
တော်လှန်ရေး တပ်ဖွဲ့များအားကောင်းသည့် မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ကမ္မမြို့နယ် ပေါက်-ကမ္မ လမ်းပိုင်းရှိ ကျေးရွာတချို့ကို ယနေ့ ( ဇွန် ၁၈) နံနက်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၁ ဦး သေပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီလေတပ်က ကမ္မမြို့နယ်ရှိ ကျေးရွာများကို နေ့စဉ်တိုက်ခိုက်နေပြီး ယနေ့ (ဇွန် ၁၈) နံနက်တွင် ပေါက်-ကမ္မလမ်းပိုင်းရှိ သံဘိုရွာ၊ မကျည်းသုံးပင်ရွာနှင့်ဇီးတောရွာကို Y 12 အမျိုးအစား လေယာဉ်ဖြင့် ဗုံးသီး ၃၅ လုံးကြဲချခဲ့ရာ စစ်ရှောင်ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကမ္မတော်လှန်ရေး တပ်ပေါင်းစု တာဝန်ခံက Myanmar Now ကို ပြောသည်။
“မကျည်းသုံးပင်နဲ့ သံဘိုမှာ ခုမနက်မှာ Y 12 နဲ့ လာကြဲသွားတာ ၁ ဦး သေပြီး ၅ ဦး ဒဏ်ရာရတယ်။ ဒရုန်းနဲ့ကြဲတာတော့ နေ့တိုင်းလိုလိုကြဲနေတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စွဲထားတော့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကတော့ အပြင်ကို ထွက်ဖို့ခက်နေတယ်” ဟု ၎င်းက ဆိုသည်။
ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်ရှောင်နေသည့် အသက် ၄၀ အရွယ် ထန်းနှောင်းရွာသူ ဒေါ်ဌေးကြည် သေဆုံးခဲ့ပြီး ဇီးတောရွာ ဒေသခံ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦး ခြေထောက် ပြတ်သွားသည်၊ အမျိုးသမီး ၂ ဦး မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။
ကမ္မမြို့နယ်ကို မေ ၂၇ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က ကြည်းကြောင်း၊ လေကြောင်းတို့ဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ရာ ယနေ့ (ဇွန် ၁၈) အထိ ဒေသခံ ၅ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
မေ ၂၇ တွင် ကမ္မဒေသသို့ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် အင်းဘတ်၊ မန်းကျည်းတန်း၊ မယ်ဇလီရွာများမှ ပြည်သူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၂ ဦး သတ်ဖြတ်ခဲ့သည်၊ အခြားဒေသမှ ဖမ်းဆီးလာသူ အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးခဲ့သည်ဟု ကမ္မတော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံက ဆက်ပြောသည်။
“အဓိကတော့ ပေါက်ဘက်ကို သွားပြီး ရိက္ခာပို့မယ်လို့ ထင်ပါတယ်။ ဘယ်သွားမယ်တော့ အတိအကျ မသိရဘူး။ ဒီစစ်ကြောင်းမရှိတော့မှ သတင်းအချက်အလက်ကို တိတိကျကျလေး ထုတ်ပြန်ပေးပါ့မယ်”
ထို့ပြင် စစ်ကောင်စီတပ်က ကမ္မဒေသတွင် နေ့စဉ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ဇွန် ၇ ရက်နေ့ တစ်ရက်တည်းတွင် ပေါက်-ကမ္မ လမ်းပိုင်းရှိ သံဘိုရွာကို Y12 အမျိုးစား လေယာဉ်ဖြင့် ဗုံးသီး ၃၇ လုံး ကြဲချခဲ့သည် ဟု သိရသည်။
