မွန်ပြည်နယ် ရေးမြို့နယ် ဒူးပလာယာခရိုင်၊ မာန်အောင်ချောင်းဖျားရှိ KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (ဧပြီ ၈) နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်တပ်က လက်နက်ကြီး ၆ လုံးခန့် ပစ်ခတ်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ အမှတ်-၃၁၆ အမြောက်တပ်ရင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး ) တပ်မဟာ − ၆ သတင်းထုတ်ပြန်ထားသည်။
လက်နက်ကြီး ၆ လုံးအနက် ၁ လုံးမှာ ရွာတွင်းသို့ ကျရောက်ခဲ့ပြီး ပြည်သူများ ထိခိုက်ခြင်းမရှိကြောင်း၊ ကျန်ရှိသည့် ၅ လုံးမှာ ကျေးရွာအနီးအနားသို့ ကျရောက်ခဲ့ကြောင်း KNU ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ကြီးကျည်တစ်ခုမှာ မာန်အောင်ကျောက်မိုင်း ဘုန်းကြီးကျောင်းနောက်ဘက်ရှိ တောင်ကုန်းတစ်ခုပေါ် ကျရောက်ခဲ့ကာ မာန်အောင်ရွာမှ အိမ်တစ်လုံး လက်နက်ကြီးထိ၍ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
ရွာသူရွာသားများ ထိခိုက်သေဆုံးမှုမရှိသော်လည်း အနီးရှိ ချောင်းတောင်ရွာ နန်းတော်ဦးဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
KNU တပ်မဟာ ၆ နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ဝင်းရေးမြို့နယ်၊ ဒူးပလာယာခရိုင်၊ မာန်အောင်ကျေးရွာအနီးရှိ KNU စခန်းကို ယမန်နေ့တွင် စစ်တပ်က လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြီး ကျေးရွာလုံခြုံရေး တပ်စခန်းတစ်ခုကို KNU က စွန့်ခွာခဲ့ရသည်။ ယင်းတိုက်ပွဲတွင် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကာ ဒေသခံအများအပြား တိမ်းရှောင်ခဲ့ရသည်။
ဧပြီ ၅ ရက်နေ့က မာန်အောင်ကျေးရွာတွင် စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပြီး နောက်တစ်ရက်တွင် ယင်းကျေးရွာရှိ KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNLA တပ်စခန်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ထိုသို့ KNU တပ်စခန်းတစ်ခု ဆုတ်ခွာပေးခဲ့သော်လည်း စစ်တပ်က ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ်နေခြင်း ဖြစ်သည်။
ဧပြီ ၆ နေ့လယ်ပိုင်းကလည်း စစ်တပ်၏ ခလရ-၁၀၃ နှင့် တပ်မဟာ ၄ တို့ ထားဝယ်မြို့အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ နယ်မြေကျော်လွန်လာခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကြောင်း KNU က ထုတ်ပြန်ထားသည်။
စစ်တပ်နှင့် KNU တို့ ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ KNU တပ်မဟာ(၅) နယ်မြေ၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ KNU တပ်မဟာ(၃) နယ်မြေတို့တွင်လည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယမန်နေ့ ဧပြီ ၇ တွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုတပ်မှ အင်အား ၃၀ ခန့်နှင့် စစ်ပစ္စည်းများ လုံလုံလောက်လောက်ပါရှိသည့် စစ်ကား ၃ စီးသည် ယင်းနေ့ ညနေ ၃ နာရီခွဲအချိန်၌ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။