တနင်္သာရီတိုင်း၊ မုတ္တမကမ်းလွန်ရှိ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကြီး သုံး ခုမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တနင်္သာရီတိုင်းအတွင်း ဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ သယ်ယူပို့လွှတ်ပေးနေသည့် ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်တွင် နိုင်ငံတောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှု တစ်စထက်တစ်စ ကျယ်ပြန့်လာနေသည်။
မုတ္တမကမ်းလွန်ရှိ ဒေါ်လာဘီလျံချီတန်ကြေးရှိသော ရတနာ၊ ရဲတံခွန်၊ ဇောတိက အမည်ရစီမံကိန်း သုံး ခုမှ ကုဗပေသန်းချီပမာဏရှိ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းကြီးများဖြင့် နေ့စဉ် သယ်ယူတင်ပို့နေခြင်းဖြစ်သည်။
ထိုသို့တင်ပို့ရာတွင် ဓာတ်ငွေ့များကို မုတ္တပင်ကမ်းလွန် ပင်လယ်ရေအောက်ပိုက်လိုင်းဖြင့် သယ်ဆောင်ပြီး မိုင်ပေါင်း ၄၀ ကျော်ရှည်လျားသော ကုန်းပေါ်ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှ ကလိန်အောင်မြို့အရှေ့ဘက်မှ မြန်မာ- ထိုင်းနယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ပို့လွှတ်ခြင်းဖြစ်သည်။
စစ်အာဏာသိမ်း လေး နှစ်ကျော်အတွင်း မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်၍ နယ်စပ်ဒေသကို ထိန်းချုပ်လာနိုင်သလို ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်တွင်လည်း နယ်မြေစိုးမိုးမှု ပိုရလာကြောင်း ကရင်အမျိုးသားအစည်းရုံ(KNU)၏ မြိတ်- ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက Myanmar Now ကို ပြောသည်။
“စစ်ကောင်စီ ပြီးတော့ စစ်ကောင်မရှင်ပေါ့နော်။ ဂက်စ်ပိုက်လိုင်းလုံခြုံရေးက သူတို့က အာမခံချက် ပေးမနိုင်ဘူးပေါ့နော်။ အဲဒါ ၂၀၂၄ ကတည်းကပေါ့။ ၂၀၂၅ ကြတော့ သူတို့က ပိုပြီးတော့ လက်လွတ်သွားတယ်။ အဲ့ဒီနေရာကို သူတို့လုံခြုံရေးထိန်းနိုင်တာက ပင်လယ်မြေနဲ့ ပင်လယ်ကမ်းခြေ နည်းနည်းလေးပဲ။ အဲဒီလောက်ပဲ သူတို့လုံခြုံရေး အာမခံချက်ပေးနိုင်တော့တယ်” ဟု ၎င်းက ပြောသည်။
ရေး- ထားဝယ် အမှတ် ၈ လမ်းမကြီးသည် ထိုင်းဓာတ်ငွေ့ပိုက်လိုင်းတည်ရှိရာ၊ ရေဖြူမြို့နယ်အတွင်းမှ ဖြတ်သန်းဖောက်လုပ်ထားပြီး ထိုလမ်းမကြီးအရှေ့ဘက်အခြမ်းတစ်လျှောက် ထိုင်းနယ်စပ်ဒေသအထိ KNU တပ်မဟာ ၄ နှင့် အခြားသော တော်လှန်ရေးတပ်များက စိုးမိုးထားသည်ဟု ၎င်းက ပြောသည်။
သို့သော်လည်း ရေဖြူမြို့နယ် ထိုင်းနယ်စပ်ရှိ ပိုက်လိုင်းလုံခြုံရေးစခန်းများအဖြစ် နတ်အိမ်တောင်နှင့် အမြောက်ကုန်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန်ကျန်နေသေးသည်ဟု သိရသည်။ အမှတ် ၈ လမ်း၏ အနောက်ဘက်ခြမ်းတွင် ကမ်းခြေအထိ စစ်ကောင်စီ စိုးမိုးထားသလို အခြားသော တော်လှန်ရေးတပ်များ လှုပ်ရှားမှုရှိကြောင်း သိရသည်။

စစ်ကောင်မရှင်အသွင်ပြောင်း စစ်ကောင်စီတပ်က နတ်အိမ်တောင်စခန်းကို အင်အားဖြည့်တင်းခြင်း၊ စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်နေသည်။
ဩဂုတ်လ၊ ၄ ရက်နေ့တွင် ထိုစခန်းကို စစ်ကူဖြည့်တင်းသည့် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ၄၅ မိနစ်ကြာတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ လေး ဦးသေဆုံးကာ ဆုတ်ခွာသွားကြောင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားသည်။
နယ်မြေစိုးမှုများကျယ်ပြန့်လာချိန် ပိုက်လိုင်းစီမံကိန်းနှင့် နယ်စပ်ကုန်သွယ်ရေးကို KNU က ချမှတ်သည့် မူဝါဒများအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး ထိုမူဝါဒမှာ နှစ်ဦးနှစ်ဖက်အပြန်လှန်ဆက်ဆံရေး၊ လူထုအကျိုးခံစားခွင့် ရှိရေးဆိုသည့် အချက်များပေါ်တွင် အခြေခံစဉ်းစားမည်ဟု ပဒိုစောအယ်နားက ပြောသည်။
သို့သော် ထိုဒေသတွင် အခြားသောတော်လှန်ရေးအင်အားစုများ၏ စီမံကိန်းအပေါ် သဘောထားများ ကွဲပြားမှုရှိနေသည်။
