ငလျင်ဒဏ်သင့်ဗလီများကို နှစ်လကျော်ကြာမြင့်ချိန်ထိ ပြန်လည်တည်ဆောက်ရန် စစ်ကောင်စီက ခွင့်ပြုချက် မချပေးသေး၍ ယာယီအဆောက်အအုံများထဲတွင် ဝတ်ပြုနေကြရကြောင်း အစ္စလာမ်ဘာသာဝင်များနှင့် ဘာသာရေးဆရာများထံက စုံစမ်းသိရှိရသည်။
မတ်လကုန်ပိုင်း အင်းအားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်တွင် ဗလီ ၁၄လုံးထက်မနည်း ထိခိုက်သည်၊ မန္တလေးမြို့တွင် ရှေးကျသည့် ဗလီ ၆၅လုံးရှိသည့်အနက် ၅၇လုံး ပြိုကျပျက်စီးသည်၊ ပြုပြင်၊ တည်ဆောက်ရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သေးဟု သိရှိရသည်။
ထိုမြို့ကြီးများမှ ဗလီတာဝန်ရှိတို့ကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့ထဲမှ ၄ ဦးက ဌာနဆိုင်ရာသို့ စာရေးသားပေးပို့ တင်ပြထားသည်၊ စိစစ်နေဆဲ ဖြစ်ကြောင်းသာ သိရှိရသည်ဟု ဆိုကြသည်၊ အသေးစိတ်ကိုဖြေဆိုရန် ငြင်းဆိုကြပြီး ပြန်လည်ဆောက်လုပ်ခွင့်ရရန် မျှော်လင့်နေကြသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၁)ရပ်ကွက်ရှိ စွန္နဂျာမေဗလီ၊ မင်္ဂလာရပ်ကွက်ရှိ စူရ်တီဗလီတို့တွင်လည်း ဝတ်ပြုရန် ယာယီအဆောက်အအုံများ စီစဉ်ထားသည်ကို တွေ့ရသည်။
နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများတွင်လည်း အဆောက်အဦပျက်များထဲမှ ရရှိသည့် အုတ်များ စုပုံထားသည်ကို တွေ့ရသည်။
ဘာသာရေးအဆောက်အအုံများ ပြုပြင်၊ တည်ဆောက်လိုပါက သာသနာရေး ဌာနကိုလည်း တင်ပြရသည်ဟု အရာရှိတစ်ဦးက ပြောသည်။
“ဘာသာရေး အဆောက်အအုံတွေကို၊ ပြိုကျသွားတဲ့ အုတ်တံတိုင်းတွေကို ပြုပြင်နေကြပါပြီ။ ပြန်ပြင်ဖို့ဆိုတာကလည်း အလှူရှင်တွေလည်းလိုတယ်၊ ဘုရားပိုက်ဆံတွေက ဒီအတိုင်းသုံးလို့လည်း မရဘူး၊ သက်ဆိုင်ရာ အဖွဲ့တွေဆီ ခွင့်ပြုချက် အသိပေးရတွေလည်းရှိတော့ ကြာနေတဲ့ သဘောပါ” ဟုနေပြည်တော်ရှိ ဇဗ္ဗူသီရိ မြို့နယ် သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ဗလီများတွင် သက်ငယ်မိုး၊ တာလပတ်ကာ ယာယီအဆောက်အဦ တည်ဆောက်ကာ ဘုရားရှိခိုးဝတ်ပြုနေရသည်၊ ထိုအဆောက်အအုံများမှာ လေဒဏ်၊ မိုးဒဏ် ခံနိုင်ရည် နည်းပါးသည့်အပြင် အသံမလုံသည့် အခက်အခဲလည်း ရှိသည်ဟု အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြောသည်။
“ပြိုဖျက်ထားတဲ့ နေရာလေးတွေကို သူတို့ဟာနဲ့သူ သက်ငယ်လေးမိုးပြီး ရှိတဲ့ အခင်းအကျင်းလေးနဲ့ ဝတ်ပြုနေကြတာပေါ့၊ အဆင်ပြေတယ်လို့တော့ မဟုတ်ပေမယ့် အဆင်ပြေအောင်တော့ ဆောင်ရွက်ရတာပဲ၊ လိုအပ်ချက်တွေရှိတာပေါ့” ဟု မန္တလေးမြို့ ဗလီတစ်ခုမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့မှ ထူပါရုံလမ်းနှင့် ဇေယျာလမ်းကြား၊ စစ်ကိုင်းမြို့မရဲစခန်းနှင့် ကပ်လျက်ရှိသော ဂါတ်တန်းဗလီသည် ငလျင်ကြောင့် ထိခိုက်ခဲ့သော်လည်း ပြန်ပြင်နိုင်ခြင်း မရှိမီမှာပင် ရဲစခန်းနယ်မြေအတွင်း ပါဝင်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် မကြာသေးခင်က ချိပ်ပိတ်ခံလိုက်ရသည်။
