စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် စစ်လက်နက်များကို အဓိကထောက်ပံ့ပေးနေသည့် တရုတ်စစ်တပ်ပိုင်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ဥရောပလေကြောင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီး Airbus က ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
တရုတ်လေကြောင်း စက်မှုကော်ပိုရေးရှင်း(AVIC) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် AviChina Industry & Technology (AviChina) ကုမ္ပဏီတွင် ဥရောပ Airbus ကုမ္ပဏီက တစ်ခုတည်းသော နိုင်ငံတကာရင်းနှီးမြှုပ်နှံသူအဖြစ် ရှယ်ယာ ၅ ဒသမ ၀၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
AviChina တွင် ရင်းနှီးမြှုပ်နှံထားခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ နေ့စဉ် လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများကို အားပေးရာရောက်သဖြင့် စီပွားရေးလက်တွဲဖြုတ်ရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ဖိအားပေးတောင်းဆိုခဲ့ပြီးနောက် ယခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ရင်းနှီးမြှုပ်နှံမှုများရုပ်သိမ်းခြင်းဖြစ်ကြောင်း Justice For Myanmar အဖွဲ့က ယမန်နေ့ (ဇွန် ၁၉) တွင် သတင်းထုတ်ပြန်သည်။
AviChina တွင် ပိုင်ဆိုင်သည့် ရောင်းချမှုကို ယခုနှစ် မတ် ၃၁ သုံးလပတ်ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြခဲ့သလို ထိုကုမ္ပဏီတွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှမရှိတော့ကြောင်း Airbus ကုမ္ပဏီပြောခွင့်ရက အီးမေးမှတစ်ဆင့် ပြောကြားသည်ဟု ထိုသတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။
“ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ခြင်းက မြန်မာစစ်အုပ်စုဆီ စစ်လေယာဉ်တွေနဲ့ ဆက်စပ်စစ်လက်နက်တွေ ရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့ တရုတ်အစိုးရတို့အတွက် ဘဏ္ဍာရေးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပေးဆပ်ရမှုတွေရှိမယ်ဆိုတာကို ပြတ်သားတဲ့သတင်းစကားပါးလိုက်ခြင်းဖြစ်ပါတယ်” ဟု Justice For Myanmar အဖွဲ့ ပြောခွင့်ရ မရတနာမောင်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။
သို့သော် တရုတ်သည် မြန်မာစစ်တပ်အတွက် စစ်လက်နက်နှင့် စစ်ဘက်-အရက်ဘက်သုံးနည်းပညာနှင့် လေ့ကျင့်သင်ကြားမှုများကို အဓိကထောက်ပံ့ရောင်းချနေစဲဖြစ်သည်ဟု သူက ဆိုသည်။
AviChina ကုမ္ပဏီ၏ K8 အမျိုးအစား လေ့ကျင်းရေး၊ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များနှင့် Y12 ဘက်စုံသုံးလေယာဉ်များကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများတွင် သုံးနေကြောင်း သိရသည်။ အခြားတစ်ဖက်တွင် AviChina ကုမ္ပဏီသည် မြန်မာစစ်တပ်ကို ထိုလေယာဉ်များထောက်ပံ့ရောင်းချမှုမှ အကျိုးအမြတ်များရနေသည်။
ထိုသို့ရပ်ဆိုင်းခြင်းသည် မြန်မာပြည်သူတို့၏ အသက်သွေးများကို အသုံးချ အကျိုးအမြတ်ထုတ်ယူနေသည့် တရုတ်အစိုးရအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း စစ်ကောင်စီထံစီးဆင်းနေသော ငွေကြေးများကို ဖြတ်တောက်ရန်ကြိုးစားနေသည့် သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူ ကိုမိုက်က ပြောသည်။
“ဒီနှုတ်ထွက်မှုကြောင့် Airbus ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ နည်းပညာတွေ ကနေတဆင့်ရနေတဲ့ AVIC ရဲ့ အကျိုးအမြတ်တွေ ဆုံးရှုံးသွားမယ်။ နောက်တခုက အကြမ်းဖက် စစ်အုပ်စု ကျူးလွန် နေတဲ့ စစ်ရာဇဝတ်မှု တွေ၊ လူသားမျိုးနွယ် အပေါ်ကျူးလွန် နေတဲ့ ရာဇဝတ်မှု တွေကို ဂုဏ်သိက္ခာရှိတဲ့ လူ့အသိုင်းအဝိုင်းက လက်မခံဘူးဆိုတဲ့ သက်သေ တခုဖြစ်တယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်နှင့် ပူးပေါင်းနေသည့် နိုင်ငံကာစီးပွားရေးလုပ်ငန်းများကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုတိုက်လေယာဉ်များကို မြန်မာလေတပ်က အသုံးပြုလျက်ရှိပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လေယာဉ်အသစ်များကိုလည်း ထပ်မံအသုံးပြုခဲ့သည်။
လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ Enemy Air Route ထုတ်ပြန်သော အချက်အလက်များအရ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်ဒဏ်ခံခဲ့ရပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် K-8 အပါအဝင် AVIC ကုမ္ပဏီမှ လေယာဉ်များကို အသုံးပြုနေကြောင်း သိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရန် ဘက်ပေါင်းစုံပိတ်ဆို့မှုများလိုအပ်နေသလို မြေပြင်တွင် လေကြောင်းရန်ကာကွယ်ရေးအစီစဉ်များပြုလုပ်ရန်လိုအပ်သည်ဟု စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် S&C မီးဘေး၊စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ဦးစိုးမိုးအောင်က Myanmar Now ကို ပြောသည်။
“လေကြောင်းကာကွယ်မှုတွေလုပ်နိုင်ဖို့ရယ်၊ နောက်တစ်ခုကတော့ ဟိုဘက်ကနေ လေယာဉ်ဆီတွေ အဲ့ဒါတွေတားမြစ်နိုင်ဖို့ရယ်ပေါ့။ အဲ့ဒါတွေလုပ်နိုင်ရင်တော့ လေကြောင်းရန်က သက်သာသွားမှာပေါ့။ အခုဆိုရင် ကျွန်တော်တို့တတ်နိုင်တဲ့ဟာဆိုရင် လေကြောင်းကာကွယ်မှုအနေနဲ့က လေယာဉ်ဗုံးကြဲတာတွေ ခံနိုင်ဖို့ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေကို မြေအောက်ခန်းတွေအဖြစ်လုပ်နေကြတာရှိတယ်” ဟု ၎င်းက ပြောသည်။
သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော်လည်း မြန်မာစစ်ကောင်စီသည် မန္တလေးဒေသရှိ ငလျင်ဒဏ်ခံခဲ့ရသော ဒေသများအပါအဝင် တစ်နိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်နေသည်။
မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် တရုတ်ကုမ္ပဏီနှင့်ရင်းနှီးမြှုပ်နှံမှုမလုပ်ရန် ဖိအားပေးသည့်အနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ကို မြန်မာအရပ်ဘက်အဖွဲ့အစည်း တစ်ခုက ယခုနှစ် ဧပြီလအတွင်းက တိုင်ကြားခဲ့သည်။
ထိုတိုင်ကြားမှုမတိုင်မီက ၂၀၂၄ ခုနှစ်တွင် Airbus ကုမ္ပဏီသည် တရုတ်နိုင်ငံမှတစ်ဆင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်နွယ်မှုရှိသည်ဆိုကာ Justice For Myanmar နှင့် Info Birmanie တို့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာ ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံနှင့် လန်ဒန်မြို့တို့တွင် Airbus ကို ဆန္ဒပြမှုများရှိခဲ့သည်။



