(စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်များ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
ရခိုင်ပြည်နယ်၊ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်တို့တွင် အာရက္ခတပ်တော်(AA)က ရိုဟင်ဂျာများ အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် Fortify Rights ယနေ့(ဇူလိုင် ၂၃) တွင် တောင်းဆိုလိုက်သည်။
ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု ထိုအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရက္ခိုင့်တပ်တော်(အာရက္ခတပ်တော်)က ရိုဟင်ဂျာတွေကို နေရာအနှံ့မှာ ပြန်ပေးဆွဲတာတွေ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ သတ်ဖြတ်တာတွေအတွက် တာဝန်ရှိပါတယ်။ တချို့ဆို ခေါင်းဖြတ်သတ်ဖြတ်ခံရတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေက စစ်ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲဖြစ်ပါတယ်”ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ ဧဂျက်ဇ်မင်းခန့်က ပြောသည်။
အာဟ်မတ် ဆိုသူက ၂၀၂၅ ခုနှစ် ရာမဒန်ကာလ ရက် ၂၀ မြောက်နေ့တွင် မိခင်ဖြစ်သူနှင့်အတူ ဥပုသ်စောင့်နေသည့် ညီဖြစ်သူကို AA တပ်ဖွဲ့ ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်၊ နောက်ပိုင်းတွင် ခေါင်းနှင့်ခန္ဓာကိုယ်တခြားစီ ဖြစ်နေသော ရုပ်အလောင်းကိုသာ ၎င်းတို့အိမ်နောက်ရှိ သစ်တောတွင် တွေ့ရသည်ဟု ပြောဆိုကြောင်း Fortify Rights က ရေးထားသည်။
“ကျွန်တော့်ညီက သူတို့နဲ့ လိုက်ဖို့အလိုမတူတော့ အတင်းဆွဲခေါ်သွားတယ်။ ဝင်ဆွဲတဲ့ ကျွန်တော့်ကိုလည်း ဆောင့်တွန်းတယ်။ ကျွန်တော့်မိဘတွေကလည်း တားဖို့ကြိုးစားခဲ့ကြပါသေးတယ်။ ကျွန်တော့်ညီလေးဆို အကန်ပါခံရတယ်။ ကျွန်တော့်မိဘတွေက AA တပ်သားတွေကို ‘သူ့ကို ဘယ်ကိုခေါ်မလို့လဲ။ ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့’ဆိုပြီး အသနားခံပြီး တောင်းပန်ခဲ့ကြပါသေးတယ်”ဟု အာဟ်မတ်က ပြောဆိုကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့ သူ့ကို မြေကြီးပေါ်မှာ ရှာတွေ့ခဲ့တာ။ သူ့အလောင်းကို ဆန်အိတ်အဟောင်းထဲမှာ ထည့်ထားတာ။ သူရဲ့ ခေါင်းနဲ့ခန္ဓာက တခြားစီဖြစ်နေပြီ။ ကျွန်တော်တို့ သူ့ခေါင်းကို တွေ့တော့မှ ဒါက ကျွန်တော့်ညီပဲဆိုတာကို သိခဲ့ရတာ”
အဆိုပါဖြစ်ရပ် မည်သည့်မြို့နယ်တွင် ပေါ်ပေါက်ခဲ့ကြောင်း Fortify Rights က ဖော်ပြထားခြင်းမရှိပေ။
အခြားဖြစ်ရပ် တစ်ခု
၂၀၂၄ ခုနှစ်၊ ဧပြီလတွင် အဘူဂျာရွာ၊ သရက်အုပ်ကျေးရွာတို့တွင် အဖမ်းခံရသူ ရိုဟင်ဂျာအမျိုးသား ၅ ဦး၏ ရုပ်အလောင်းကိုလည်း ရှာဖွေတွေ့ရှိပြီး ၄ ဦးမှာ ခေါင်းဖြတ်သတ်ဖြတ်ခံထားရသည်၊ ညှဉ်းပန်းနှိပ်စက်ခံရသည့် လက္ခဏာများလည်း တွေ့ရှိထားသည်ဟု သေဆုံးသူများထဲမှ တစ်ဦး၏ ဆွေမျိုးတော်စပ်သူက ပြောဆိုကြောင်း Fortify Rights က ဆိုသည်။
“AA လက်နက်ကိုင် သုံး၊ လေးယောက်က သူတို့ကို အားနဲ့အပြင်းအထန် ကန်ကျောက်၊ လက်သီးတွေနဲ့ ထိုးနေတာကို မြင်ခဲ့ရတယ်။ သူတို့က ၅ ယောက်စလုံးကို ဖမ်းဆီးပြီး လက်တွေ့ကြိုးတုပ်ပြီး တစ်နေရာကိုခေါ်သွားကြတယ်” ဟု ခြုံပင်များနောက်မှာပုန်း၍ကြည့်နေခဲ့သည့် ၎င်းက ဆိုသည်။
Fortify Rights သည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်း AA ၏ ရက်စက် ကြမ်းကြုတ်မှုများမှ အသက်ရှင်ကျန်ရစ် လွတ်မြောက်လာသူများနှင့် မျက်မြင်သက်သေများဖြစ်သည့် အမျိုး သမီးများအပါအဝင် ရိုဟင်ဂျာ ၃၉ ဦးကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။
