လွန်ခဲ့သည့် ၂၅ နှစ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အုပ်ချုပ်သည့် မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ အရေးယူခြင်းသည် စစ်ကောင်စီလက်ထက်တွင် သမိုင်းတစ်ကျော့ ပြန်လည်လာခဲ့သည်။
၁၉၈၈ ခုနှစ် အာဏာသိမ်းဗိုလ်ချုပ်ကြီးများက တောင်သူလယ်သမား၊ အလုပ်သမားများနှင့် ပြည်သူလူထုတစ်ရပ်လုံးကို တစ်အိမ် တစ်ယောက် လုပ်အားပေးစေခိုင်းခြင်းအပါအဝင် အမျိုးမျိုးသော အဓမ္မခိုင်းစေမှုများကြောင့် ၂၀၀၀ ပြည့် နှစ် ဇွန် ၁၄ ရက်နေ့တွင် ILO က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် NLD ဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာ သိမ်းခဲ့သည့် အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် ယခုလ ၅ ရက်နေ့ တွင် ILO က မြန်မာကို ဒုတိယအကြိမ် အရေးယူခြင်း ဖြစ်သည်။
အဖွဲ့ဝင် ၁၈၇ နိုင်ငံပါဝင်သည့် ILO တွင် မြန်မာနိုင်ငံက အခြေခံပြဋ္ဌာန်းချက် ၁၀ ချက်အနက် ၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားသည်၊ ပြဋ္ဌာန်းချက် အမှတ် ၈၇ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မခိုင်းစေမှုပပျောက်ရေးတို့ကို ဆိုးရွားစွာချိုးဖောက်နေကြောင်း ILO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ အောက်တိုဘာတွင် ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီမိုကရေစီနှင့် နိုင်ငံသား လွတ်လပ်ခွင့် ပြန်လည်ရရှိရေး၊ လွတ်လပ်စွာစုဝေးခွင့်၊ အသင်းအဖွဲ့တည်ထောင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အချက် ၁၁ ချက် အကြုံပြုသော်လည်း စစ်ကောင်စီဘက်က လိုက်နာရန် ပျက်ကွက်ခဲ့သည်။
ထို့ကြောင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပခဲ့သည့် ILO အဖွဲ့ညီလာခံတွင် စစ်ကောင်စီကို အရေးယူ ရန် စစ်တပ်မိတ်ဖက်နိုင်ငံများမှလွဲ၍ အခြားအဖွဲ့ဝင်နိုင်ငံအများအပြားက ဆုံးဖြတ်ချက်ချခဲ့ကြောင်း ILO အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
“ILO ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ က ပြည်သူတွေအတွက် အလုပ်သမားတွေအတွက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးစည်းရုံးခွင့်ရအောင်၊ အသင်းအပင်းဖွဲ့စည်းခွင့်ရအောင် အကာကွယ်ပေး ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် စစ်တပ်မကြိုက်တဲ့ ကိစ္စရပ်တွေဖြစ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် စစ်တပ်ကို အထိနာမှာဖြစ်တယ်” ဟု သူက Myanmar Now ကို ပြောသည်။
