သတင်း

မာန်အောင်ကျေးရွာအနီး တိုက်ပွဲတွင် KNU တပ်စခန်းတစ်ခု စွန့်ခွာရပြီး ဒေသခံများ တိမ်းရှောင်ရ

ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့ (ဧပြီ ၆) တွင် မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး ကျေးရွာလုံခြုံရေး တပ်စခန်းတစ်ခုကို စွန့်ခွာခဲ့ရ‌သည်။

KNU တပ်မဟာ ၆ နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ဝင်းရေးမြို့နယ်၊ ဒူးပလာယာခရိုင်၊ မာန်အောင်ကျေးရွာအနီးရှိ ထိုစခန်းကို စစ်တပ်က လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံရွာသားများလည်း တိမ်းရှောင်နေရကြောင်း သိရသည်။ 

ထိုနေရာသည် မလွှဲတောင်ခြေအနီးတွင်ဖြစ်ပြီး ရေးမြို့မှ ၉ မိုင်ခန့်သာ ကွာဝေးသည်။ 

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဒူးပလာယာခရိုင်က ယနေ့ ဧပြီ  ၇ တွင် သတင်းထုတ်ပြန်ရာ တိုက်ပွဲကြောင့် ရွာသားတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရကြောင်း၊ စစ်တပ်က ရွာသားများကို ပစ်ခတ်ပြီး ရွာသားများကို အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းကြောင့် ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။ 

သေဆုံးသူတစ်ဦးမှာ ​ဒေသခံမဟုတ်ဘဲ အလုပ်လာလုပ်နေသူတစ်ဦးဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူကို ဆေးရုံပို့ဆောင်ထားကြောင်းလည်း ဖော်ပြသည်။

ခလရ-၂၉၉ သည် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် မာန်အောင်ရွာ ချောင်းဖျားရှိ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း KNU က ထုတ်ပြန်သည်။

ဧပြီ ၅ ရက်နေ့က မာန်အောင်ကျေးရွာတွင် စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပြီး ​နောက်တစ်ရက်တွင် ယင်းကျေးရွာရှိ KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNLA တပ်စခန်း တိုက်ခိုက်ခံရသည်ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

” KNLA က ရွာစောင့်တဲ့ တပ်လေ။ ဟိုတစ်နေ့က သူတို့ (စစ်ကောင်စီ) အဲဒီရွာမှာ ရွာလူကြီး တင်ထားတဲ့ သူက ဘယ်သူသတ်သွားလဲ မသိဘူး။ အဲဒီဟာကို တပ်က KNLA သတ်တယ်ဆိုပြီးတော့ ထင်လို့ဖြစ်မှာပေါ့ သွားပစ်တာ။ သေပြီးမှ နောက်နေ့ဖြစ်တယ်ဆိုတော့ ဒီလိုပဲယူဆရမှာပေါ့။ တိုက်ပွဲဖြစ်တော့ အဲဒီမှာ လာပြီးတော့ အလုပ်လုပ်နေတဲ့ တခြားက တစ်ယောက် (ပြည်သူ) သေတယ်” ဟု အဆိုပါ​ဒေသခံက ပြောသည်။

ဖေဖော်ဝါရီ ၁ တွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း KNU လှုပ်ရှားနယ်မြေ အများအပြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ KNU တပ်မဟာ(၅) နယ်မြေ၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ KNU တပ်မဟာ(၃) နယ်မြေတို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းမှပင် တိုက်ခိုက်ခဲ့ရာ အရပ်သား  ၂၀ ဝန်းကျင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း အများအပြားရှိခဲ့သည်။ ထို့အပြင် ပြည်သူတစ်​သောင်း​ကျော်​ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ 

KNU အနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားပြီး ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးကို အကာအကွယ်ပေးမည်ဟု ထုတ်ပြန်ထားသည်။

ယခင်ရက်များက ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကရင်တိုင်းရင်းသားများ ဆန္ဒပြရာတွင် KNU တပ်မဟာ ၆ က လိုက်လံစောင့်ကြပ်ပေးခဲ့သည်။  

ယမန်နေ့ နေ့လယ်ပိုင်းကလည်း စစ်တပ်၏ ခလရ-၁၀၃ နှင့် တပ်မဟာ ၄ တို့ ထားဝယ်မြို့အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ နယ်မြေကျော်လွန်လာခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကြောင်း KNU က ထုတ်ပြန်ထားသည်။ 

တပ်ရင်းမှူး သိန်းဘိုဘို၊ ဒုရင်းမှူး ကျော်ထွန်းသူ ဦးဆောင်သည့်အဖွဲ့ အင်အား(၃၇)ဦး တို့သည် မဲဒိုင်စခန်းသို့ ရိက္ခာနှင့် လစာ သွားရောက်ပို့ဆောင်ပေးရန် အကြောင်းပြခဲ့ပြီး နယ်မြေကျော်လွန်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အနီးကျေးရွာမှ ဒေသခံ စောတီတီနှင့် ဇနီး၊ ကလေး ၃ ဦးအပါအဝင် မိသားတစ်စုလုံးတို့အား မောထာရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ မောထာရှိ ကျေးရွာသူရွာသားတို့ကို ပစ်ခတ်ခဲ့ကြောင်းKNU က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button