မန္တလေးတိုင်းအတွင်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတည်ရှိရာ ညောင်ဦးမြို့နယ်ကို အင်အားရာဂဏန်းရှိသော စစ်ကောင်စီတပ် စစ်ကြောင်း ၃ ခုက ယမန်နေ့ (ဇွန် ၂၃) နံနက်ပိုင်းမှစ၍ သုံးပွင့်ဆိုင်စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာပေါင်း ၃၀ မှ ဒေသခံထောင်နှင့်ချီကာ စစ်ဘေးရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။
တင့်ကား ၃ စီးဖြင့် ညောင်ဦးမှထွက်လာသောစစ်ကြောင်း၊ မြို့အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာ တောင်ဇင်းရွာရဲစခန်းမှထွက်လာသော အင်အား ၈၀ ပါစစ်ကြောင်းနှင့် တောင်ဇင်းကျေးရွာမှ ၉ မိုင်ခန့် အကွာ တက်မရေနံမြေဘက်မှာတက်လာသောစစ်ကြောင်းတို့က ဧရာဝတီမြစ်အရှေ့ဘက်တစ်ကြော ကျေးရွာများကို ရွာစဉ်လှည့်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ထိုစစ်ကြောင်းများကို မိုင်းဆွဲခြင်း၊ မိနစ်ပိုင်းထိတွေ့ပစ်ခတ်မှုများရှိသော်လည်း စစ်အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်လာခြင်းကြောင့် စစ်ကြောင်းဦးတည်လမ်းကြောင်းပေါ်ရှိကျေးရွာများမှ ရွာလုံးကျွတ် နီးပါး တိမ်းရှောင်နေရကြောင်း ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (DPA) စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက Myanmar Now ကို ပြောသည်။
စစ်ဘေးရှောင်နေရသည့်ကျေးရွာများမှာ ကန်နီပေါက်၊ လက်ဝဲ၊ ကံကြီးကုန်း ၊ သဖျင်းကန်၊ ယာတောကြီး၊ ဇီးစမျှင်၊ အနောက်အုံ၊ ချောင်းရှည်၊ ကျောက်ကန်၊ တော၊ ဂျိုးကန်၊ ကျောက်ပြင်ကန်၊ မြောင် ၊ ရွှေကဖြူ၊ မြေသန့်တောင်၊ ကြအို၊ ကြအိုကျွန်း၊ လယ်ကန်၊ စကား၊ မအူ၊ ညောင်လှ၊ မုန်တိုင်၊ ဂုံတော၊ ကျွန်းဘိုကန်၊ သံဇပ်တော၊ မီးလောင်ဖျားတောင်ရွာနှင့် မြောက်ရွာမှ ဒေသခံများဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ သိထားသလောက် (ညောင်ဦးဒေသမှာ) G1 (စစ်ကောင်စီတပ် စစ်ဦးစီးမှူးပထမတန်း) အပြောင်းအလဲ ဖြစ်တာပေါ့နော်။ G1အပြောင်းအလဲ ဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းရေးလုပ်တယ်လို့ ယူဆရတယ်ပေါ့နော်။ ခါတိုင်းပုံမှန်ဆိုရင်တော့ အဲ့လောက် ကျပ်ကျပ်တည်းတည်းကြီးမထိုးဖူးဘူးပေါ့။ ဒီတစ်ခေါက်ကတော့ ကျပ်ကျပ်တည်းတည်း နိုင်လွန်းတယ်။ ကျေးရွာပေါင်း ၂၀ ကျော် ၃၀ နီးနီးကို ရှောင်ကြရတာပေါ့နော်” ဟု ရဲဘော်အုပ်စိုးက ပြောသည်။

ထိုစစ်ကြောင်းသည် စထွက်ချိန်မှစ၍ တော်လှန်ရေးတပ်များရှိသည့်နေရာများကို ပစ်ခတ်မှုရှိကြောင်း၊ တောင်ဇင်းရဲစခန်းမှ စစ်ကြောင်းနှင့် လမ်းခုလပ်တွင် ၁၅ မီနစ်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့သလို ညောင်ဦးမှ ထွက်လာသောစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်စဉ် စစ်တပ်ဘက်က တန်ပြန်ပစ်ခတ်မှုကြောင့် DPA ရဲဘော် ၁ ဦး ရှပ်ထိကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုများကို မသိရသေးကြောင်း ဆိုသည်။
တက်မရေနံမြေမှထွက်လာသောစစ်ကြောင်းသည် မုန်တိုင်ကျေးရွာကိုဝင်ရောက်၍ ဆိုင်ကယ် ၂၀ စီး၊ နွားလှည်း ၄ စီးနှင့် ရွာပိုင်ကားတစ်စီးကို မီးရှို့သွားကာ လက်တစ်လောတွင် ဧရာဝတီမြစ်ကမ်းအနီးရှိ လယ်ကံရွာသို့ရောက်ရှိနေကြောင်း၊ အခြားစစ်ကြောင်းနှစ်ခုသည် ကျအိုကျေးရွာအနီးရောက်ရှိနေပြီး ရွာကိုမီးရှို့နေကြောင်း ရဲဘော်အုပ်စိုးထံက သိရသည်။
ယနေ့ မွန်းလွဲတွင် အဆိုပါ စစ်ကြောင်း ၃ ကြောင်းသည် ဧရာဝတီမြစ်ကမ်းဘေး ကားလမ်းမတွင် သုံးပွင့်ဆိုင်မိသွားပြီး စစ်ရှောင်များမှာ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။
