အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မွန်တော်လှန်ရေးတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးထုတ်ပယ်ခံရ၊ တပ်ပိုင်းအပြောင်းအလဲမရှိဟု ဆို

မွန်-ကရင်နယ်စပ်တွင် အခြေပြုစစ်ရေးလှုပ်ရှားနေသော မွန်တော်လှန်ရေးတပ်၏ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးကို တပ်၏ ဦးဆောင်ကော်မတီဝင်များက ထုတ်ပယ်ခဲ့မှု ယမန်နေ့က ပေါ်ပေါ်ခဲ့သည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါက်တာသီရိမွန်ချမ်းကို တပ်မှထုတ်ပယ်ကြောင်း ယမန်နေ့ (ဇူလိုင် ၁၀) တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် တပ်များအားလုံး ၎င်း၏ စစ်ရေးအမိန့်အောက်တွင်သာ ရှိနေသည်ဟု  ကာယကံရှင်က တုံ့ပြန်သည်။ 

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး မွန် နှင့်ကရင် ဆက်စပ်ဒေသများဖြစ်သော ကျိုက်မရော၊ ကော့ကရိတ်၊ ဂျိုင်းမြစ်ဝှမ်းနှင့် တနင်္သာရီတိုင်း ရေး၊ ရေဖြူမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားသည်။  

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာ သီရိမွန်ချမ်းကို တာဝန်အားလုံးမှ ချွင်းချက်မရှိ ရုပ်သိမ်းပြီး တပ်မှထုတ်ပယ်လိုက်ကြောင်း၊  ၂၀၂၄ ခုနှစ် အတွင်းဖွဲ့စည်းခဲ့သော MSDF ၏ နိုင်ငံရေး၊ စစ်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ်မှလည်း ထုတ်ပယ်ကြောင်း  MSDF ၏ Facebook စာမျက်နှာမှတဆင့် ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်း၏ အပြုအမူ၊ အပြောအဆိုနှင့် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများအပေါ် အယုံအကြည်မရှိတော့သဖြင့် ဟု ပါရှိသည်။ 

ထိုအခြေအနေနှင့်ပတ်သက်၍ တပ်အတွင်း ပုန်ကန်မှုဖြစ်လာမည်ကို တားဆီးခဲ့သည့်အတွက် အာဏာ သိမ်းခံလိုက်ရခြင်းသာဖြစ်သည်ဟု ဒေါက်တာ သီရိမွန်ချမ်းက Myanmar Now ကို ပြောသည်။

လက်ရှိတွင် MSDF ၏ တရားဝင် Facebook စာမျက်နှာ Admin အဖြစ်မှ ဖယ်ထုတ်ခံရခြင်းသာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာအပြောင်းအလဲမရှိကြောင်း သူက ဆိုသည်။

“(တပ်ဖွဲ့အနေနဲ့) ဘာမှ ပြောင်းလဲမရှိဘူး။ တပ်ကလည်း ကျွန်တော့ Commend (အမိန့်) အောက်မှာ ရှိနေ တယ်။ တပ်ရင်းမှူးကလည်း ကျွန်တော်တို့ဆီမှာလည်း ရှိတယ်။  Page ကနေတော့ အာဏာ သိမ်းခံထား ရတယ်”

ဒေါက်တာသီရိမွန်ချမ်းသည် မွန်ပြည်နယ်တွင် နိုင်ငံရေးအရ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ၌ အုပ်ချုပ်သူအနေဖြင့်ပါဝင်သလို MSDF ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ် သော စစ်ရေး၊ နိုင်ငံရေးဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌလည်း ဖြစ်သည်၊ MSDF ၏ စစ်ရေးတာဝန်အရ တပ်မှူးတစ်ဦးလည်းဖြစ်သည်။

MSDF ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော စစ်ရေး၊ နိုင်ငံရေးဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်း၊ ဒုဥက္ကဋ္ဌ နိုင်နမောတောသ၊ အတွင်းရေးမှူး နိုင်ရည်မွန်ဌေး၊ တွဲဖက်အတွင်းရေးမှူး နိုင်ကိုသူ အပါအဝင် ကော်မတီဝင်ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး အတွင်းရေးမှူး နိုင်ကိုသူနှင့် MSDF ကော်မတီဝင်တာဝန်ရှိသူများထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

လာမည့် ဇူလိုင် ၁၂ ရက်နေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၌ အဆိုပါကိစ္စဆွေးနွေးရန်ရှိ ကြောင်း ဒေသအခြေစိုက် သံလွင်တိုင်းမ်မီဒီယာမှာ ဖော်ပြထားသည်။ 

MSDF ၏ ဇူလိုင် ၁၀ ရက်နေ့ ထုတ်ပြန်ချက်။

တပ်တွင်းအာဏာသိမ်းရန် ကြံစည်ဟု ယူဆ

ဂျိုင်းမြစ်ဝှမ်းဒေသရှိ MSDFတစ်စခန်းတစ်ခုရှိ သေနတ် ကိုးလက်နှင့် ကျေးရွာကာကွယ်ရေးလုပ်ငန်းများ အတွက် ချပေးထားသည့် ဘဏ္ဍာငွေများကို ကော်မတီအတွင်းရေးမှူး နိုင်ကိုသူက ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ယူရန် ကြိုးပမ်းစဉ် ၎င်းက တားဆီးခဲ့သည်အတွက် မကျေနပ်မှုအပေါ် အခြေခံပေါ်ပေါက်လာသည့် အခြေအနေဟု ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။  

