
အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေနှင့် ကျောက်ဖြူမြို့ကို မေလအတွင်း ထိုးစစ်များ စတင်ခဲ့သည့် သတင်း ထွက်ပေါ်လာခဲ့သော်လည်း၊ ယခင် မြို့သိမ်းထိုးစစ်များနှင့်မတူ စစ်ရေးသတင်း အချက်အလက်များကို အထူးလျှို့ဝှက်ထားပြီး၊ ယနေ့အချိန်ထိ မည်သည့်ကြေညာချက်မှ တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။
ထိုအခြေအနေတွင် ကျောက်ဖြူမြို့၏ အနောက်တောင်ဖက် ၁၀ ကီလိုမီတာခန့်အကွာ မလကျွန်းကျေးရွာရှိ သဘာဝဓာတ်ငွေ့သန့်စင်စခန်း၊ တွန်းပို့စက်ရုံ၊ တရုတ် အစိုးရပိုင် Power China ကုမ္ပဏီက တည်ဆောက်လည်ပတ်နေသော သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ၊ China National Petroleum Corporation ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ပို့လွှတ်စခန်းနှင့် ကပ်လျက် တောင်ကုန်းပေါ်ရှိ စခန်းကုန်းကို AA က မေလ ၂၉ ရက်နေ့တွင် ဒရုန်းများဖြင့် တိုက်ခိုက်သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုစခန်းတွင် စစ်တပ်က ခံစစ်ကတုတ်ကျင်းများ အခိုင်အမာတည်ဆောက် တပ်စွဲထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း မေလ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ် နည်းဗျူဟာမှူး ဗိုလ်မှူးချုပ်အဆင့်တစ်ဦး သေဆုံးခဲ့ပြီး၊ စစ်ဦးစီးမှူး (ပထမတန်း) အဆင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တချို့ကို မေလ ၃၀ ရက်နေ့တွင် AA က ဖမ်းဆီးရမိကြောင်း သတင်းနှင့် ဓာတ်ပုံများကို ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်သော နိရဥ္ဇရာ သတင်းဌာနက ဖော်ပြခဲ့သည်။ ရုတ်တရက်ထွက်ပေါ်လာသော ထိုသတင်းများက မည်သည့် လားရာကို ညွန်ပြနေပါသနည်း။
AA ၏ ယခင် မြို့သိမ်းစစ်ဆင်ရေးများနှင့် ချိန်ထိုးကြည့်မည်ဆိုလျှင် ကျောက်ဖြူအခြေစိုက် စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု အဆင့်မြင့်အရာရှိများ သေဆုံး၊ ဖမ်းဆီးခံရသည့် သတင်းများက ကျောက်ဖြူမြို့သည် AA လက် အောက် အချိန်မရွေး ရောက်ရှိသွားနိုင်သည့် ရှေ့ပြေးလက္ခဏာ ဖြစ်လာသည်။ ယင်းသည် တရုတ် အစိုးရ၏ စိုးရိမ်ပူပန်မှုများကို ငယ်ထိပ်ရောက်သွားစေနိုင်သော သတင်း ဖြစ်သည်။
အကြောင်းမှာ ရခိုင်ကမ်းရိုးတန်းပေါ်ရှိ ကျောက်ဖြူမြို့သည် မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများ၏ ဗဟိုချက် သို့မဟုတ် နှလုံးသားသဖွယ် အရေးပါလှသည်။ ယခုအခါ တရုတ်နှလုံးသားကို ပစ်မှတ်ထားသော ကျောက်ဖြူ ထိုးစစ်ကို AA က မြို့သိမ်းတိုက်ပွဲအထိ စစ်ရှိန်မြင့်လာနေပြီလား စိတ်ဝင်တစား စောင့်ကြည့်ရပေတော့မည်။
တရုတ်အကျိုးစီးပွား၊ လုပ်ငန်းတို့ကို အကာအကွယ်ပေးရန် တရုတ်စီမံကိန်းနေရာများအနီး တောင်ကုန်းငယ်ပေါ်တွင် တပ်စွဲထားသော စစ်တပ်စခန်းကို AA ၏ တိုက်ခိုက်မှုသည် ပေကျင်းမြို့တော်ရှိ တရုတ်ခေါင်းဆောင်များကို စိန်ခေါ်နေဘိသကဲ့သို့ ရှိသည်။ တရုတ်အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းကြောင့် AA ရင်ဆိုင် ရနိုင်မည့် တရုတ်ဖိအားများက အဘယ်နည်း။ တရုတ်နယ်စပ်အခြေစိုက် ကိုးကန့် (MNDAA)၊ တအာင်း (TNLA) တပ်ဖွဲ့များနှင့် မတူသော အားသာချက်များ AA တွင် ရှိနေသည်က အမှန်ပင် ဖြစ်သည်။
