ကမ္ဘာကျော်အမှတ်တံဆိပ် အားကစားပစ္စည်းနှင့်အဝတ်အထည်များထုတ်လုပ်သော Adidas ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲဖြစ်သော Adidas Sourcing Limited (Myanmar Branch) ကုမ္ပဏီကို ဖျက်သိမ်း မည်ဖြစ်သော်လည်း အထည်ချုပ်အမှာများ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်က မြန်မာနိုင်ငံတွင် Adidas အမှတ်တံဆိပ် ဖိနပ်နှင့် အဝတ်အထည်များ ပြန်ချုပ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် Adidas Sourcing Limited အမည်ဖြင့် ၂၀၁၄ ဇူလိုင် ၂၉ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ခဲ့သော ထိုကုမ္ပဏီက Adidas ကုမ္ပဏီ ရုံးချုပ်၏ စီမံခန့်ခွဲမှုအကြံပေးလုပ်ငန်း နှင့် အခြားသောလုပ်ငန်းများဆောင်ရွက်ရန်ဖြစ်သည်။
ယခုအခါ ထိုကုမ္ပဏီကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ (၅၅) အရ စာရင်းရှင်းဖျက်သိမ်းမည်ဖြစ်ပြီး မြီရှင်များအနေဖြင့် ၎င်းတို့၏တောင်းဆိုချက်များကို လာမည့် ဩဂုတ်လ ၄ ရက်နေ့မတိုင်မီ အထောက် အထားများဖြင့် တင်ပြရမည်ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထား သည်။
ထိုကုမ္ပဏီဖျက်သိမ်းလိုက်ခြင်းမှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ သဘောသဘာဝအရဖြစ်ပြီး မြန်မာနိုင်ငံတွင် ချုပ်လုပ်နေသည့် အထည်ချုပ်အမှာများနှင့်သက်ဆိုင်ခြင်းမရှိကြောင်း Adidas ကုမ္ပဏီ၏ မီဒီယာ ဆက်ဆံရေးပြောခွင့်ရ Stefan Pursche ဆိုသူက Myanmar Now က အီးမေးလ်မှတစ်ဆင့် ပြောသည်။
ဂျာမနီအခြေစိုက် အားကစားပစ္စည်းများထုတ်လုပ်သော စီးပွားရေးလုပ်ငန်းကြီး Adidas သည် ကမ္ဘာအ နှံ့တွင် ကုမ္ပဏီအများအပြားရှိကာ Adidas Sourcing Limited မှာ ဟောင်ကောင်တွင် အခြေစိုက်ကြောင်း Adidas အုပ်စု၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်
ဟောင်ကောင်ရှိ Adidas Sourcing Limited က အာရှနိုင်ငံများရှိ အထည်ချုပ်လုပ်ငန်းများ အဓိကတာဝန် ယူရဖွယ်ရှိပြီး ယခုဖျက်သိမ်းရန်စီစဉ်နေသည့် မြန်မာကုမ္ပဏီခွဲမှာ ဟောင်ကောင်ကုမ္ပဏီ၏ လက်အောက် မှတဆင့် ထူထောင်ထားသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်အရေး နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟူသော အစီရင်ခံစာများထွက်ပေါ်ခဲ့ရာ အဝတ်အထည် ကုမ္ပဏီများဖြစ်သော ဆွီဒင်မှ H&M၊ ဂျပန်မှ Uniqlo နှင့် နိုင်ငံတကာအမှတ်တံဆိပ်များကမြန်မာတွင် အထည်ချုပ်လုပ်ရန် မအပ်တော့ဘဲ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော်လည်း Adidas သည် အာဏာသိမ်းမှု လေးနှစ်ခွဲကြာသည်အထိ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲအထည်ချုပ်အမှာများ ဆက်အပ်ခဲ့သည်။ ကာတာနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် လိုအပ်သည့်အားကစားဝတ်စုံများကိုလည်း မြန်မာစက်ရုံတချို့တွင် ချုပ်လုပ်ခဲ့သည်။