ထိုသို့အရေးယူရာတွင် ILO ပြဋ္ဌာန်းချက် ၂ ခုနှင့်ပတ်သက်၍ လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိသည့် ယန္တရား ဖော်ဆောင်ပေးခြင်း၊ တိုင်းကြားရေးယန္တရားထူထောင်ခြင်း၊ စစ်ကောင်စီနှင့် ဆက်ဆံရေးကို အဖွဲ့ဝင်နိုင်ငံများက ပြန်လည်သုံးသပ်ခြင်း၊ အခွင့်အရေးချိုးဖောက်မှုဖြစ်စေနိုင်သည့် ငွေကြေးစီးဆင်းမှုများ ပိတ်ဆို့မှုခြင်း၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ဖြတ်တောက်ခြင်း စသည့် အချက်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယခုဆုံးဖြစ်ချက်သည် အာဏာသိမ်းစစ်ကောင်စီ ဝင်ငွေရစေသည့် ငွေလမ်းကြောင်းများ ပိတ်ဆို့ရန်၊ အခွင့်အရေးချိုးဖောက်သောလုပ်ငန်းရှင်များကို အခွင့်အရေးလိုက်နာရန် အလုပ်သမားများကိုယ်တိုင် ထိုဆုံးဖြတ်ချက်ကို ကိုင်စွဲအသုံးပြုနိုင်သည့် အခွင့်အရေးရှိလာကြောင်း ဆက်ပြောသည်။
“သေသေချာချာ သိရှိနားလည်ပြီး ကောင်းမွန်စွာ အသုံးပြုတတ်ရင် တော်တော်ကိုအကျိုးများမဲ့ အလုပ်သမားနဲ့ ပြည်သူလူထုကို အကာကွယ်ပေးနိုင်တဲ့ ဆုံးဖြစ်ချက်ဖြစ်ပါတယ်ဟု ဒေါ်ဖြိုးစန္ဒာစိုးက ဆိုသည်။
အခြားတစ်ဖက်တွင်မူ ဘေးထွက်ဆိုးကျိုးအဖြစ် ဆင်းရဲမွဲတေမှုများကြား လုပ်ခလစာအနည်းငယ်ဖြင့် လုပ်ကိုင်နေသည့် အလုပ်သမားများအား ထိခိုက်လာနိုင်သည်ကို အလုပ်သမားရေးလှုပ်ရှားနေသူတချို့က စိုးရိမ်မကင်းဖြစ်နေကြသည်။


ILO ပြဋ္ဌာန်းချက်ကို မလိုက်နာသဖြင့် ပုဒ်မ ၃၃ အရ အရေးယူရာတွင် အဖွဲ့ဝင်တစ်နိုင်ငံချင်းအလိုက် လိုအပ် သလို အရေးယူမှုလုပ်လာနိုင်ပြီး လက်တွဲလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းနှင့်အကူအညီများ ရပ်ဆိုင်း လာနိုင်ကြောင်း အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU) အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။
အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အားပေးထောက်ခံပြီး စီးပွားရေးအရရှေ့ရောက်သည့် ကမ္ဘာနိုင်ငံကြီးများက မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင် ဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်းတီးရေး ရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိးရေးအကူအညီများ၊ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများပေးထားကြပြီး ယခုအရေးယူမှုကြောင့် ထိုအခွင့်အရေးများပေါ် သက်ရောက်မှုရှိလာနိုင်သည်ဟု ၎င်းက ဆိုသည်။
“လုပ်ငန်းတွေပိတ်သိမ်းလာမယ်ဆိုရင် ဒါတွေကို အလုပ်သမားတွေက မထောက်ခံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရှင်သန်ရပ်တည်ရေး၊ လူသားတစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်ရေးကို ခြိမ်းခြောက်တာ တော့ ဘယ်လူသားက လက်ခံမလဲ။ နောက်တစ်ယောက်တောင်မဟုတ်ဘူး။ နောက်က မိသားစုတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
“သန်းခေါင်ထက် ညည့်မနက်ဘူးဆိုတာ စကားလုံးအရတော့ ဟုတ်တာပေါ့။ တကယ်ငတ်တဲ့ပြဿနာကို ကျွန်တော်တို့က ဘယ်နှစ်ရက်ဆွဲဆန့်ပြီးတောင်းရမှာလဲ။ လူဆိုတာက အသက်ရှင်ရပ်တည်ရေးအတွက် အလုပ် လုပ်ကိုလုပ်ရမယ်”