ကျောက်ဖြူမြို့သည် ရမ်းဗြဲကျွန်း၏ မြောက်ပိုင်းတွင် တည်ရှိပြီး၊ ကျွန်း၏တောင်ပိုင်းတွင် ရမ်းဗြဲမြို့ တည်ရှိသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ရခိုင်ပြည်နယ်တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း ရမ်းဗြဲမြို့ကို သုံးလကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် AA သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစဥ်ကတည်းက ရမ်းဗြဲမြို့သိမ်းတိုက်ပွဲပြီးလျှင် ကျောက်ဖြူမြို့ကို ဆက်တိုက်ထိုးစစ်ဆင်မည်လား ဟု စိုးရိမ်စိတ်ဖြင့် မြို့ခံပြည်သူအများအပြား စစ်ဘေးရှောင်ခဲ့ကြဖူးသည်။ စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလ သန်းခေါင်စာရင်းကောက်ယူမှုတွင် ကျောက်ဖြူမြို့နယ်၏ လူဦးရေကို ၉၂,၂၇၆ ဦးသာ ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင်မူ လူဦးရေမှာ ၁၆၅,၃၅၂ ဖြစ်သည်။ ၇၃,၀၇၆ ဦး လျော့နည်းနေခြင်းဖြစ်သည်။ အဆိုပါ ပျောက်ဆုံးသွားသော လူဦးရေသည် စစ်ကောင်စီ စာရင်းမကောက်ယူနိုင်သော AA ထိန်းချုပ်ဒေသများတွင် ရောက်ရှိနေခြင်း၊ အခြားမြို့များသို့ ပြောင်းရွှေ့သွားခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။
ကျောက်ဖြူထိုးစစ် ရပ်တန့်ရန် တရုတ်အစိုးရ ဖိအားစတင်ပေးလာခြင်း
တရုတ်အစိုးရသည် ကျောက်ဖြူမြို့ကို သိမ်းယူနိုင်ရန် ထိုးစစ်ဆင်နွှဲနေသော AA ကို ဖိအားပေးလာပြီ ဖြစ်သည်။ မကြာသေးခင်က လားရှိုးမြို့ ပေါ်ရပ်ကွက်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်၊ တရုတ်အစိုးရ၏ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်သည့် ထိုဖြစ်စဥ်တွင် လားရှိုးမြို့အထိ ကိုယ်တိုင်ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့သော အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက မေလကုန်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် AA ကိုယ်စားလှယ်များကို တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့သည်၊ ထိုသို့ တွေ့ဆုံစဉ် ဗန်းမော်နှင့် ကျောက်ဖြူမြို့ကို ထိုးစစ်များ ဆက်မလုပ်ရန် ဖိအားပေးခဲ့ကြောင်း ဧရာဝတီ သတင်းဌာန က ဇွန်လ ၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့သည် နိုင်ငံ၏ အသက်သွေးကြောသဖွယ် မြောက်ဖျားပိုင်းမှ တောင်ဘက် မြစ်ဝကျွန်းပေါ်အထိ မဟာဗျူဟာကျကျ ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ်အတွင်းမှ ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ အထက်မြန်မာပြည်၏ ထိုဆိပ်ကမ်းမြို့ကို တရုတ်နယ်စပ်မှ အတိုဆုံးကုန်းလမ်းခရီးဖြင့် ရောက်ရှိနိုင်သည်။