ဟောင်ကောင်အခြေစိုက် Adidas ကုမ္ပဏီခွဲမှလာရောက်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲ ဖျက်သိမ်းခြင်းမှာ အမေရိကန်နှင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုဖိအားများကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ စက်မှုဇုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“အမေရိကန်ပိတ်ဆို့မှု ဖိအားတွေများမှာပေါ့ဗျာ။ အကြောင်းအမျိုးမျိုးပေါ့။ ရုံးခွဲတော်တော်များများတော့ လာဖွင့်ထားတာတော့သိတယ်။ ရှေ့မှာမလုပ်ပေမယ့် ကွယ်ရာမှာလုပ်နေတဲ့သူတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
“ကျွန်တော်သိရသလောက်တော့ ဟောင်ကောင်ရုံးခွဲကနေ ဒီမှာလာထိုင်တာဗျ။ ပြီးတောမှ စက်ရုံတွေကို လိုက်အပ်တာပေါ့ဗျာ။ အပ်ခါနီးကျရင်တော့ သူတို့ Criteria (စံချိန်စံညွှန်းသတ်မှတ်ချက်) ကိုဖြေခိုင်းတာ ပေါ့ဗျာ။ သူတို့ရဲ့ Instruction အရလာစစ်တာပေါ့ဗျာ။အလုပ်သမား ၁၀၀ ကို အိမ်သာ ဘယ်လောက် ရှိရမယ် ဆိုတာကအစပေါ့။ စာမေးပွဲဖြေရတာပေါ့ဗျာ။ အဲ့လိုလုပ်မှပဲ ကျွန်တော်တို့ကချုပ်လို့ရတာ” ဟု ၎င်းက ပြောသည်။
Adidas သည် ပဲခူးနှင့်ရန်ကုန်ရှိ Bago Sports Gloves Co., Ltd ၊ BAGO SPORTS GLOVES COMPANY LIMITED ၊ Myanmar Pou Chen Company Limited၊ Thong Thai Textile (Myanmar) Co., Ltd (TM2)၊ Tsang Yih Co., Ltd စသည့် အထည်ချုပ်စက်ရုံ၅ ခုတွင် အထည်ချုပ်နေကြောင်း Adidas စက်ရုံစာရင်းတွင် တွေ့ရသည်။
Adidas အမှတ်တံဆိပ် ဖိနပ်များချုပ်လုပ်သည့် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen Company Limited ဖိနပ်ချုပ်စက်ရုံတွင် အထည်ချုပ်အမှာ နည်းသွားသော်လည်း လုံးဝမရှိသည့် အခြေအနေမဟုတ်ဟု ထိုစက်ရုံမှအလုပ်သမားသမဂ္ဂအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“နှစ်တိုင်းနှစ်တိုင်း စက်ရုံရဲ့ပုံသဏ္ဍာန်လို ဖြစ်နေတာပေါ့။ ၇ လပိုင်း၊ ၈ လပိုင်း၊ ၉ လပိုင်းဆိုရင် ညီမတို့က အမှာတွေနည်းသွားတယ်။အဲ့ဒါထုံးစံပေါ့ အချိန်ပို (အလုပ်)တွေမရှိဘူး။ ညီမတို့ ဒီနေ့တောင်မှ အလုပ်မရှိ ဘူး။ အလုပ်မရှိတော့ သင်တန်းတွေတက်နေရတယ်” ဟု ၎င်းက ပြောသည်။
“စက်ရုံကပေးတဲ့ သင်တန်းတွေကိုတက်နေရတယ်။ အဲ့လိုမျိုးသင်တန်းတွေပေးပြီးတော့ အလုပ်မှာ ခေါ်ထားတာပေါ့။ အခု ကျွန်မတို့ကြားထာတာတော့ ၂၀၂၆ ခုအထိ အမှာတွေရှိမယ်လို့ကြားတယ်။ ၉ လပိုင်းမှာ အမှာတွေပြန်ဝင်မယ်လို့ ကြားထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၂ အောက်တိုဘာတွင် မြန်မာပေါင်ချိန်စက်ရုံမှ ထောင်နှစ်ချီသောအလုပ်သမားများက အခြေခံ လုပ်ခလစာ ၄၈၀၀ ကျပ်ကို တိုးပေးရန်အပါအဝင် စက်ရုံကချမှတ်ထားသည့် စည်းကမ်းချက်များကို ပြင်ဆင်ပေးရန် လေးရက်ကြာ တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ထို့စဉ်ကတောင်းဆိုချက်များ မအောင်မြင်ဘဲ အလုပ်သမား ၂၆ ဦး အလုပ်ထုတ်ခံခဲ့ကြရသည်။
