သတင်း

KBZ နှင့် AYA ဘဏ်ဝန်ထမ်းများ အလုပ်ဆင်းရန် ဖိအားပေးခံနေရ 

ဘဏ်များဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးလျက်ရှိသည့်နည်းတူ ပုဂ္ဂလိကဘဏ်တချို့ကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဘဏ်ဝန်ထမ်းများကို အလုပ်ပြန်ဝင်ဖို့ ဖိအားပေးလာသည်။  

ပြီးခဲ့သည့် မတ်လမှ စတင်က CDM ဘဏ်ဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် ဖိအားပေးခံလာရခြင်းဖြစ်ပြီး သင်္ကြန်အပြီးတွင် ထပ်မံ ခြိမ်းခြောက်ဖိအားပေးလာခြင်းဖြစ်သည်။

“SMS ပို့လာတယ်။ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး သတင်းပို့ဖို့နဲ့ ၂၉ ရက်နေ့ နောက်ဆုံးထားအလုပ်ဝင်ဖို့၊ မဝင်ရင် အရေးယူသွားမယ်ဆိုပြီး ပါတယ်။ အဲ့ဒါအပြင် သူတို့က မလိမ့်တပတ်နဲ့ ၂၉ ရက်နေ့မတိုင်ခင်မှာ နုတ်ထွက်ခွင့်တင်ပြနိုင်တယ်ဆိုပြီးတော့လည်း ပါတယ်” ဟု ကမ္ဘာဇဘဏ်မှ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ကမ္ဘောဇဘဏ်က ဘဏ်ဝန်ထမ်းများထံ ဧပြီ ၁၈ က ပေးပို့သည့် SMS တွင် ဗဟိုဘဏ်၏ညွှန်ကြားချက်အရ ဧပြီ ၂၉ တွင် အလုပ်ပြန်ဝင်ရမည်ဖြစ်ပြီး အလုပ်ပြန်ဝင်ခြင်း မရှိပါက အလုပ်သမားဥပဒေ၊ ဗဟိုဘဏ်က ညွှန်ကြားသည့် လမ်းညွှန်ချက်များအတိုင်း ကမ္ဘောဇဘဏ်၏ HR စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ထို့အတူပင် ဧရာဝတီဘဏ် (AYA) သည်လည်း သင်္ကြန်မတိုင်ခင်ကပင် CDM ဘဏ်ဝန်ထမ်းများ ရုံးပြန်တက်ရန် ဖိအားပေးနေသည်ဟု သိရသည်။ 

“ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထားအကြောင်းကြားပေးဆိုတာမျိုး၊ ၂၆  ရက်နေ့မှ ရုံးမတက်ရင် အလုပ်ထုတ်မယ်ဆိုပြီး ဖိအားပေးခံနေရတယ်။ တရားဝင်စာထွက်တာမျိုး မဟုတ်ဘူး။ တရားဝင်စာမှာက ၂၃ ရက်အထိ ခွင့်မဲ့ပေးမယ်ဆိုပြီး ပြောထားတယ်” ဟု ဧရာဝတီဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအနေဖြင့် အစိုးရဝန်ထမ်းများနည်းတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များပြုလုပ်နေပြီး ထောင်နှင့်ချီသည့်ဘဏ်များ ပိတ်ထားရသည်။ 

မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့်စာထုတ်ကာ ဘဏ်များ မဖွင့်လှစ်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စတင်ဖိအားပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက် ပိုမိုပြင်းထန်သည့် ဖိနှိပ်အရေးယူမှုများ၊ ဒဏ်ကြေးကောက်ခံမှုများပြုလုပ်ခဲ့ပြီး CDM ဝင်သည့် ဘဏ်ဝန်ထမ်းများကိုပါ အရေးယူရန် ဘဏ်များကို ဖိအားပေးလာခဲ့သည်။

CDM ပြုလုပ်နေသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများကမူ စစ်အာဏာရှင်စနစ်ကျဆုံးပြီး တော်လှန်ရေးအောင်မြင်သည်အထိ CDM ဆက်လုပ်သွားမည်ဟု ဆိုသည်။

“တခြားအဆင်မပြေတဲ့သူတွေ၊ တောင့်မခံနိုင်တော့တဲ့သူတချို့တော့ အလုပ်ပြန်တက်နိုင်ပါတယ်။ သူတို့ပြောသလို့ အလုပ်ထွက်တာမျိုးလည်း မလုပ်ဘူး။ CDM ပဲ ဆက်လုပ်သွားမယ်။ ငွေရေးကြေးရေး အဆင်ပြေတဲ့သူမဟုတ်ပေမဲ့ တခြား ကိုယ့်ထက် အဆင်မပြေတဲ့သူတွေတောင် လုပ်နေတာပဲ” ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဘဏ်များ ပြန်ဖွင့်ရန် ကြိုးစားနေသော်လည်း ဝန်ထမ်းများ၏လုပ်ငန်းခွင်လုံခြုံရေး အာမခံချက်မရှိသည့်အပေါ် စိုးရိမ်ရသည်ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ကိုရီးယားဘဏ်ဝန်ထမ်းအမျိုးသမီး ပစ်သတ်ခံရသည့်ကိစ္စကို နမူနာပြ၍ ပြောသည်။

“ကိုရီးယားဘဏ် ဝန်ထမ်းအမျိုးသမီးဆိုရင် ရုံးကားနဲ့ ရုံးတက်ရုံးဆင်းလုပ်တာတောင် သေနတ်နဲ့ အပစ်ခံရပြီး သေသွားတယ်။ ဗဟိုဘဏ်ကလည်း တာဝန်မယူဘူး။ ထုတ်ပြန်စာတောင် သူတို့အပြစ်လွတ်အောင် ထုတ်ပြန်တယ်။ ဒီလို အာမခံချက်မရှိဘဲ ရုံးပြန်တက်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ဘဏ်ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအနေဖြင့် လစာမရရှိခြင်းနှင့် အလုပ်ပြုတ်ခြင်းများ ရင်ဆိုင်ရသည့်တိုင် စစ်ကောင်စီကို ဆက်လက်အန်တုနေသော်လည်း CDM ဝင်သည့် အစိုးရဝန်ထမ်းများကဲ့သို့ ထောက်ပံ့မှုများမရှိဟု ဆိုသည်။ 

ထို့ကြောင့် ဘဏ်ဝန်ထမ်းများ CDM ဆက်လက်အားကောင်းရေးအတွက် လိုအပ်သူတွေကို ထောက်ပံ့ပေးဖို့လည်း လိုသည်ဟု ဘဏ်ဝန်ထမ်းတချို့က ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီအနေဖြင့် ဘဏ်များ ပြန်လည်ဖွင့်လှစ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအား‌ပေးနေသော်လည်း ဘဏ်ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီကို ဆက်လက်အန်တု ရင်ဆိုင်နေဆဲဖြစ်သည်။ ဘဏ်ဝန်ထမ်းများ၏ CDM အားကောင်းနေဆဲဖြစ်ကာ ဘဏ်ခွဲအချို့သာ ဖွင့်လှစ်နိုင်သေးပြီး ပုဂ္ဂလိကဘဏ်အများစု ပိတ်ထားရဆဲဖြစ်သည်။ 

Show More

Related Articles

Back to top button