အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

ဦးကျော်ဝင်း၏ ရွှေသံလွင်နှင့် ပူးပေါင်းလုပ်ကိုင်သော ရုပ်သံလုပ်ငန်းမှ ဂျပန်ကုမ္ပဏီများစွန့်ခွာ

ခေတ်အဆက်ဆက် စစ်အုပ်စုနှင့် ရင်းနှီးကျွမ်းဝင်သော ခရိုနီ ဦးကျော်ဝင်းသည် ရွှေသံလွင်အုပ်စုကို တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။

စစ်တပ်နှင့် ဆက်ဆံရေးနီးစပ်သည့် ခရိုနီ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ဝင်း၏ ရွှေသံလွင်ကုမ္ပဏီနှင့် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းပူးပေါင်းလုပ်ကိုင်ရန် ဖက်စပ်ထူထောင်ခဲ့သော Dream Vision Co., Ltd မှ ဂျပန်ကုမ္ပဏီ ၃ ခုက ရင်းနှီးမြှုပ်နှံမှုများရုပ်သိမ်းထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်မတည်ရင်းနှီးရန်စီစဉ်ခဲ့သည့် Dream Vision Co., Ltd ကုမ္ပဏီတွင် ရွှေသံလွင်ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီ ၃ ခုဖြစ်သည့် ဂျပန်နိုင်ငံတကာရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (JIB)၊ ဂျပန်အစိုးရ-ပုဂ္ဂလိကရံပုံငွေအဖွဲ့ဖြစ်သော Cool Japan Fund Inc. နှင့် Fund Corporation for the Overseas Development of Japan’s ICT and Postal Services (JICT) တို့က ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

JIB သည် ဂျပန်အစိုးရရုပ်သံဌာန NHK ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး Cool Japan Fund နှင့် JICT ၏ ရင်းနှီးမြှုပ်နှံမှု ၉၀ ရာခိုင်နှုန်းသည် ဂျပန်အစိုးရငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေအစီအစဉ်များမှ စီးဆင်းလာခြင်းဖြစ်သည်။

Dream Vision Co., Ltd ရုပ်သံလုပ်ငန်းစီးမံကိန်းတွင် ဂျပန်ကုမ္ပဏီများပါနေခြင်းမှာ စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးကွန်ရက်နှင့် ဆက်နွှယ်နေသော ဦးကျော်ဝင်းအပေါ် အကျိုးအမြတ်ရစေနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုပြီးနောက် ဂျပန်ကုမ္ပဏီထွက်ခွာပြီးဖြစ်ကြောင်း တုန့်ပြန်လာသည်ဟု တက်ကြွလှုပ်ရှားသည့် Justice For Myanmar(JFM) က ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ထိုလုပ်ငန်းမှာ မြန်မာတွင် ဂျပန်မီဒီယာအကြောင်းအရာများကို မြင့်တင်ရန်၊ ဂျပန်ကုမ္ပဏီများအတွက် ကြော်ငြာအခွင့်အလမ်းများဖန်းတီးရန်ရည်ရွယ်ပြီး ရွှေသံလွင်ကုမ္ပဏီက ကြီးကြပ်လုပ်ကိုင်သည့် MNTV ရုပ်သံလိုင်းအတွက် စက်ပစ္စည်းကိရိယာများပံ့ပိုးကူညီခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဂျပန်ကုမ္ပဏီ ၃ ခုလုံးက ဦးကျော်ဝင်း၏ ကုမ္ပဏီနှင့် အဆက်ဖြတ်ခဲ့ကြောင်း အတည်ပြုသော်လည်း ရှယ်ယာမျာလွှဲပြောင်းမှု၊ စစ်ကောင်စီကို ကူညီပေးနေသူများအပေါ် အကျိုးအမြတ်ရစေမှုရှိမရှိဟူသော အချက်များကို ဖြေဆိုခြင်းမရှိကြောင်း JFM ပြောခွင့်ရသူ မရတနာမောင်က သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။ 

