
ဧပြီ ၁၆ ညပိုင်းက စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက မုံရွာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သက်လတ်ပိုင်းအရွယ် အမျိုးသားရုပ်အလောင်းနှစ်လောင်း လာပို့ခဲ့သည်။
လက်ရှိအချိန်အထိ ပိုင်ရှင်မဲ့အလောင်းအဖြစ် ရှိနေကြောင်း မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနေ့ညက စစ်ကောင်စီဘက်က လာပို့သွားတာ။ ပုံကတော့ မရဘူး။ သေနတ်ဒဏ်ရာနဲ့တော့မဟုတ်ဘူး။ တာဝန်ကျဝန်ထမ်းတစ်ယောက်ကို မေးကြည့်တော့ ခြေထောက်မှာ ဓားဒဏ်ရာတော့ ပါတယ်တဲ့။ လူလတ်ပိုင်းနှစ်ယောက်လို့ပဲ သိရတယ်” ဟု Myanmar Now ကို ပြောသည်။
ဆေးရုံသို့ ရောက်ရှိလာသည့် ပိုင်ရှင်မဲ့အလောင်းများကို အများဆုံး နှစ်ရက်ခန့်သာ ထားလေ့ရှိပြီး ပိုင်ရှင်မပေါ်ပါက နာရေးကူညီမှုအသင်းများနှင့် ချိတ်ဆက်ပြီး သင်္ဂြိုဟ်ပေးကြောင်း ၎င်းက ပြောသည်။
ဧပြီ ၁၅ (သင်္ကြန်အကြတ်နေ့) က မုံရွာမြို့တချို့ရပ်ကွက်များတွင် အသံဗုံးဖောက်မှုများရှိသော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း မုံရွာဒေသခံများက ပြောသည်။ သို့သော်လည်း ညနေပိုင်းတွင် မုံရွာမြို့နှင့် မိုင် ၂၀ နီးပါးဝေးသည့် ကနီမြို့အထွက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ ၆ ဦး ကျဆုံးကာ အယောက် ၂၀ ဝန်းကျင် ပျောက်ဆုံးနေသည်။
“အဲ့ဒီနေ့က ပစ်ခတ်မှုမှာ ညောင်ကိုင်းရွာနဲ့ သမင်စပ်ရွာက ပျောက်နေတဲ့သူတွေတော့ရှိတယ်။ နှစ်ရက်လောက်ရှိပြီ။ ပြန်မတွေ့သေးဘူး။ ရွာနီးချုပ်စပ်မှာ စုံစမ်းနေကြတာတော့ရှိတယ်” ဟု သပြေအေးရွာသားတစ်ဦးက ပြောသည်။
ဧပြီလဆန်းပိုင်းကလည်း လက်နက်ကိုင်တပ်များက မုံရွာပြည်သူ့ဆေးရုံသို့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် အသက် ၂၀ ဝန်းကျင်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတို့ကို လာပို့ခဲ့သေးသည်။ သင်္ဂြိုဟ်ခါနီးအချိန်မှ ပိုင်ရှင်ပေါ်လာသည့်အတွက် သပြေကုန်းရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။