ILO ပုဒ်မ ၃၃ အရ အရေးယူမှုကို ပြည်တွင်းနှင့် ပြည်ပရောက်အလုပ်သမားအဖွဲ့များကြားတွင် အမြင်မတူညီမှုများရှိနေသည်။ ယခုအရေးယူမှုသည် စစ်ကောင်စီကို ဝင်ငွေပိတ်ဆို့ရန် ရည်ရွယ်ကြောင်း ပြည်ပရောက်အလုပ်သမားများက ယူဆကြသော်လည်း ပြည်တွင်းရှိ အလုပ်သမားအဖွဲ့အစည်းများကမူ ထိုပိတ်ဆို့မှုကြောင့် သိန်းနှင့်ချီသောအလုပ်သမားများထိခိုက်မည်ကို စိုးရိမ်ကြသည်။
အထည်ချုပ်လုပ်ငန်းသည် ပို့ကုန်ဝင်ငွေအများဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီး ချုပ်လုပ်ပြီးအထည်တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာဘီလျံချီဝင်ငွေရနေသည်။ ၂၀၂၀-၂၁ တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံရရှိခဲ့ပြီး ILO က ပိတ်ဆို့ပါက စစ်တပ်နှင့်ပူးပေါင်း လုပ်ကိုင်သည့် လုပ်ငန်းများရပ်ဆိုင်း မည့်အပြင် ထိုဝင်ငွေများလည်းပိတ်ဆို့နိုင်ကြောင်း တွက်ဆနေကြသည်။
ပို့ကုန်တန်ဖိုးအရ ဒေါ်လာဘီလျံချီရှိသည်ဟု တွေ့မြင်ရသော်လည်း မြန်မာအနေဖြင့် ကိုယ်တိုင်ချုပ်လုပ် တင်ပို့သည့်အဆင့်မရှိဘဲ လက်ခစားစနစ်ဖြင့် ချုပ်ပေးရခြင်းကြောင့် အရင်းစစ်ပါက လုပ်အားခအဖြစ် ပမာဏအနည်းငယ်သာရကြောင်း ဦးရဲနိုင်ဝင်းက ပြောသည်။ ထို့ကြောင့် စစ်ကောင်စီ ထိခိုက်ခြင်းထက် အလုပ်သမားများအပေါ် ထိခိုက်မှုပိုကြီးမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
၂၀၀၀ ပြည့်နှစ်က အလားတူ အရေးယူမှုကြောင့် နိုင်ငံတကာအမှာများရပ်ဆိုင်းသွားသလို အလုပ်သမားများကို လွှဲပို့သည့် ငွေကြေးလမ်းကြောင်းများပိတ်ဆို့ခံရခြင်းကြောင့် စက်ရုံလုပ်ငန်းအားလုံး ငုတ်တုတ်မေ့သွားကြကြောင်း နှစ်ပေါင်း ၃၀ ကျော် စက်မှုဇုန်လုပ်ငန်းအတွေ့အကြုံရှိသည့် ရန်ကုန်မြို့မှ ထိပ်သီးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
အရေးယူပိတ်ဆို့မှုသမိုင်းတစ်ပတ်ပြန်လည်လာချိန်တွင် လုပ်ငန်းရှင်များ အတွေ့အကြုံရှိထားကြသလို ယခုတစ်ကြိမ်တွင် အလုပ်သမားများထိခိုက်မှုနည်းရန် ဆောင်ရွက်လာနိုင်သဖြင့် အလုပ်ရှင်များလည်း အသက်ရှူပေါက်ရနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဒါပေမယ့် မုန်တိုင်းထန်ပြီဟေ့ဆိုရင် ဂယက်တော့နည်းနည်းရှိမှာပေါ့။ လှိုင်းတော့နည်းနည်းရှိမှာပေါ့” ဟု ၎င်းက ပြောသည်။
“စိုးရိမ်တာတော့ သူဌေးတွေပဲ၊ စက်ရုံပိုင်ရှင်သူဌေးတွေပေါ့ဗျာ။ ပိတ်ဆို့မှုတွေက ဘယ်သူပဲ ပိတ်ပိတ်ပေါ့၊ ပိတ်ပြီဟေ့ဆိုတာနဲ့ အလုပ်ရှင်ရော၊ အလုပ်သမားရောအားလုံးနစ်နာမှာကို။ အရင်လို ၂၀၀၀ ခုနှစ်က အခြေအနေနဲ့ အခုအခြေအနေကတော့ အလုပ်သမားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်လိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်တယ်”
