တော်လှန်ရေး တပ်ဖွဲ့များ အင်အားကောင်းသည့် မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်သို့ ဇွန် ၁ က စတင်ပြီး စစ်ကောင်စီတပ်က အင်အား ထောင်ဂဏန်းနီးပါးဖြင့် ဦးတည် စစ်ကြောင်းထိုးနေပြီး လေကြောင်းကပါ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံကသိရသည်။
ဇကမ္မမြို့ အထွက် ပေါက်-ကမ္မလမ်းပေါ်ရှိ သံဘိုရွာအနီးတွင် ဇွန်လဆန်းပိုင်းက စတင်ပြီး ရိက္ခာတင် မော်တော် ယာဉ် ၁၅၀ ခန့်ပါဝင်သည့် ရိက္ခာပို့ ယာဉ်တန်း၏ ရှေ့ပြေးတပ် နှင့် တော်လှန် ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး သေဆုံးကာ ဇွန် ၈ တွင် ကမ္မမြို့ သို့ ပြန်လည် ဆုတ်ခွာ သွားသည်ဟု ထိုဒေသ အခြေစိုက် ပခုက္ကူခရိုင် တပ်ရင်း (၁၁) သတင်းရင်းမြစ်က ပြောသည်။
“ရိက္ခာကားတန်းကို ရောက်အောင် ပို့ချင်တာ။ ပေါ်တာဆွဲတာထက် လူသားဒိုင်းလုပ်တာပေါ့။ အဲဒါ တွေ တော့ရှိတယ်။ လေကြောင်းကလည်း ဆက်တိုက်ကြဲတယ်။ ပါရာမိုတာရော Y 12 ရော Jet Fighter ရော ဒရုန်းရော စုံလို့ပဲ” ဟု ရဲဘော် တစ်ဦးက Myanmar Now ကို ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီလေတပ်က ပေါက်-ကမ္မလမ်းပိုင်းရှိ ဂျိုးပျံနှင့် မန်းကျည်း သုံးပင်ရွာ အနီးကို လေကြောင်းဖြင့် ဇွန် ၆ မှ ဇွန် ၁၀ ထိ နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ စစ်ကြောင်းမှာ မေ ၂၇ တွင် ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ မှ ရှေ့ပြေးအင်အား ၂၀၀ ခန့်ဖြင့် စတင်ထွက်ခွာလာခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ ဇွန် ၁ တွင် မော်တော်ယဉ် ၁၅၀ ကျော်သည့် ရိက္ခာ ယာဉ်တန်း အပါအဝင် စစ်သည်အင်အား ၅၀၀ ကျော်ဖြင့် ကမ္မမြို့ကို ထပ်မံ ရောက်ရှိလာသည်ဟု ဆိုသည်။
ထို စစ်ကြောင်းတွင် တင့်ကား ၂ စီး ပါဝင်သည်၊ လမ်းရှင်းလင်းသည့် ဝန်ချီစက် ဘက်ဟိုး ၃ စီးနှင့် ယာဉ်မောင်း ၅ ဦးကိုပါ အဓမ္မခေါ်ဆောင်လာပြီး ဘက်ဟိုး ယာဉ်မောင်းများက ထွက်ပြေးကြသည်ဟု ကမ္မမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
“ရိက္ခာကားရော စစ်ကြောင်း ကားတွေရောဆိုရင် စစ်ကား ၁၅၀ လောက်ရှိတယ်။ တင့်ကား တင်လာတဲ့ ၁၂ ဘီး တွဲကား ၂ စီးပါတယ်။ ဘက်ဟိုးတွေ ၃ စီးလောက်ပါတယ်။ ဘက်ဟိုးသမားတွေ တချို့ ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့သူတွေလည်း အပစ်ခံရလို့ ၁ ယောက် သေရတယ်”
ထို စစ်ကြောင်းသည် ဇွန် ၆ က စတင်ပြီး ပေါက်မြို့သို့ စစ်ကြောင်းထိုးနေပြီး ပခုက္ကူ ခရိုင်ရှိ တော်လှန်ရေးအင်အားစု၏ ခုခံစစ်ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကမ္မမြို့သို့ ပြန်လည် ဆုတ်ခွာလာပြီး ကမ္မမြိုပေါ်တွင် တပ်စွဲထားသည်၊ နေအိမ် များနှင့် စျေးကို ဖောက်ထွင်း လုယက်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။
