ကရင်နီတော်လှန်ရေးတပ်များ ဝင်ရောက်တပ်စွဲခဲ့သော ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့ကို ပြန်သိမ်းနိုင်ရန် စစ်ကော်မရှင်တပ်က စစ်ကြောင်းပြန်ထိုးလာကြောင်း ကရင်နီတော်လှန်ရေးတပ်များ ထံမှသိရသည်။
ဒီးမော့ဆိုသည် စစ်ကော်မရှင်တပ် ထိန်းချုပ်သော ပြည်နယ်မြို့တော် လွိုင်ကော်၏ အနောက်တောင်ဘက် ကိုး မိုင်ကျော် အကွာတွင်ရှိသည်။
ဒီးမော့ဆိုမြို့အရှေ့ဘက်တွင် စစ်တပ်၏ ခလရ (၁၀၂) တပ်နှင့် ခမရ (၄၂၇) တပ်ရင်း ၂ ရင်းရှိပြီး အဆိုပါတပ်ရင်း ၂ ရင်းမှ တပ်ဖွဲ့ဝင်များသည် စစ်ကြောင်း လေး ကြောင်းခွဲကာ ဩဂုတ်လ၊ ပထမပတ်မှ စတင်၍ ဒီးမော့ဆိုမြို့ထဲ ဦးတည်လာခြင်းဖြစ်ကြောင်း ကရင်နီပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ဆိုသည်။
(KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ခံ တာအယ်စိုးက “ဒီးမော့ဆိုမြို့ရဲ့ စည်ပင် ရပ်ကွက်တွေထဲကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီးတော့ ဗျူဟာအရ အချက်အချာကျတဲ့ တောင်ကုန်းတွေ ၊ တောင်စွယ်တွေအထိ တပ်စွဲထားတာရှိပါတယ်” ဟုဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်များအကြား ဩဂုတ်လ၊ ၈ ရက်နေ့မှ စတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်နေကြောင်း ၎င်းက ဆိုသည်။

စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများ လုပ်နေသဖြင့် လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ကားလမ်းအပါအဝင် အဆိုပါ ကားလမ်းပေါ်တက်မည့် လမ်းသွယ်များအား ဩဂုတ်လ၊ ၁၀ ရက်နေ့မှ စတင်ကာ ပြည်သူများ အသုံးမပြုကြရန် KNDF က သတိပေးထားသည်။
ဩဂုတ်လ၊ ၈ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း KNDF တပ်ရင်း (၃၄) မှ ဒုတပ်စုမှူး တစ်ဦး သေဆုံးထားကြောင်း အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားသည်။
ထို့အပြင် ဒီးမော့ဆိုမြို့ပေါ်သွားသည့် အရပ်သား နှစ် ဦးကိုလည်း စစ်ကော်မရှင်တပ်က ပစ်သတ်ခဲ့ကြောင်း ကရင်နီပြည်နယ်သတင်းများ ဖော်ပြနေသည့် ကန္တာရဝတီတိုင်းမ်သတင်းဌာနက ရေးသားသည်။
စစ်ကော်မရှင်တပ်သည် ဒီးမော့ဆိုမြိုပေါ်တွင် စစ်ကြောင်းပြန်ထိုးနေသလို လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ကြားက လယ်ကွင်းများတွင်လည်း စစ်ရေး လှုပ်ရှားနေကြောင်း KNDF ဘက်ကဆိုသည်။
ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း စစ်ကော်မရှင်တပ်သည် လွိုင်ကော်- ဒီးမော့ဆိုကားလမ်းကို ထိန်းချုပ်ထားပြီး ဒီးမော့ဆိုမြို့တွင် ဆုံးရှုံးသွားသည့် ကာကင်းစခန်းများကို စစ်ကြောင်းပြန်ထိုး၍ ရယူထားကြောင်း Myanmar Now ကိုပြောသည်။
“ဒီးမော့ဆိုနဲ့ပတ်သက်ရင် တစ်လေးလုံးလို့ပြောလို့ ရတာပေါ့။ အဲဒီကာလတုန်းက တပ်ပေါင်းစုတွေအနေနဲ့ ကာကင်းတွေအကုန်လုံးကို ရှင်းထုတ်နိုင်ခဲ့တယ်။ သူတို့ရဲ့ တပ်ရင်း ၂ ရင်းကို ထိုးစစ်ဆင်ဖို့ မလုပ်လိုက်ဘူးပေါ့။ အခုကျတော့ သူတို့က ကာကင်းအနေနဲ့ လက်လွှတ်လိုက်ရတဲ့ နေရာတွေကို ပြန်ကာချင်တဲ့အနေအထားမျိုး၊ ဖရူဆို- ဘော်လခဲ- ဖားဆောင်းဘက်ကို စစ်ကြောင်းထိုးလာနိုင်တဲ့ အနေအထားမျိုးလို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးလာမှုနှင့်ပတ်သက်၍ ကရင်နီတော်လှန်ရေးတပ်များဘက်က ခံစစ်အနေအထားဖြင့် တိုက်ခိုက်နေကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“ကျွန်တော်တို့က အခုလောလောဆယ်တော့ ခွာစစ်ပဲ လုပ်လို့ရတာပေါ့။ ထိုးစစ်ပုံစံနဲ့ ကျွန်တော်တို့မလုပ်နိုင်ဘူးပေါ့။ အခုက ဒရုန်းတွေ လက်နက်ကြီးတွေ အဆမတန်သုံးလာတဲ့ အခြေအနေဖြစ်တယ်” ဟုဆိုသည်။
စစ်ကော်မရှင်တပ်သည် ဒီးမော့ဆိုကို အပြည့်အဝ ထိန်းချုပ်နိုင်ပါက ဒီးမော့ဆိုတောင်ဘက်ရှိ ဖရူဆိုမြို့ကို ဆက်လက်ထိုးစစ်ဆင်လာနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်နှင့် နီးစပ်သူများက ခန့်မှန်းသည်။
ဖရူဆိုမြို့နယ်တွင် စစ်ကော်မရှင်၏ ခမရ (၅၃၁) ၊ ခမရ (၄၂၈) တပ်ရင်း ၂ ရင်းနှင့် အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းရှိပြီး ကရင်နီတော်လှန်ရေးတပ်များ၏ ပိတ်ဆို့ဝန်းရံမှု ခံထားရသည်။
ကရင်နီတော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေတွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း စစ်ကော်မရှင်တပ်သည် ဒီးမော့ဆိုမြို့တွင် ရွေးကောက်ပွဲလုပ်နိုင်ရေး စိုးမိုးနယ်မြေတိုးချဲ့ရန် စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
စစ်တပ်စစ်ကြောင်းများ ရှေ့တိုးလာပါက ဒေသခံများ နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဘက်မှ စစ်ရှောင်လာကြသူများပါ ထပ်မံ စစ်ရှောင်ရမည့် အခြေအနေရှိကြောင်း ကရင်နီတော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေတွင် နေထိုင်သည့် ဒေသခံ အချို့က ဆိုသည်။
ဒီးမော့ဆို စစ်ဂွင်တွင် ကရင်နီတော်လှန်ရေးတပ်များသည် ခုခံစစ်အသွင်တိုက်ခိုက်နေသော်လည်း ကရင်နီပြည်နယ်တွင်း သံလွင်မြစ်ကူးတံတားရှိရာ ဖားဆောင်းမြို့တွင်မူ စစ်တပ်၏ ခလရ (၁၃၅) ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသည်။