ဗန်းမော်မြို့သည် တရုတ်အစိုးရ၏ မြန်မာနိုင်ငံအတွင်းရှိ ပိုးလမ်းမ ရပ်ဝန်းနှင့်လမ်းကြောင်း (BRI) စီမံကိန်း၏ ပထဝီမဟာဗျူဟာမြောက်မြို့ (Geostrategic Point) ဖြစ်သည်။ ဗန်းမော်မြို့ကို KIA ထိန်းချုပ်နိုင်လျှင် မြေရှားသတ္တုသိုက်များ ဗဟိုချက်ဖြစ်သော ပန်ဝါဒေသကို ထိန်းချုပ်နိုင်သကဲ့သို့ တရုတ်အစိုးရနှင့် ဆက်ဆံရေးတွင် ချိန်ခွင်လျှာတိုးလာမည် ဖြစ်သည်။
သို့သော် ဗန်းမော်မြို့တွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုများ မြေပြင်တွင် တည်ရှိမနေသေးပေ။ ဗန်းမော်နှင့်နှိုင်းယှဥ်လျှင် ကျောက်ဖြူသည် တရုတ်အစိုးရအတွက် အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာထွက်ပေါက် (Strategic Access to India Ocean) ဖြစ်ပြီး၊ ကျောက်ဖြူမြို့တွင် ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးကြီးမားသော ရင်းနှီးမြုပ်နှံမှုများ ရှိနှင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် မြို့နှစ်မြို့အပေါ် တရုတ်အစိုးရ၏ စိုးရိမ်ရေမှတ် ကွာခြားချက်ကို မှန်းဆနိုင်ပါသည်။
ထို့ကြောင့် ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးကြီးမားသော တရုတ်ရင်းနှီးမြုပ်နှံမှုများ တည်ရှိရာ ကျောက်ဖြူမြို့ကို သိမ်းယူနိုင်ရေး AA ထိုးစစ်အခြေအနေကို ပိုမို သိရှိနိုင်ရန် Google Earth မြေပုံပေါ်တွင် စစ်တပ်၏ တပ်ရင်းတည်နေရာများ၊ တရုတ်စီမံကိန်းနေရာများ၊ အနီးဝန်းကျင်း ကျေးရွာတချို့ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ဖြတ်သန်းသွားသည့်နေရာများကို ဖော်ထုတ်လေ့လာ သုံးသပ်ကြည့်ခဲ့ပါသည်။
မြေပြင်မှ ထွက်ပေါ်လာသော တိုက်ပွဲသတင်းများအပေါ် အခြေခံထားပြီး မြေပုံလေ့လာချက်အရ ရမ်းဗြဲကျွန်း မြောက်ပိုင်းအစွန်းရှိ ကျောက်ဖြူမြို့ကို ကျွန်း၏တောင်ပိုင်း ရမ်းဗြဲမြို့ဘက်မှလည်းကောင်း၊ ကျောက်ဖြူ-မအီ ကားလမ်းအတိုင်း ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲမြို့မှလည်းကောင်း AA က ကျောက်ဖြူ၏ အချက်အခြာနေရာများကို ဝိုင်းပတ်ပိတ်ဆို့ထားပုံရသည်။ ထို့ကြောင့် တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းသည် AA ခေါင်းဆောင်ပိုင်းကို တွေ့ဆုံပြီး၊ ကျောက်ဖြူ ထိုးစစ်ရပ်တန့်ရန် ဖိအားပေးလာခြင်း ဖြစ်ပေလိမ့်မည်။
ဇွန်လ ၂ ရက်နေ့တွင် ညီနောင်မဟာမိတ် ၃ဖွဲ့သည် ငလျှင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်စဲခြင်း” ကို ဇွန်လကုန်အထိ တိုးမြှင့် ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၏ ထိုးစစ်များ ရပ်တန့်ရန် ဖိအားပေးမှုသတင်းများက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အပစ်ရပ်ကြေညာပြီး ကျောက်ဖြူမြို့တွင် လတ်တလော AA ၏ ထိုးစစ်များ ရပ်ဆိုင်းထားသည်ဟု ကြားသိရသည်။ သို့သော်လည်း ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခလရ (၃၄) နှင့် ပင်လယ်ပြင်ထဲရှိ စစ်ရေ ယာဥ်များက AA တပ် ရှိနိုင်သော နေရာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေသည်ဟု ဆိုသည်။