ယခုနှစ်မေလကလည်း ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ Adidas ဖိနပ်များချုပ်လုပ်သည့် ချန်းရိ (Tsang Yih) စက်ရုံမှအလုပ်သမားများက လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမားများကြား အကြိမ်ကြိမ်ညှိနှိုင်း၍ တစ်ရက်လုပ်ခလစာ ကျပ် ၁၂,၀၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့တိုးမြင့်လိုက်သော်လည်း အိမ်းနီးချင်းနိုင်ငံများမှ လုပ်ခလစာနှင့်ယှဉ်လျှင် နည်းပါးနေကြောင်း၊ တစ်ရက်လုပ်ခ အမေရိကန်ဒေါ်လာ သုံးဒေါ်လာပင်မရှိကြောင်း အလုပ်သမားများက ပြောသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီများ မြန်မာနိုင်ငံတွင်း လုပ်ငန်း များ ရပ်ဆိုင်းသွားကြသည်ဆိုသော်လည်း လုပ်ခလစာ ဈေးသက်သာမှုကြောင့် ၎င်းတို့၏ အကျိုးစီးပွား အတွက် ဆက်လက်လုပ်ကိုင်သည့် နိုင်ငံတကာအမှတ်တံဆိပ်လုပ်ငန်းများရှိနေသေးသည်။
တစ်ချိန်တည်းတွင် စက်ရုံများတွင် အဓမ္မခိုင်းစေမှု၊ လုပ်အားခခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်နှင့် လူမှုဖူလုံရေး ခံစားခွင့်များဆုံးရှုံးမှုရှိလာသည်။ ထိုအခြေအနေများကို နိုင်ငံတကာကုမ္ပဏီကြီးများက အကာကွယ်မပေးနိုင်သလို ကျင့်ဝတ်နှင့်အညီ လည်ပတ်လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတို့က ထောက်ပြကြသည်။
“အလုပ်သမားသမဂ္ဂတွေက (နိုင်ငံတကာအမှတ်တံဆိပ်တွေကို) ထွက်ဖို့အတွက်ပြောနေတာပေါ့နော်။ ဘယ်လိုမှ စစ်တပ်လက်အောက်မှာ စီးပွားရေးလုပ်ကိုင်နိုင်ဖို့က မဖြစ်နိုင်ဘူးဆိုတာကို တောက်လျှောက် ပြောနေတာပေါ့နော်” ဟု အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ပြောသည်။
လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ အဓမ္မခိုင်းစေမှုပပျောက်ရေး စသည့် မြန်မာနိုင်ငံ သဘောတူထား ပြီးဖြစ်သော ပြဋ္ဌာန်းချက်တို့ကို ချိုးဖောက်နေခြင်းကြောင့် ဇွန်လ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပခဲ့သည့် ILO အဖွဲ့ညီလာခံတွင် မြန်မာနိုင်ငံကို အရေးယူရန်ဆုံးဖြတ်ခဲ့သည်။
မြန်မာ၏လက်ခစားစက်ရုံများတွင် အလုပ်သမား ၇ သိန်းကျော်ရှိပြီး ဆက်စပ်လုပ်ငန်းများတွင် ထိုလုပ်သားများ၏ ၂ ဆဝန်းကျင်ရှိကာ ၎င်းတို့ကို မီခိုနေသည့် မိသားဝင်များမှာ ၄ ဆဝန်းကျင်ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။
အသင်းဝင်အထည်ချုပ်စက်ရုံများမှ ချုပ်လုပ်သည့် အထည်များကို ဥရောပဈေးကွက်သို့ ၆၀ ရာခိုင်နှုန်း၊ ဂျပန်ဈေးကွက်သို့ ၂၀ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများသို့ ၂၀ ရာခိုင်နှုန်းတင်ပို့သည်ဟု ဆိုသည်။