“မိုးမိပြီးတော့ ဖျားနာတဲ့ကိစ္စမျိုးတွေ၊ (စစ်တပ်က) တစ်ရွာဝင်လိုက်ရင် တစ်ရွာကိုသွားရှောင်တယ်။ ဒါပေမယ့် ထိပ်တိုက်ရွာတွေဖြစ်တော့ ရှောင်လို့မရနိုင်တဲ့အခြေအနေမှာ တောထဲမှာ ရှောင်ရတယ်။ မိုးရွာထားတော့ မြေကြီးက ခပ်စိုစိုနဲ့ အိပ်ကြရတာပေါ့။ အဲ့အချိန်မှာ ကလေးပေါက်စနတွေ တချို့ဆို မွေးကင်စ ရက် ၂၀ လောက်ပဲရှိတယ်ပေါ့။ ကလေးမိခင်လေးတွေ ကလေးပေါက်စနလေးတွေကအစ ပါတယ်ပေါ့နော်။ အဓိကက မိုးရာသီဖြစ်တဲ့အတွက် ခြင်ရော၊ မိုးစိုဒဏ်ရော ခံကြရတာပေါ့” ဟု PDA စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောသည်။
လတ်တလောတွင် ညောင်ဦးမြို့နယ်ရှိ ကျေးလက်ဒေသများတွင် စစ်ကောင်စီ စစ်ကြောင်းဝင်နေသလို မြို့ပေါ်တွင်လည်း အင်အားအလုံးအရင်းချ၍ အစစ်ဆေးတင်းကျပ်ထားကြောင်း အမည်မဖော်လိုသည့် ပုဂံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြို့ပေါ်ကလည်း တောက်လျှောက်စစ်ဆေးနေတဲ့အခါကြတော့ အန္တရာယ်များလို့ စစ်ဘေးရှောင်သူတွေ မလာကြဘူး” ဟု ၎င်းက ပြောသည်။
“မြို့ပေါ်မှာကတော့ (စစ်ပွဲတွေက) မဖြစ်ဘူး။ အစစ်အဆေးတွေ မြို့အထွက်တွေမှာဆိုရင် ဂိတ်တွေ စစ်တာဆေးတာပေါ့။ ချောက်နဲ့ ပုဂံလမ်းဆိုရင် လိုင်းကားတွေဘာတွေမရှိတော့ဘူး။ အိမ်စီးကားတွေ မသွားတော့ဘူး။ ချောက်-စဉ့်ကူ-ပုဂံလမ်းပေါ့။ အဲ့ဘက်တွေဆိုရင် မြို့သစ်ဘက်ကို အဝင်အထွက် မလုပ်ရတော့ဘူး”

ယခုလဆန်းပိုင်းတွင် ပုဂံမြို့ဟောင်းမှ ၇ မိုင်ခန့်အကွာ ညောင်ဦးမြို့ ဂန့်ဂါကျေးရွာ ဇရပ်တွင်ရှိသည့် ပျူစောထီးခေါင်းဆောင် ကိုဇော်ဇော်နဲ့ နောက်လိုက်နောက်ပါ ၈ ဦးကို အညာတော်လှန်ရေးစစ်ကြောင်း ထနောင်းမြေစစ်ကြောင်းက သွားရောက်ပစ်ခတ်ခဲ့ရာ စုစုပေါင်း ၇ ဦးသေဆုံးခဲ့သည်။
ထို့ပြင် ယခုလ ဇွန် ၁၅ တွင် ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ကာ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ခြင်းမရှိသေးပေ။
ထို့ကြောင့် လုံခြုံရေးတိုးမြင့်ထားပြီး ခရီးသွားများလည်းအနည်းကျဉ်းသာရှိတော့ကြောင်း သိရသည်။
နိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် တော်လှန်ရေးတပ်များဖြန့်ကျက်မှုအားကောင်းလာသည့်နှင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း၊ ညောင်ဦးမြို့နယ်နှင့် ထိစပ်လျက်ရှိသည့် ချောက်၊ မြင်းခြံ၊ ကျောက်ပန်းတောင်းမြို့နယ်များတွင် တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးတပ်များက ပြော သည်။
ယဉ်ကျေးမှုနယ်မြေဖြစ်၍ ကျည်မကျရန် တော်လှန်ရေးတပ်များက ချိန်ဆဆင်ခြင်မှုများရှိသော်လည်း စစ်ကောင်စီကမူ ထိုနယ်မြေကို အကာကွယ်ယူ၍ တိုက်ခိုက်မှုများရှိနေကြောင်း ၎င်းတို့က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ရှေးဟောင်းဘုရားစေတီပုထိုးများတည်ရှိရာ ပုဂံမြို့ဟောင်းတောင်ဘက် ၁၄ မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဂျိုးကန်ရွာနှင့် ကျောက်ပြင်ကန်ရွာကြားကို စစ်ကောင်စီ က ပထမဆုံးအကြိမ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
AD ၉ ရာစုမှ ၁၃ ရာစုအတွင်းစည်ကားခဲ့သည့် ပုဂံမြို့ဟောင်းနှင့်သာသနိကအဆောက်အအုံများသည် ကုလသမဂ္ဂယူနက်စကို (UNESCO) အဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၉ ဇူလိုင် တွင် သတ်မှတ်ခံံံခဲ့ရသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကလည်း ပုဂံအပါအဝင် အနီးနားဝန်းကျင်မှ ဒေသခံများသည် စစ်တပ် အာဏာသိမ်းမှုကို လက်မခံကြောင်း လူထောင်ချီ ဆန္ဒပြခဲ့ကြသည်။



