သည့်အပြင် ငွေကျပ်ငါးသိန်း တောင်းယူသွားကြောင်းလည်း သိရသည်။
စစ်တပ်သည် ပျူရွာများကို လက်နက်တပ်ဆင်ပေးထားရာ အဆိုပါ ကျေးရွာများတွင် ရိက္ခာပြတ်လပ်ပါက ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရိက္ခာများ လာရောက်ယူလေ့ရှိကြောင်းလည်း ပုလဲမြို့နယ်တပ်ရင်းတစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည်။
“ပျူရွာတွေက တော်တော်ကို ဒုက္ခပေးတာ။ သူတို့ ရိက္ခာပြတ်တိုင်း အနီးကရွာတွေဆီ လာခိုးတာပဲ” ဟု ၎င်းက ဆိုသည်။
အင်မထီးနှင့် ဇီးဖြူကုန်း ပျူရွာများသည် ပတ်ဝန်းကျင်ရွာများသို့ ရိက္ခာထွက်ရှာရာတွင် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များနှင့် ထိတွေ့မှုရှိသည့်အတွက် နောက်ပိုင်းတွင် အထွက်နည်းလာပြီး ရိက္ခာ ပြတ်လပ် သည်အထိ ရှိခဲ့ကြောင်းလည်း အင်မထီးရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့လည်း လချီပြီး ထမင်းမစားရတာရှိတယ်။ ဆန်လေးနည်းနည်းတော့ ပါတာပေါ့။ ပဲစဉ်းငုံနဲ့ ချက်စားရတာ” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
အင်မထီးရွာ၏ အနောက်ဘက်၊ သုံးမိုင်ခန့်အကွာတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထိန်းချုပ်ထားသည့် ကန့်ဒေါင့်ကျေးရွာတည်ရှိပြီး ဇီးဖြူကုန်းပျူရွာမှာ ယင်းမာပင်မြို့အနောက်ဘက် ၁၀ မိုင်ကျော် အကွာတွင် တည်ရှိသည်။
ပုလဲနယ်အတွင်း စစ်ရေးပြင်းထန်နေပြီး စစ်လေယာဉ်တစ်စီး ပစ်ချခံခဲ့ရသော ကန်ဒေါင့်ရွာကိုလည်း စစ်တပ်က ပြန်လည်ရယူရန် ကြိုးပမ်းနေသည်။
ယခုလဆန်းမှစ၍ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း ၁၅ မြို့နယ်ထက်မနည်း စစ်ကြောင်းများ ထိုးကာ စစ်ရေးလှုပ်ရှားမှုများရှိနေချိန် ဩဂုတ်လ၊ ၁၇ ရက်နေ့တွင် ရွှေဘိုမြို့နယ်တွင်း ဝင်ရောက်နေသော စစ်ကြောင်းတစ်ခုက အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။