KNU က ခွဲထွက်ခဲ့သည့် ကော်သူးလေတပ်မတော်(KTLA) သည် ထိုပိုက်လိုင်းကို ထိန်းချုပ်ထားနိုင်ပြီး ဓာတ်ငွေ့ဝင်ငွေများသည် အာဏာသိမ်းစစ်ကောင်စီထံ စီးဆင်းနေခြင်းကြောင့် ပိုက်လိုင်းကိုပိတ်ရန်၊ ဖျက်ဆီးရန် စဉ်းစားနေကြောင်း ဩဂုတ်လ၊ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံအခြေစိုက်၊ ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ထို့ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများ ခြိမ်းခြောက်မှုခံနေရပြီး ပဋိပက္ခများသည် ထိုင်းနိုင်ငံအား ရိုက်ခတ်လာမည်ကို စိုးရိမ်မှုများရှိကြောင်း ထိုသတင်းတွင် တွေ့ရသည်။
စီမံကိန်းနှင့် ပတ်သက်၍ ထိုင်းဘက်ကထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို ပိုက်လိုင်းကိုပိတ်ပင်ရန်၊ ဖျက်စီးရန်ဟူသော ပြောဆိုချက်သည် KNU နှင့် မဆိုင်ကြောင်း ပဒိုစောအယ်နားက ပြောသည်။
ပိုက်လိုင်းတစ်လျှောက် တော်လှန်ရေးတပ်များစိုးမိုးလာသည်နှင့် ထိုစီမံကိန်းများသည် စစ်ကောင်စီကို အကျိုးအမြတ်ရစေသည်ဟု ယူဆက စိတ်လိုက်မာန်ပါ ပြုမှုများကို ထိုင်းဘက်က စိုးရိမ်မှုရှိနိုင်ကြောင်း လျှပ်စစ်စွမ်းအင်နှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သို့သော် တောင်ပိုင်းဒေသမှ တော်လှန်ရေးအင်အားစုများသည် လက်နက်နှင့် ရိက္ခာအတွက် ထိုင်းကို အမှီပြုနေရသဖြင့် အကျိုးစီးပွားထိခိုက်ပါက တန်ပြန်ပိတ်ဆို့ခြင်း၊ ထိုင်းအမျိုးသားရေးအုပ်စုများ၏ လက်စားချေခြင်း၊၊ ဂွင်ကောင်းကိုစောင့်၍ စစ်ကောင်စီက တော်လှန်ရေးတပ်များကို တိုက်ခိုက်ခြင်းအား ထည့်သွင်းစဉ်းစားရမည်ဟု ၎င်းက ဆိုသည်။
“ထိုင်းရဲ့မူလသဘာဝအရက ကရင်အဖွဲ့တွေနဲ့ နောက်ကွယ်မှာ အဆက်အဆံ ရှိတတ်ကြပါတယ်။ အရင်ကထဲကပေါ့။ လုံးဝကြီး နယ်မြေစိုးမိုးထိန်းချုပ်တဲ့အခါမှာ သိပ်ပြီး မျက်နှာသာပေး ဆက်ဆံတာမျိုးတော့ လုပ်မှာ မဟုတ်ပါ။ သူတို့ဘက်ကနေ ပြန်ပြီးပိတ်ဆို့တာ အကြပ်ကိုင်တာ အခြားနည်းမျိုးစုံနဲ့ စကစကို ပြန်ကူတာတွေ လုပ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပိုက်လိုင်းများ ထိခိုက်မှုဖြစ်ပါက ဓာတ်ငွေ့ပို့လွှတ်မှု ပြတ်တောက်ပြီး လျှပ်စစ်ဓာတ်အားစက်ရုံများလည်း လည်ပတ်ရန် ထိခိုက်နိုင်ကြောင်း၊ တစ်ဆက်တည်းတွင် ထိုလုပ်ငန်းများတွင် အဓိကရင်းနှီးလုပ်ကိုင်သည့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၏ စီးပွားရေးအပေါ် ရိုက်ခတ်နိုင်ကြောင်း ၎င်းက ပြောသည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို စစ်အုပ်ချုပ်ရေးအောက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အချို့ပိုက်လိုင်းများသည် ၁၉၉၇ ခုနှစ်မှစ၍ ၁၇ နှစ်ခန့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုသို့သော အခြေခံအဆောက်အဦ များ တည်ဆောက်ရန် ငွေကြေးအနည်းငယ်သာ တတ်နိုင်သော အချိန်အခါဖြစ်ရာ နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံစေခဲ့ရပြီး အပြန်အလှန်အားဖြင့် အကျိုးအမြတ်များများရနိုင်သော ရှယ်ယာဝေစုများများ ပေးခဲ့ရသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်ဆဲ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုသာရှိပြီး ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချလျက်ရှိသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာရေနံကုမ္ပဏီကြီးများ ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံအောက်ပိုင်း၊ မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်း သုံး ခုလုံးကို ထိုင်းကုမ္ပဏီများက ဦးဆောင်လုပ်ကိုင်ခွင့်ရပြီး ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ထိုင်းသို့ တင်ပို့ရောင်းချရာတွင်လည်း ထိုကုမ္ပဏီများသာ ခြယ်လှယ် ခွင့်ရှိနေသည်။
ရတနာနှင့် ဇောတိကစီမံကိန်းကို PTT ကုမ္ပဏီ၊ ရဲတံခွန်စီမံကိန်းကို ထိုင်းအခြေစိုက် Northern Gulf Petroleum လုပ်ကိုင်နေသည်။