ထို့ပြင် ဓာတ်ပုံနှင့်ဗွီဒီယိုမှတ်တမ်း အထောက် အထား များကိုလည်း ကြည့်ရှုစိစစ်ခွဲခြမ်းစိတ်ဖြာကာ ထုတ်ပြန် ခြင်းဟုဆိုသည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံကြရသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
သတင်းထုတ်ပြန်ချက်ပါ အကြောင်းအရာအားလုံးကို အာရက္ခတပ်တော်(AA)က ”ဤမမှန်မကန် လုပ်ကြံဖန် တီးထားသော စွပ်စွဲချက်များနှင့်အသရေဖျက်မှုများကို ပြတ်ပြတ်သားသားပယ်ချကြောင်း” ဇူလိုင် ၂၀ တွင် Fortify Rights သို့ အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ဆိုသည်။
“သင်တို့ရဲ့ ပေးစာထဲက စွပ်စွဲချက်တွေကို သေချာဂရုတစိုက် စစ်ဆေးကြည့်တဲ့အခါ ဒါဟာ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး တမင်တကာ၊ ထပ်တလဲလဲနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာဖြစ်တယ်ဆိုတာ လုံးဝရှင်းပါတယ်” ဟု AA က ဆိုသည်။
“နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ ဒီဇာတ်လမ်းတွေက လူမျိုးရေးခွဲခြားတဲ့၊ အစ္စလာမ္မစ် အစွန်းရောက်လူတချို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် လူ့အခွင့်အရေး ကိစ္စတွေကို အမြတ်ထုတ်ဖို့ ကြံစည်တဲ့ နည်းဗျူဟာတွေကို အသုံးပြုထားတာဖြစ်ပါတယ်”
၂၀၁၈ ၊ စက်တင်ဘာ ၆ တွင် ICC ခုံရုံးက ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ အတင်းအဓမ္မရွေ့ပြောင်းခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် လူမဆန်သော ပြုမူခံရခြင်းများကို စုံစမ်းစစ်ဆေးရန် ၎င်း၏ ရှေ့နေချုပ်ကို လုပ်ပိုင် ခွင့် အာဏာပေးအပ်ထားသည်။
ထို့ကြောင့် ဤတရားစီရင်ပိုင်ခွင့်သည် ၂၀၁၆နှင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုများမှစတင်ခဲ့သော် လည်း ၎င်း၏ အခွင့်အာဏာအရ အကန့်အသတ်မရှိ စီရင်ပိုင်ခွင့်ရှိသည်။ AA အပါအဝင် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်)အဖွဲ့အစည်းကိုမဆို ရိုဟင်ဂျာများအား အတင်းအဓမ္မရွေ့ပြောင်းစေခြင်းအတွက် တာဝန်ရှိသူများ အဖြစ် စုံစမ်းစစ်ဆေးနိုင်သည်။ ICC ရှေ့နေချုပ်သည် AA ၏ ရိုဟင်ဂျာအရပ်သားများအပေါ် တိုက်ခိုက် ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးမှုတွင် ထည့်သွင်းသင့်သည်ဟု Fortify Rights က တိုက်တွန်းထားသည်။
အာရက္ခတပ်တော်အနေဖြင့် ထိန်းသိမ်းရေးစခန်းများနှင့်ကျေးရွာများရှိ ရိုဟင်ဂျာများကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုများ ရပ်တန့်သင့်ကြောင်း Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ ဧဂျက်ဇ်မင်းခန့်က ပြောသည်။
“ရက္ခိုင့်တပ်တော်(အာရက္ခတပ်တော်)အနေနဲ့ တရားဝင်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့အဖြစ် သတ်မှတ် စေချင်တယ်ဆိုရင်တော့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူဖို့လိုအပ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
AA သည် ၂၀၂၄ ခုနှစ်က မေ ၁၈ တွင် ဘူးသီးတောင်မြို့နယ်၊ ဒီဇင်ဘာ ၈ တွင် မောင်တောမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ AA သည် သြဂုတ်လ အတွင်းက ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ် ခံရခြင်းနှင့်ပတ်သက်၍လည်း စွပ်စွဲခံခဲ့ရသည်။
၂၀၂၄၊ သြဂုတ် ၅ နှင့် ၆ တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်တလျှောက်၌ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန်ကြိုးပမ်းသည့် ရိုဟင်ဂျာ ဦးရေ ၁၀၀ သေဆုံးခဲ့ပြီး ထိုလုပ်ရပ်ကို AA လက်ချက်ဟု Fortify Rights က ထုတ်ပြန်ခဲ့သော်လည်း AA က ပယ်ချခဲ့သည်။