စစ်ကောင်စီလေတပ်၏ ပစ်မှတ်ထားတိုက်ခိုက် ခံနေရသည့် မကျည်းသုံးပင်နှင့်သံဘိုရွာမှာ ကမ္မမြို့ အထွက် ပေါက်-ကမ္မလမ်းပေါ်တွင် တည်ရှိပြီး ဇွန်လဆန်းတွင် စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရသည့်ဒေသ လည်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုအပြီး စစ်ကောင်စီလေတပ်က အဆိုပါ တိုက်ပွဲဖြစ်သည့် ကျေးရွာများကို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေ ၂၇ ရက်နေ့တွင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ ရှေ့ပြေးအင်အား ၂၀၀ ခန့်ဖြင့် စတင် ထွက်ခွာလာခြင်းဖြစ်ပြီး ဇွန် ၁ ရက်တွင် မော်တော်ယာဉ် ၁၅၀ ကျော်သည့် ရိက္ခာတင်ယာဉ်တန်းဖြင့် ကမ္မမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အင်အား ထောင်ဂဏန်းနီးပါးရှိသည့် အဆိုပါ စစ်ကြောင်းတွင် တင့်ကား ၂ စီး ၊ လမ်းရှင်းလင်းသည့် ဝန်ချီစက် ဘက်ဟိုး ၃ စီးပါဝင်သည်၊ ကမ္မမြို့တွင် တပ်စွဲထားပြီး နေအိမ်နှင့် စျေးဆိုင်များကို ဖောက်ထွင်းလုယက်နေသည်ဟု ကမ္မဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်တွေကို အကုန်ဖောက်တယ်။ တွေ့သမျှ အကုန်ယူတယ်။ ကမ္မစျေးဆိုရင် ဘာမှ မရှိတော့ဘူး။ ဒီကောင်တွေ အကုန်ဖောက်ပြီးတော့ ယူချင်တာ အကုန်ယူတယ်။ စားစရာ၊ သောက်စရာ၊ချက်စရာ ပြုတ်စရာ အကုန်ယူတယ်” ဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်က ကမ္မမြို့တွင် တပ်စွဲထားရာ မြို့ခံများမှာထွက်ပြေး တိမ်းရှောင်နေကြရပြီး မတိမ်းရှောင်နိုင်သည့် သက်ကြီးရွယ်အိုများမှာ နေအိမ်များတွင် ပိတ်မိနေကြသည်၊ ရိက္ခာ ပြတ်လပ်နေပြီ ဖြစ်၍ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကမ္မမြို့ခံများအပါအဝင် အနီးအနားရှိ ကျေးရွာများ ဖြစ်သည့် ရေမျက်၊ ရွာသာအေး ၊ ထန်းတပင် ၊ ရန်ကင်း ၊ ရေလာကြီး ၊ ပြည့်အိုင် ၊ အင်ကြင်းပင်၊ သံဘုံ၊ မကျည်သုံးပင် ၊ ဂျိုးပြန် စသည့် ကျေးရွာ ၂၀ ကျော်မှ လူဦးရေ ထောင်နှင့်ချီပြီး စစ်ရှောင်နေရသည်ဟု ဒေသခံများထံကသိရသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ပခုက္ကူ ခရိုင် ကမ္မ ၊ ပေါက် နှင့် မြိုင်မြို့နယ်များမှာ တော်လှန်ရေး တပ်များ၏ စိုးမိုးနယ်မြေများဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းသည့် ချင်းပြည်နယ်နှင့်လည်း ချိတ်ဆက်နေရာ စစ်ကောင်စီ အတွက်သာမက တော်လှန်ရေး တပ်ဖွဲ့များအတွက် လည်း အရေးပါသည့် ဒေသဖြစ်သည်။
ကမ္မအခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာထုတ်ပြန်ခြင်းမရှိသော်လည်း စစ်ကောင်စီ ဝါဒ ဖြန့်သူများက ယခုရက်များအတွင်းကမ္မမြို့အနီးဝန်းကျင်တွင် NUG/PDF အဖွဲ့မှ ထောင်ထားသည့် မိုင် များ အား ဖော်ထုတ်ရှင်းလင်းနေကြောင်း တယ်လီဂရမ်များတွင်ဖော်ပြနေကြသည်။