စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာတွင် ဇူလိုင် ၁၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ပါဝင်သည့် ဓားပြတိုက်မှုနှင့်လူသတ်မှု ဖြစ်ပွားခဲ့ပြီး ထိုအမှုတွင် ပါဝင်သည်ဟု သတင်းထွက်နေသူ ၁၂ ဦးကို ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်က ပြောသည်။
မြို့အနောက်ဘက် ၇ မိုင်ကျော်အကွာ လှတောရွာတွင် မိသားစုဝင် ၆ ဦး နေထိုင်သည့် နေအိမ်တစ်လုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့တစ်ခုက ယင်းနေ့ ညသန်းခေါင်တွင် ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်တွင် အိမ်ရှင်ဖြစ်သူ ဆန်စက်မန်နေဂျာ အသက် ၄၀ ကျော်အရွယ် ကိုညောင်ပင်ကြီးဆိုသူမှာ ဓားဖြင့် ၄ ချက်ထိုးခံရပြီး ဆေးကုသမှုခံယူနိုင်မည့်နေရာသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ကျူးလွန်သူဟု ယူဆရသူများကို အခင်းဖြစ်သည့်နေ့တွင်ပင် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးနိုင်ခဲ့သည်၊ ထိုသူများထဲတွင် အမျိုးသမီး ၃ ဦးပါဝင်သည်ဟု သိရသည်။
ထိုသူတို့ကို စစ်ဆေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
“ဝက်လက်မြို့နယ် ပလဖက ဖမ်းဆီးထားပြီး ကနဦး အနေနဲ့အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်၊ ပြီးရင်တော့ ဝန်ကြီးဌာနနှစ်ခုပေါင်းစပ်ပြီး ဆောင်ရွက်သွားဖို့ရှိပါမယ်။ ဖမ်းဆီးထားတဲ့သူတွေနဲ့ ပါတ်သက်ပြီး စိစစ်နေပါတယ်”ဟု ဦးမောင်မောင်ဆွေက ဆိုသည်။
ဝက်လက်မြို့နယ် NUG ရဲစခန်းမှူး ဒုရဲအုပ်အောင်နိုင်က ၎င်းတို့အများအပြား ထိန်းသိမ်းထားသလို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံတွင်လည်း ၂ ဦး ထိန်းသိမ်းထားသည်ဟု ပြောသည်။
“ကျွန်တော့်ဆီမှာရောက်တာက အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက်ရောက်တယ် ။ တော်လှန် ရေးနဲ့ပတ်သက်တာက ပကဖ အဖွဲ့ဝင်က မြို့နယ် ပကဖဆီမှာ ၂ ယောက်ရှိတယ်”
အိမ်ခြေ ၁၅၀၀ ကျော်ရှိသည့်လှတောရွာမှာ ရွှေဘို – မန္တလေး ကားလမ်းဘေးတွင် တည်ရှိပြီး ရွာအခြေစိုက်တပ်က စခန်းထဲတွင် တပ်စွဲထားသော်လည်း တော်လှန်ရေးအင်အားစုက ရွာနယ်မြေအများစုကို စိုးမိုးထားသည်။
အခင်းဖြစ်ပွားရာအိမ်မှာ ရဲစခန်း အနီးဝန်းကျင်တွင် ရှိပြီး ဓားပြတိုက်ခံရမှုတွင် ကျပ်သိန်း ၅၀ ထက်မနည်းပါဝင်သွားကြောင်း ဒေသခံများထံက သိရသည်။
ရန်ပြုတိုက်ခိုက်ခံရသည့် အိမ်ရှင်ဖြစ်သူမှာ များမကြာမီ ဆုံးပါသွားသည်ဟု လှတောရွာ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။
“သူ့အိမ်ကနေ မန္တလေးကိုပို့တာ။ ဆေးခေါ်ပြရင်း မနိုင်လို့ မန္တလေးကို ထပ်လွှဲတဲ့အချိန် လမ်းမှာဆုံးတာ။ ဗိုက်နှစ်ချက်၊ ကျောကုန်းနဲ့ ရင်ဘတ်ရယ်။ ညတွင်းချင်းဆုံးတာပေါ့။ မန္တလေးသွားရင်း လမ်းမှာ ဆုံးတာ။ သူ့မိန်းမကတော့ (သေနတ်) ဒင်နဲ့တော့ ထုခံရတာပေါ့” ဟု လှတောရွာဒေသခံ အမျိုးသားက ဆိုသည်။
သေဆုံးသူ၏ နာရေးအစီအစဉ်ကို ယနေ့ ညနေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်တော်လှန်ရေးလေးနှစ်ကျော်ကြာမြင့်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့၏ မူးယစ် ဆေးဝါးမှု၊ ဓါးပြတိုက်လူသတ်မှုတို့ ဆက်တိုက်ထွက်ပေါ်နေပြီး ထိုအမှုများကို အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်လူထုက ထောက် ပြနေသလို ဝေဖန်မှုများလည်း ရှိနေသည်။
မကြာသေးခင်ကလည်း NUG လက်အောက်ခံ တော်လှန်ရေးအဖွဲ့ဝင်တချို့ ချင်းပြည်နယ်၊ ဖလမ်းမြို့ အနီး မူးယစ်ဆေးများ သယ်ဆောင်လာစဉ် ချင်းဒေသကာကွယ်ရေးတပ်က ဖမ်းဆီးရမိခဲ့သည်။