အတွင်းရေးမှူးအနေဖြင့် စစ်ရေးတာဝန်မရှိဘဲ လက်နက်များကို ထုတ်ယူခြင်းဖြစ်ရာ လက်နက်များကို တပ်ရင်း၌ ပြန်ထားရန်နှင့် မလိုက်နာပါက လက်နက်အင်အားသုံး၍ ပစ်ခတ်တားဆီးရန် ၎င်းအနေဖြင့် မွန်ဘာသာဖြင့် အမိန့်ပေးခဲ့သည်ဟု ဆက်ပြောသည်။

“တကယ်လိုမနာခံဘူးဆိုရင် တပ်ရင်းမှူးအနေနဲ့ ဖမ်းဆီးထားဖို့။ သူ့မှာလည်း လက်နက်နဲ့ လူတွေရှိတော့ တကယ်လို့ ပြန်ခုခံခဲ့ရင် လက်နက်အင်အားသုံးပြီး ပစ်သတ်တဲ့အထိတောင် အမိန့်ပေးခဲ့တယ်။ ဒါက တပ် ပုန်ကန်မှုပုံစံပေ့ါ။ ဒီကိစ္စအားလုံး ကျွန်တော် တာဝန်ယူတယ်လို့ တပ်ရင်းမှူးကို အမိန့်ပေးလိုက်တယ်”

“နောက်တော့ မခုခံပါဘူး။ ကားပေါ်တင်ပြီးသားလက်နက်တွေကို ပြန်ပေးတယ်။ သူ့ (နိုင်ကိုသူ) မှာရှိတဲ့ ခြောက်လုံးပြူးသေနတ်ကိုလည်း သိမ်းလိုက်တယ်။ ဒါကို မကျေနပ်လို့ လုပ်တာ”

၉ မမ ပစ္စတိုကို သိမ်းယူပြီးနောက် နိုင်ကိုသူကို ပြန်လွှတ်လိုက်ကြောင်း၊ ဇူလိုင် ၉ ရက်နေ့တွင် စင်္ကာပူ၊ သြစတေးလျတို့တွင်ပါ အခြေစိုက်သည့် နိုင်ငံရေး၊ စစ်ရေးကော်မတီဝင်  ၄ ဦးကို စည်းရုံး၍ တပ်ရင်းက  ၎င်းကို ထုတ်ပယ်သည့်အခြေနေဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။  

ဆက်လက်၍ ဇူလိုင် ၉ ရက်နေ့တွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင် အောက်ခြေတပ်ရင်းမှူး များကို မေးမြန်းခြင်းမရှိဘဲ မြေပြင်တွင် ရှိမနေသည့် ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် ၎င်းအား တဖက်သတ်ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းမှာ မတရားမှုဟု ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

“တပ်ရင်းကလူတွေပါ ပါတဲ့အစည်းအဝေးထပ်ခေါ်ဖို့ အစည်းဝေးမှာ တင်ပြခဲ့တယ်။ ဒီနေ့လည်း ပို့တယ်။ တပ်ထဲမှာ ဖြေရှင်းဖို့လိုတယ်။ ပြဿနာမှာပါတဲ့သူတွေ အားလုံးမေးမြန်းသင့်တယ်။ အဲဒါမလုပ်ဘဲ ထုတ် ပြန်လိုက်တာ”

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အကြား စစ်ရေးလှုပ်ရှားနေသော MSDF စစ်ကြောင်းများအနက် အဖွဲ့ဝင် ၇ ဦးနှင့် သေနတ် ၁၀ လက်ပါသည့် အစုအဖွဲ့ကိုလည်း နိုင်ကိုသူက သီးခြားခွဲထုတ်ထားသလို ဇူလိုင် ၇ က လက်နက် ကိုးလက်ထပ်မံထုတ်ယူမှုသည် တပ်မှခွဲထွက်ရန် ကြံစည်မှုဖြစ်သည်ဟု ဒေါက်တာသီရိမွန်ချမ်း က ကောက်ချက်ချသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေး အင်အားစုများ ဖြစ် သည့် မွန်ပြည်လွတ်မြောက် ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေကြသည်။

တစ်ခုတည်းသော မွန်တစ်တပ်တည်းဖြစ်ပေါ်လာရေး ကနဦးခြေလှမ်းအနေဖြင့် အဆိုပါ မွန်တပ် ၄ တပ် ပေါင်းထားသည့် ရာမညပူးတွဲစစ်ကြောင်း” ကို ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် မေလအတွင်း  “ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” အမည်အောက်တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP -AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းရန် သဘောတူညီချက်ရခဲ့ကြသည်။

ထိုအချိန် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်ဖွဲ့စည်းခဲ့သည့်မွန်တပ်များအနေဖြင့် တစ်ခုတည်း သော မွန်တပ် ဖြစ်ေပါ်လာရေး ကြိုးပမ်းနေချိန် မွန်တပ်တစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း ထုတ်ပယ် ခံရသည့် တပ်တွင်းအကွဲအပြဲ ဖြစ်ပေါ် လာခြင်းဖြစ်သည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီတပ်အဖြစ် ရပ်တည်ခဲ့ပြီး တနင်္သာရီတိုင်း ရေဖြူ၊ မွန်ပြည်နယ် ရေးမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည်။ 

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) မှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA) ထံတွင် စစ်ပညာသင်ယူခဲ့သည့်တပ်ဖြစ်သည်။ 

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) (MNLA – AD) အဖွဲ့မှာ သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ၂၀၂၄ ဖေဖော်ဝါရီလ တွင်  ခွဲထွက်လာသည့်တပ်ဖြစ်သည်။ 

Related Articles

Back to top button