“အဲ့ဒီမေးခွန်းတွေကို ဖြေကြားဖို့ပျက်ကွက်တာက လက်ခံနိုင်ဖွယ်မရှိတဲ့ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့ အပေါ်မှာဖြစ်ဖြစ်၊ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေက သူတို့လူ့အခွင့်အရေးတာဝန်ဝတ္တရားတွေကို လိုက်နာခဲ့ ခြင်းရှိမရှိ အပေါ်မှာဖြစ်ဖြစ် ပိုပြီးနက်နဲတဲ့ စိုးရိမ်ပူပန်မှုကိုပဲ ဖြစ်စေခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ 

ရွှေသံလွင်ကုမ္ပဏီသည် စစ်အုပ်စု၏ ဝါဒါဖြန့်ချီရေးအတွက် စစ်တပ်ပိုင် MRTV ရုပ်မြင်သံကြားနှင့် ဖက်စပ်လုပ်ကိုင်နေသော MITV မှတစ်ဆင့်ကူညီခဲ့ကြောင်းလည်းဖော်ပြထားသည်။ 

Dream Vision Co., Ltd ကုမ္ပဏီမှ ဂျပန်ကုမ္ပဏီများထွက်ခွာမှုနှင့်ပတ်သက်၍ ရွှေသံလွင်ကုမ္ပဏီထံ Myanmar Now က အီးမေးမှ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဂျပန်မြန်မာဖက်စပ်လုပ်ငန်း Dream Vision Co., Ltd ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင်ချိန် ရန်ကုန်မြို့ တာမွေမြို့နယ်၊ မလာနွယ်လမ်းနှင့် ပင်ရွှေညောင်လမ်းထောင်ရှိ မြေနေရာနှင့် အဆောက်အဦးပေါ်တွင် စတူဒီယိုများတည်ဆောက်ပြီး ရုပ်သံဇာတ်လမ်းတွဲများရိုက်ကူးထုတ်လုပ်ရန်စီစဉ်ခဲ့ကြောင်း ၂၀၁၇ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ထံ တင်ပြသည့် အဆိုပြုလွှာတွင် ဖော်ပြခဲ့သည်။ 

ခေတ်အဆက်ဆက် စစ်အုပ်စုနှင့် ရင်းနှီးကျွမ်းဝင်သော ခရိုနီ ဦးကျော်ဝင်းသည် ရွှေသံလွင်အုပ်စုကို တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ ရွှေသံလွင်အုပ်စုသည် ဘဏ်လုပ်ငန်း၊ ရုပ်သံထုတ်လွင့်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။ ရွှေဘဏ်နှင့် Sky Net ရုပ်သံနှင့် အိမ်ရာ စီမံကိန်းများလုပ်ကိုင်နေကြောင်း ထိုကုမ္ပဏီ၏ အင်တာနက်စာမျက်နာတွင် ဖော်ပြထားသည်။ 

ရွှေသံလွင်ကုမ္ပဏီီီီီီီီီီီီတည်ထောင်သူနှင့် ဥက္ကဋ္ဌ ဦးကျော်ဝင်း (ဓာတ်ပုံ – ရွှေသံလွင်)

နေပြည်တော်တွင် စစ်ခေါင်းဆောင်သည်သည့် ကျောက်ဆစ်ဘုရားအတွက် ကျပ်သိန်း ၁၀၀၀ မှ ၅၀၀၀ အထိ အလှူငွေထည့်သည့် ခရိုနီလုပ်ငန်းရှင်များထဲတွင် ရွှေသံလွင်ဦးကျော်ဝင်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့်မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေပြည်တော်မှ စစ်ကောင်စီဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရန်အတွက် ငွေကြေးစိုက်ထုတ်အကုန်အကျခံရန် UWSA ‘ဝ’တပ် ၊ NDAA မိုင်းလားတပ်နှင့် ခရိုနီများက သဘောတူခဲ့ပြီး ရွှေသံလွင် ဦးကျော်ဝင်းက ကျပ်သိန်း ၂၀၀၀၀ တန်ကြေးရှိ အဆောက်အဦး ၄ လုံးလှူဒါန်းမည်ဟု သိရသည်။ 

Related Articles

Back to top button