စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ရွာကို ယမန်နေ့ (ဇူလိုင် ၃၁) က စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့ရာ မြေးအဘွားနှစ်ဦးသေဆုံးပြီး၊ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကန့်ဘလူမြို့၊ အရှေ့ဘက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ သာစည်ရွာကို ယမန်နေ့ နံနက် ၁ နာရီ ၄၅ မိနစ် ဝန်းကျင်တွင် တံတားဦးလေဆိပ်မှတက်လာသည့် တိုက်လေယာဉ်တစ်စီးက နှစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်နှင့် အသက် ၆၀ အရွယ် အဘွားဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီးလေးဦးအပါအဝင် ခြောက်ဦးမှာ လက်နှင့်မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာရ များရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ဘာတိုက်ပွဲမှမရှိဘူး။ လေကြောင်းကမထင်ရင်မထင်သလို ရမ်းချနေတာ။ အိမ်နှစ်လုံး ပျက်စီးသွား တယ် ။ တစ်လုံးက အိမ်ကတိုင်တွေ လုံးဝကျွတ်ထွက်သွားတယ်။ ကလေးက အိမ်နဲ့ ဆိုရင် ပေ ၅၀ အကွာလောက်က လယ်ထဲမှာ သွားတွေ့တာ။ လွင့်ထွက်သွားတာ။ အဘွားကလည်း အလောင်းရပေမဲ့ သိပ်ပြီးတော့ အဆင်မပြေတော့တဲ့အနေအထားရှိတယ်” ဟု ကန့်ဘလူမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
အရပ်သားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကန့်ဘလူမြို့နယ်အရှေ့ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဖွင့်လှစ်ထားသည့် ဆေးရုံကို ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပင်မလူနာဆောင် ထိမှန်ပြီးတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း ကနဦး ဖော်ပြခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည့်အချက်အလက် အရ Charging (ချာဂျင်) ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဆေးကုသနေသည့် စစ်ရှောင်ပြည်သူများထဲမှ အသက် ၄ နှစ်အရွယ် ကလေး ၁ ဦး၊ အသက် ၇၀ ကျော် သက်ကြီးရွယ်အို အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးပြီး ဆေးရုံဝန်ထမ်းများနှင့် လူနာများ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
သပိတ်ကျင်းမြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ကျောက်လုံးကြီးရွာကို ဇူလိုင် ၂၉ ရက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ တွင်ဖော်ပြထားသည်။
“လေကြောင်းကတော့ ၂၄ နာရီ သတိဝီရိယနဲ့ နေရတာပဲ။ နေ့လည်တွေက သိပ်စိုးရိမ်စရာမရှိဘူး။ တိုက်ပွဲဖြစ်မှသာလျှင်လာကြဲတာ များတယ်။ အဓိက သူတို့က လူအိပ်ချိန် ည ၁၂ နာရီနောက်ပိုင်း ၂ နာရီ၊ ၃ နာရီ ညတွေကြဲတယ်။ ရာသီဥတု မိုးအုံ့ပြီးတော့ မိုးတဖျောက်ဖျောက်ကျနေချိန် ကြဲတယ်။ အပျက်အစီးများစေချင်တာပေါ့။ အလစ်အငိုက်ယူပြီးတော့ ပြည်သူတွေကို စစ်ရေးပစ်မှတ်လို သဘော ထားပြီးကြဲနေတော့တာ”ဟု ကန့်ဘလူ ဒေသခံတစ်ဦးက ပြောသည်။
ကန့်ဘလူမြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည့် သပိတ်ကျင်းမြို့ကို စစ်တပ်ပြန်က လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ဇူလိုင်နောက်ဆုံးပတ်တွင် စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ကောလင်း၊ ထီးချိုင့်၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦးတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကန့်ဘလူ မြို့နယ်တွင် တော်လှန်ရေးအင်အားစုများ ခုခံမှုအားကောင်းသလို တစ်ဘက်တွင် ကန့်ဘလူမြို့ တွင် အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းအခြေစိုက်ပြီး ပြည်သူ့စစ်အားကောင်းရာ ကျေးရွာ ၆၀ ကျော်ခန့် ရှိကြောင်း သိရသည်။
ကန့်ဘလူ၊ ကျွန်းလှဒေသမှာ စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ် (ပျူစောထီး) အားအကောင်းဆုံးနေရာ တစ်ခုဖြစ်ပြီး စစ်တပ် အမာခံ ထောက်ခံအားပေးသည့် သင်္ကန်းဝတ် ဦးဝါသဝက ဦးဆောင်သည်။
ကန့်ဘလူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေချိန် မြေပြင်စစ်ကြောင်းထိုးလှုပ်ရှားမှုများလည်း ဆက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး မကြာခဏ စစ်ကြောင်းထိုးနေရာ ယမန်နေ့ (ဇူလိုင် ၃၁) က ယမနေရွာမှ ထွက်လာသည့် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် မြို့အရှေ့ဘက်ခြမ်းရှိ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ယမနေ၊ ပေကြီး၊ စံပယ်နံ့သာ နှင့် ဇင်းကျေးရွာတို့တွင် စစ်တပ်ကခြေကုပ်ယူထားသော်လည်း လမ်းပိုင်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ဆက်သွယ်ရေးအရ အရေးပါသည့် လမ်းကြောများကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ်က ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကစတင်ကာ ကြိုးပမ်းနေပြီး ကန့်ဘလူ – ကောလင်း ခရိုင်ချင်း ဆက်လမ်းပေါ်ရှိ အရေးပါသည့် ကျေးရွာများကို စစ်ကြောင်းထိုး အထိုင်ချတပ်စွဲလိုက်ပြီးနောက် ထိုလမ်းပိုင်းကို ပြီးခဲ့သည့်လပိုင်းကစပြီး စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် စိုင်းပြင်းနေသည့် အာဏာသိမ်းစစ်ကောင်စီသည် ဇူလိုင် ၃၀ ရက်နေ့တွင် စစ်ကော်မရှင်ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအပါအဝင် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။