၁၉၆၂ခုနှစ်ကမှစ၍ စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် ဗလီများကို ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ဆောက်လုပ်ခွင့်များကို ကန့်သတ်ထားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများ၊ ဗလီများကို ယခင်က ခွင့်ပြုထားသည့်အတိုင်း ပြန်လည်တည်ဆောက်ခွင့်ပြုရန်လိုအပ်ကြောင်း ၊ ခရစ်ယာန်ကျောင်းများ ပျက်စီးမှုရှိပါကလည်း စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ဧပြီ ၅ရက်နေ့က နေပြည်တော် အစည်းအဝေးတစ်ခုတွင် ထုတ်ဖော်ပြောဆိုထားသည်။
ထို့အပြင် လူနေအိမ် ၅သောင်းကျော်၊ ဌာနအဆောက်အအုံ ၁သောင်းကျော်၊ ဆေးရုံနှင့် ဆေးခန်း ၇၀၀ကျော်၊ စာသင်ကျောင်း ၂၅၀၀ကျော်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြား ဘာသာရေး အဆောက်အအုံပေါင်း ၅၅၈၈ လုံး ပျက်စီးခဲ့ကြောင်း မတ် ၃၀ ရက်နေ့ စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။
ဘာသာရေး အဆောက်အအုံ ထိခိုက်ပျက်စီးမှုကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့မှ ဗလီ ၅၀ ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး၊ ထိုအဖြစ်အပျက်များကြောင့် အနည်းဆုံး ၂၅၀ ကျော် သေဆုံးနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။
မန္တလေးတိုင်း အမရပူရ မြို့နယ်မှ အသက် ၄၆နှစ်အရွယ် အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးက ယာယီဝတ်ပြုဆောင်နှင့် ဝတ်ပြုရချိန်တွင် မိုးရာသီဖြစ်ခြင်း၊ နောက်ဆက်တွဲ ငလျင်များ ရှိနေခြင်းတို့ကြောင့် စိတ်မသက်မသာဖြစ်ရသည်ဟု ပြောသည်။
“နဂိုရှိရင်းစွဲ ဗလီတွေမှာတော့ လုံလုံခြုံခြုံရှိတယ်၊ စိတ်လည်းချမ်းသာတာပေါ့၊ ဘုရားဝတ်ပြုတယ်ဆိုတာ ဘုရားတစ်ခုကိုပဲ အာရုံထားရတာလေ၊ ကျန်တဲ့အာရုံထားမရဘူး“ ဟု ၎င်းက ဆိုသည်။
အမရပူရမြို့နယ်တွင် လူဦးရေ အများဆုံး နှစ်ထောင်ကျော် တက်ရောက်နိုင်သည့် ဗလီ ပြိုကျသွားသောကြောင့် ယာယီဝတ်ပြုဆောင်ထဲတွင် လူဦးရေမဆန့်တော့ပေ၊ တစ်ထောင်ကျော်သာ ဝတ်ပြုရပြီး ကျန်တစ်ထောင်ကျော်မှာ အိမ်မှနေ၍ ဝတ်ပြုရကြောင်း ယင်းအမျိုးသားကရှင်းပြသည်။
“ကျွန်တော်တို့ ဝတ်ပြရတာက တစ်ယောက်တည်းဝတ်ပြုတာထက် စုပေါင်းဝတ်ပြုတာက ပိုအရေးကြီးတယ်လေ” ဟု သူက ဆိုသည်။
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများကို အမြန်ဆုံးပြန်လည် တည်ဆောက်ခွင့်နှင့် ပြင်ဆင်ခွင့် ခွင့်ပြုရရန် မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။



