စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှု နှင့် ထိရောက်စွာ အရေးယူကိုင်တွယ်နိုင်မှုမရှိသည့် အာဆီယံအပေါ် စိတ်ပျက်ရသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားဝန်ကြီးဌာနက ယမန်နေ့ (ဇူလိုင် ၁၆)တွင် ထုတ်ပြန်သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဇူလိုင်လ (၉) ရက်နေ့၌ ကျင်းပပြုခဲ့သော (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှ ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် မြန်မာ့ အရေးအပေါ် ဆက်လက်အလေးထားသည့် ဖော်ပြချက်များကို ကြိုဆိုသော်လည်း စစ်ကောင်စီ သည် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို မျက်ကွယ်ပြုကာ ကလေးငယ်များ နှင့် အရပ်သားများကို အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်ဟု NUG က ဆိုသည်။
ယင်းပူးတွဲကြေညာချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်အတွက် တိကျခိုင်မာ သော ဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းချက်ထားသော်လည်း အာဆီယံအနေဖြင့် ကြီးလေးသည့် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက်ထုတ် ဖော်ရှုတ်ချမှုနှင့် ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိကြောင်း NUG က ပြောဆိုသည်။
ထို့အပြင် အာဆီယံသည် စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကြံစည်နေမှုအပေါ် သတိပေးဟန့်တားမှု တစ်စုံတရာမပါရှိခြင်းကလည်း အာဆီယံ၏ ဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှု များ အဆုံးသတ်ရေးဟူသော အချက်ကို ဆန့်ကျင်နေသလို စစ်ကောင်စီကို သွယ်၀ိုက်ပြီး အကာအကွယ် ပေးနေသည့် သဘောသက်ရောက်နိုင်သည်ဟု NUG က ပြောဆိုထားသေးသည်။
စစ်ကောင်စီက ယခုနှစ် ၂၀၂၅ ခုနစ် နှစ်ကုန်ပိုင်း နှင့် ၂၀၂၆ ခုနှစ်နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပ နိုင်ရန် အရှိန်မြှင့်လုပ်ဆောင်နေလျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး နှင့် ကယား(ကရင်နီ) ပြည်နယ်တို့တွင်လည်း နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိနေသည်။
အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု အစရှိသော စစ်ရာဇဝတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သော စစ်ကောင်စီကို ကန့်ကွက်ခြင်း၊ ရှုတ်ချပြောဆိုခြင်းမရှိသော အာဆီယံ၏ ပူးတွဲကြေညာချက်သည် အခြေအနေမှန်နှင့် မကိုက်ညီကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က Myanmar Now သို့ ပြောသည်။
“ လက်တွေ့မှာ ဒီလိုကိစ္စတွေကို မပြောခြင်းအားဖြင့် ဘာဖြစ်သွားလဲဆိုရင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မှန်ကန်တဲ့ သဘောဖြစ်သွားတယ်။ နောက်တစ်ခုက ဘုံသဘောတူညီ ၅ ရပ်ကို စစ်ကောင်စီ လိုက်နာမှု လုပ်လာအောင် လက်တွေ့ဖော်နိုင်တဲ့ ယန္တရားမရှိတာကလည်း အတော်ကိုဆိုးပါတယ် ” ဟု သူက ဆိုသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲအပေါ် အာဆီယံအနေဖြင့် ထုတ်ပြန်ပြောဆိုမှုမရှိခြင်းက မကန့်ကွက်သည့် သဘော ပင်ဖြစ်ပြီး ထိုအခြေအနေသည် အာဆီယံအဖွဲ့ဝင်တချို့ပေါ် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးထား မှုကြောင့်ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ခြင်းသည် ဦးစားပေးကိစ္စမဟုတ်ကြောင်း အာဆီယံ က သဘော တူလက်ခံထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်များကို စစ်ကောင်စီ ကလိုက်နာရန် တိုက်တွန်း ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၁ ရက်တွင် ရိုက်တာသတင်းဌာနသို့ ထုတ်ဖော် ပြောဆိုထားသည်။
အာဆီယံသည် ပါတီအားလုံး ပါဝင်ခြင်းမရှိသည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ဟုလည်း သူက ပြောဆိုထားသည်။
“တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲလုပ်တာ အဓိပ္ပာယ်မရှိပါဘူး။ အဲဒါက ဘာပြဿနာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အခြေအနေတွေကို ပိုဆိုးစေမှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရထံမှ အာဏာ သိမ်းပြီး လအနည်းငယ်အကြာ သဘောတူခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်အတွက် “ဘုံသဘောတူ ညီချက် ငါးရပ်” ကို လေးစားလိုက်နာရန် လိုလားကြောင်းလည်း မလေးရှားနိုင်ငံခြား ရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောသည်။
“ရွေးကောက်ပွဲက အခုအချိန်မှာ ဦးစားပေးမဟုတ်ဘူးဆိုတာ မြန်မာစစ်ကောင်စီကို ကျွန်တော်တို့ အကြံပြုခဲ့ပါတယ်။ ဦးစားပေးကတော့ အကြမ်းဖက်မှု တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ပါပဲ၊ ဒါမှ သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံး အတူထိုင်ပြီး ဆွေးနွေးနိုင်မှာပါ” ဟု သူက ဆိုသည်။
အာဆီယံအနေဖြင့် မြန်မာ့ဋိပက္ခအား အမှန်တကယ် ထိရောက်စွာ ဖြေရှင်းရာတွင် မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်များကို အပြည့်အဝ နားလည်စာနာရန်နှင့် အကြမ်းဖက်စစ်အုပ်စုအား ဖိအားပေး အရေးယူမှုနှင့် လက်တွေ့ကျသော ဆောင်ရွက်မှုများအပါအဝင် လိုအပ်သည့် မဟာဗျုဟာများ ချမှတ်ဆောင်ရွက်သွားပါရန် NUG က တိုက်တွန်းထားသည်။