“အိမ်တွေကို အကုန်ဖောက်တယ်။ တွေ့သမျှ အကုန်ယူတယ်။ ကမ္မစျေးဆိုရင် ဘာမှ မရှိတော့ဘူး။ ဒီကောင်တွေ အကုန်ဖောက်ပြီးတော့ ယူချင်တာ အကုန်ယူတယ်။ စားစရာ၊ သောက်စရာ၊ချက်စရာ ပြုတ်စရာ အကုန်ယူတယ်။ မုန်ဆိုင်၊ ကုန်ခြောက်ဆိုင်တွေက အစပေါ့။ ကမ္မစျေးကတော့ အကုန်အဖောက်ခံရတယ်” ဟု ၎င်းက ပြောသည်။
သက်ကြီးရွယ်အိုများ ပိတ်မိနေ
ထိုသို့ စစ်ကောင်စီတပ်က ကမ္မမြို့တွင် တပ်စွဲထားရာ မြို့ခံများ ထွက်ပြေး တိမ်းရှောင် နေကြရပြီး မတိမ်းရှောင်နိုင်သည့် သက်ကြီးရွယ်အိုများမှာ နေအိမ်များတွင် ပိတ်မိနေကြသည်၊ ရိက္ခာ ပြတ်လပ်နေပြီဖြစ်၍ ကျန်းမာရေး အခြေအနေ စိုးရိမ်ရသည်ဟု ဒေသခံများထံက သိရသည်။
“စစ်ကြောင်းက ရှိသေးတော့ ကမ္မတစ်မြို့လုံး ရှောင်နေကြရတယ်။ မြို့ထဲမှာ ပိတ်မိတဲ့သူတွေ တချို့လည်း ရိက္ခာဝယ်မရတော့ဘူး။ လွတ်မယ်ထင်ပြီး မရှောင်ကြတဲ့ သူတွေကကျတော့ မြို့က တစ်မြို့လုံး ပြေးတဲ့ အခါကျတော့ ဘာစျေးဆိုင်မှလည်း မရှိဘူး။ ဝယ်ခြမ်း စားသောက်စရာ မရှိတော့ တချို့သူတွေဆို ရိက္ခာပြတ်တဲ့သူတွေလည်း ပြတ်နေကြပြီပေါ့” ဟု ကမ္မမြို့ခံ နောက်ထပ် အမျိုးသား တစ်ဦးက ပြောသည်။
ထို့ပြင် လေတပ်က ဇွန် ၉ တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့် ဆုန်းကုန်းရွာကို ခရီးသည်တင်လေယာဉ် Y 12 ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦး သေဆုံးသည်ဟု ၎င်းက ဆက်ပြောသည်။
“ကမ္မမြို့ မြောက်ဘက်က ဆုံကုန်းရွာမှာ လေကြောင်းနဲ့ ဗုံးကြဲသွားတာ ပြည်သူတစ်ဦး သေတယ်။ ၂ ဦး ဒဏ်ရာ ရတယ်။ နာမည်တော့ မသိဘူး။ အမျိုးသား တစ်ဦး သေပြီး နှစ်ဦး ဒဏ်ရာရသွားတယ်။ ပါရာမိုတာနဲ့ ချသွားတာ။ ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကမ္မမြို့ခံများအပါအဝင် အနီးအနားရှိ ကျေးရွာများ ဖြစ်သည့် ရေမျက်၊ ရွာသာအေး ၊ ထန်းတပင် ၊ ရန်ကင်း ၊ ရေလာကြီး ၊ ပြည့်အိုင် ၊ အင်ကြင်းပင်၊ သံဘုံ၊ မကျည်သုံးပင် ၊ ဂျိုးပြန် စသည့် ကျေးရွာ ၂၀ ကျော်မှ လူဦးရေ သောင်းနှင့်ချီပြီး စစ်ရှောင်နေရသည်ဟု ဒေသခံများထံကသိရသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ပခုက္ကူ ခရိုင် ကမ္မ ၊ ပေါက် နှင့် မြိုင် မြို့နယ်များမှာ တော်လှန် ရေး တပ်ဖွဲ့ဝင်များ စိုးမိုးထားသည့် နယ်မြေများဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းသည့် ချင်းပြည်နယ်နှင့်လည်း ချိတ်ဆက်နေရာ စစ်ကောင်စီ အတွက်သာမက တော်လှန်ရေး တပ်ဖွဲ့များအတွက်လည်း အရေးပါသည့် ဒေသဖြစ်သည်။