ယခင်အတွေ့အကြုံများကို အခြေခံ၍ ပိတ်ဆို့မှုကို ကျော်လွှားရန် ကြိုတင်ဆွေးနွေးမှုများရှိကြောင်း၊ ငွေ ကြေးလွှဲပြောင်းမှုများပိတ်ဆို့ခံရမည်ကို အဓိကစိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် လွန်ခဲ့သည့် ၂၅ နှစ်က အထည်ချုပ်လုပ်ငန်းတွင် အမေရိကန်နှင့် ဥရောပတို့က အဓိက လုပ်ကိုင်ခဲ့ပြီး ယခုအခါ မြန်မာတွင် အိမ်နီးချင်းတရုတ်လုပ်ငန်းများကသာ အဓိကလွှမ်းမိုးထားရာ ပိတ်ဆို့မှုများကို အဖြေရှာနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
လတ်တလော အထည်ချုပ်စက်ရုံများတွင် နိုင်ငံတကာ မှာယူမှု အားကောင်းနေပြီး နောက်နှစ်ဆန်းထိ ဆက်လက်ရနိုင်ကြောင်း၊ အလုပ်သမားနှင့် လူအခွင့်အရေးချိုးဖောက်မှုရှိသည်ဆိုကာ နိုင်ငံတကာအမှတ်တံဆိပ်အထည်ချုပ်လုပ်ငန်းများက မြန်မာမှ ထွက်ခွာမည်ဟု ပြောဆိုထားသော်လည်း လုပ်ခဈေးအသက်သာဆုံးဖြစ်နေခြင်းကြောင့် မြန်မာပြည်မှ မခွဲနိုင်မခွာရက်ဖြစ်နေကြောင်း အထည်ချုပ်လုပ်ငန်းရှင် တချို့က ဆိုကြသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနကမူ ILO ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ဆုံးဖြတ်ခြင်းဖြစ်ပြီး သက်ရောက်မှုမရှိကြောင်း ဇွန် ၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ကြံခိုင်ရေးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမောင်မြင့် ခေါ် မင်းကင်းမောင်မြင့်က နိုင်ငံတကာအသိုင်းအဝန်း ဖယ်ကျဉ်ခံထားရသည့် စစ်ကောင်စီသည် ILO ညီလာခံတွင် သံတမန်ရေးအရ အသိမှတ်ပြုမခံရ၍ ကြီးမားစွာ ဆုံးရှုံးနေကြောင်း၊ ယခုအရေးယူမှုမှာ ပေါ့ပေါ့တန်တန်မဟုတ်ကြောင်း စစ်တပ်ဝါဒဖြန့်သတင်းဌာနကို ပြောဆိုထားသည်။
မြန်မာအထည်ချုပ်အများအပြားဝယ်ယူနေသည့် ဥရောပသမဂ္ဂကမူ ILO ဆုံးဖြတ်ချက်ကို ထောက်ခံပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို အာဏာသိမ်းစစ်ကောင်စီ အမြန်ဆုံးထိတွေ့ဆောင်ရွက်ရန် ဇွန် ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ILO အရေးယူမှုဆုံးဖြတ်ချက်တွင် အဓိကအားဖြင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီနှင့်ဆက်ဆံရေး ၊ ပြည်သူအပေါ် အခြေခံအခွင့် အရေးချိုးဖောက်မှုနှင့် ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမည့် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်မှုများ မပြုလုပ်ရန် စသည်ဖြင့် စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ပါဝင်ပါသည်။
ထိုဆုံးဖြတ်ချက်သည် စစ်ကောင်စီအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေးစစ်မျက်နှာတွင် ထိခိုက်နိုင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် များစွာအကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။



