အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သိမ်းထားသည့် မြို့များကို တရုတ်ဖိအားဖြင့် ပြန်လွှဲပေးရန် မရှိဟု AA ပြော

ရခိုင် ၁၄ မြို့နယ်နှင့် ချင်းတစ်မြို့နယ် သိမ်းထားသည့် AA က တရုတ်နိုင်ငံဖိအားဖြင့် သိမ်းထားသည့် မြို့ ရွာများကို ပြန်ပေးရန် မရှိကြောင်း ပြောသည်။

အာရက္ခတပ်တော်(AA) အနေဖြင့် သိမ်းပိုက်အုပ်ချုပ်နေသော မြို့၊ရွာများကို တရုတ်အစိုးရ၏ဖိအားဖြင့် ပြန်လွှဲပေးရန် မရှိဘဲ တစ်ပြည်နယ်လုံးကိုသိမ်းမည့် ရည်မှန်းချက်အတိုင်း ဆက်သွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွင် ကျန်နှစ်ဖွဲ့သည် တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စွန့် လွှတ်ရသလို စစ်တပ်၏ ထိုးစစ်ကြောင့် နောင်ချိုမြို့ကို ပြန်ပေးလိုက်ရသည်။

ထိုဖြစ်စဉ်များ ပေါ်ပေါက်လာပြီးနောက် AA သည်လည်း  တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသော ကျောက်ဖြူမြို့ကို သိမ်းရန် ရှိ မရှိနှင့် တရုတ်ဖိအားရင်ဆိုင်ရခြင်း ရှိ မရှိ မေးခွန်းများ ပေါ်ထွက်လာသည်။

ရခိုင်တွင်လည်း ထိုကဲ့သို့ဖြစ်ပေါ်လာနိုင်သလားဟု ယနေ့၊ (သြဂုတ်လ၊ ၁၁ ရက်နေ့) ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်  Myanmar Now ၏ မေးမြန်းမှုအပေါ် ၎င်းက ထိုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။

“မြို့တချို့ကို ပြန်ပေးမလားဆိုတဲ့ကိစ္စတွေ ဒီဟာတွေကတော့ ဟိုဘက်မှာပြန်ပေးလိုက်တိုင်း ဒီဘက်မှာ ပြန်ပေးမှာလားဆိုတဲ့ အတွေးမျိုးကတော့ အားလုံးထပ်တူကျမှာတော့ မဟုတ်ပါ။ ဒီဟာမှာက ဥပမာ ကျွန်တော်တို့ ညီနောင်မဟာမိတ်အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ကြားမှာ မတူညီတဲ့နောက်ခံအခြေအနေတွေ တချို့လည်း ရှိပါတယ်။ အဲဒါကြောင့်လည်း မြို့တွေကိုပြန်ပေးလိုက်ဖို့လားဆိုတဲ့ မေးခွန်းကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်”ဟု ၎င်းက ဆိုသည်။

AA အနေဖြင့် စတင်တည်ထောင်စဥ်ကပင် ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းပိုက်ပြီး ရခိုင်ပြည်သူလူထု လက်ထဲသို့ ပို့ပေးမည့်အစီအစဥ် ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ယနေ့ ထပ်ပြောသည်။

“ဒီနေ့အချိန်ခါလည်း အာရက္ခပြည်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး ကျွန်တော်တို့ချမှတ်ထားတဲ့ ပန်းတိုင်ကို ကျွန်တော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဥ်နဲ့ ကျွန်တော်တို့ ဂိတ်ဆုံးရောက်အောင်အထိ ဆက်လက် ချီတက်သွားဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ အမှတ် (၃၂)၊ ရဲတပ်ရင်းအနီးနှင့် ဓညဝတီရေတပ်ဌာနချုပ် အနီးတို့တွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

“ကျောက်ဖြူတိုက်ပွဲ အချိန်ကြာနေတယ်ဆိုတာက ကျွန်တော်တို့ အကြောင်းအမျိုးမျိုးရှိပါတယ် ။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဆက်လက်ပြီး တသွေမသိမ်းလုပ်ဆောင်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်တပ်က ပေါက်တော၊ ပုဏ္ဏားကျွန်း နှင့် ရသေ့တောင်မြို့နယ်တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိနေသည်။

AA သည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ၊ ၁၃ ရက်နေ့မှစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့ကို သိမ်းပိုက်ထားသည်။ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

၎င်းတို့သိမ်းရန် ကျန်ရှိသည်မှာ ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိ တော့သည်။ 

၂၀၂၄၊ ဖေဖော်ဝါရီက ကျောက်တော်မြို့သိမ်းတိုက်ပွဲတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- AA Info Desk)

တရုတ်ဖိအားဆိုတာ ဘာလဲ


တအာင်းတပ်(TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် AA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃၊ အောက်တိုဘာလ၊ ၂၇ ရက်နေ့မှ စတင်ကာ ရှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ရှမ်းမြောက်တစ်ခုလုံးနီးပါး စစ်တပ်က လက်လွှတ်ခဲ့ရသည်။ ရခိုင်ဒေသတွင်လည်း ပြည်နယ်၏ ၁၄ မြို့နယ်ကို AA က သိမ်းနိုင်ခဲ့သည်။

စစ်တပ်က လက်လွှတ်လိုက်ရသော မြို့များကို တရုတ်ဖိအားဖြင့် ပြန်ရယူရန် ကြိုးပမ်းနေရာ ကိုးကန့်တပ်သည် ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော လားရှိုးမြို့ကို လက်လွှတ်လိုက်ရသည်။  ဆက်လက်ပြီး သိန္နီ မြို့ကိုလည်း လက်လွှတ်ရမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကိုးကန့်တပ်များက ဆက်ရှိနေသည်။ 

TNLA သည်လည်း နောင်ချိုမြို့ကို လက်လွှတ်ရပြီးနောက် ၎င်းတို့ ထိန်းချုပ်သည့် မိုးကုတ်၊ သီပေါ၊ ကျောက်မဲမြို့များကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေရာ TNLA အနေဖြင့် စစ်ရေးဖိအားနှင့် တရုတ် နိုင်ငံဖိအားတို့ကို တပြိုင်တည်း ရင်ဆိုင်နေရသည်။

လာမည့် ဩဂုတ်လကုန်တွင် TNLA တပ်သည် စစ်တပ်နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံရန် ရှိနေ သည်။ 

၂၀၂၃၊ အောက်တိုဘာလက စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံဘက်ကမူ မြန်မာ့အရေးဝင်ရောက်စွက်ဖက်မှု မရှိကြောင်း ယခုနှစ်၊ ဧပြီလ၊ ၂၁ ရက်နေ့က ပြုလုပ်သော တရုတ်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ထားသည်။

လားရှိုးမြို့အရေး တရုတ်နိုင်ငံ၏ စွက်ဖက်မှုများရှိနေသည်ဟု AFP သတင်းဌာန၏ မေးမြန်းချက်အပေါ် အခြားနိုင်ငံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒအား လိုက်နာ၍ အိမ်နီးချင်းနိုင်ငံကို ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက် ပေးခြင်းသာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ထားသည်။

Related Articles

Back to top button