ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၄၁၀၀၀၀(၁၄သိန်းကျော်)ခန့်ဖြင့် သမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်းသို့ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဧပြီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းခဲ့သည့် နှစ်လကျော်အတွင်း ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ကိုးသောင်းခန့် မြင့်တက်လာခြင်း ဖြစ်သည်။ ဒေါ်လာဈေး မြင့်တက်လာခြင်းနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ရွှေဈေးတက်လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။
ဧပြီ ၇ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၄၀၈၅၀၀ ဈေးဖွင့်ခဲ့ပြီး ပြင်ပပေါက်ဈေးတွင် ကျပ် ၁၄၁၀၀၀၀အထိ ရှိခဲ့သည်။ ယနေ့ကမ္ဘာပေါက်ဈေးသည် ရွှေတစ်အောင်စလျှင် ၁၇၃၆ ဒေါ်လာရှိသည်။ ငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၅၀ကျပ်ဈေးရှိသည်။
“ဒေါ်လာဈေးတက်တာရယ်။ ကမ္ဘာ့ဈေးတက်တာရယ်ကြောင့် ဈေးက မြင့်တက်လာတာပါ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက သူ၏အမြင်ကို ပြောသည်။
လက်ရှိတွင် လုပ်ငန်းရှင်တချို့ကလည်း ရွှေဝယ်စုသူများရှိလာပြီး အများပြည်သူက ငွေလို၍ ပြန်လည်ရောင်းချလာသည်များရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ကမ္ဘာ့ပေါက်ဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းအရ လက်ရှိဈေးနှုန်းသည် ကမ္ဘာ့ပေါက်ဈေးနှုန်းထက် လျော့နည်းနေသေး၍ ဈေးဆက်လက်မြင့်တက်နိုင်သေးသည်ဟု ရွှေအရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီက အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်တွင် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားကို ၁၃၂၀၀၀၀ ရှိခဲ့သည်။ ကမ္ဘာရွှေဈေးသည် တစ်အောင်စကို ၁၈၄၅ ဒေါ်လာရှိခဲ့သည်။ တစ်ဒေါ်လာကို ၁၃၃၅ ကျပ် ဈေးပေါက်ခဲ့သည်။