ထို့ကြောင့် ရမ်းဗြဲကျွန်းတောင်ပိုင်းကို ကန့်လန့်ဖြတ်သွယ်တန်း တည် ဆောက်ထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်းပေါ် လက်နက်ကြီးကျည် မတော်တဆ ကျရောက်ပြီး ပိုက်လိုင်းပေါက်ကွဲနိုင်သော အခြေအနေ မြင့်မားသည်ကိုလည်း မြေပုံလေ့လာချက်အရ မှန်းဆနိုင်ပါသည်။

တရုတ်အကျိုးစီးပွားကို အကြီးကျယ်ဆုံး ထိခိုက်နိုင်သော ကျောက်ဖြူထိုးစစ်
ရမ်းဗြဲမြို့ကို AA သိမ်းပိုက်ထားသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သည်။ ထို့အပြင် ရမ်းဗြဲကျွန်းမှ ကုန်းလမ်း ထွက်ပေါက်ဖြစ်သော ကျောက်ဖြူ-မအီ-တောင်ကုတ် အဝေးပြေးကားလမ်း၊ ကျောက်ဖြူ-မအီ-အမ်း အဝေးပြေး ကားလမ်း၊ ၊ အမ်းနှင့် တောင်ကုတ်မြို့များကို AA က သိမ်းပိုက်ထားပြီ ဖြစ်သည်။ ထို့ကြောင့် ကျောက်ဖြူသည် AA တပ်ဖွဲ့များ ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံထားရသဖြင့် ရေလမ်းထွက်ပေါက် နှင့် လေကြောင်းလမ်းသာ ရှိတော့သည်။
ကျောက်ဖြူထိုးစစ် မတိုင်မီအထိ မြို့ပေါ်ရှိ စစ်ကောင်စီ၏ ခမရ (၅၄၂) ၊ (၅၄၃) နှင့် ခလရ (၃၄) တပ်ရင်းများ၊ ရဲတပ်ရင်း (၃၂) နှင့် ရခိုင်ကမ်းရိုးတန်းလုံခြုံရေး အကြီးဆုံး ရေတပ်စခန်းဖြစ်သော ဓညဝတီရေတပ်ဌာနချုပ် တို့သည် ကျောက်ဖြူမြို့ AA လက်အောက် မကျရောက်ရေး၊ တရုပ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ကာကွယ်ရေး ခံစစ်အနေအထားဖြင့်သာ ရှိနေခဲ့သည်၊ ယခင်က ပြုလုပ်ခဲ့သော ရမ်းဗြဲမြို့ကို ပြန်လည် သိမ်းပိုက်ရေး ကြည်း-ရေ-လေ တန်ပြန်ထိုးစစ်များသည်လည်း မအောင်မြင်ခဲ့ပါ။
ကျောက်ဖြူထိုးစစ်သည် သက်တမ်း ၁၆ နှစ်သာ ရှိသေးသည့် AA တပ်ဖွဲ့ အတွက် စစ်ကောင်စီနှင့် တရုတ်အစိုးရကို တစ်ပြိုင်တည်း ထိုးစစ်ဆင်သကဲ့သို့ ဖြစ်နေသည်။ အကယ်၍ AA သည် တရုတ်ဖိအားကို ဂရုမစိုက်ဘဲ ကျောက်ဖြူမြို့သိမ်းထိုးစစ်ကို ဆက်လက်ဆင်နွှဲမည် ဆိုလျှင် ယင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ တရုတ်အကျိုးစီးပွားကို အကြီးကျယ်ဆုံး ထိခိုက်မည့် စစ်ပွဲကြီး ဖြစ်လာပေလိမ့်မည်။
ထို့အတူ ကျောက်ဖြူမြို့ကို AA သိမ်းပိုက်နိုင်လျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်ခေါင်းဆောင်များ အကြား ဆက်ဆံရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါလိမ့်မည်။ ရုရှားခရီးစဥ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွား များကို အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။ မင်းအောင်လှိုင်ကလည်း အတတ်နိုင်ဆုံးကာကွယ်ပါမည်ဟု ကတိပေးခဲ့သည်။ ကျောက်ဖြူကို စစ်ကောင်စီတပ် လက်လွှတ်လိုက်ရပါက မခန့်မှန်းနိုင်သော တရုတ်ဖိအားများကို မင်းအောင်လှိုင် ရင်ဆိုင်ရပေ လိမ့်မည်။
ကျောက်ဖြူထိုးစစ်သည် AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုကို အကြီးမားဆုံး စမ်းသပ်မည့် စစ်ပွဲ ဖြစ်လာပါလိမ့်မည်။ လားရှိုးသင်ခန်းစာကို ရယူထားပြီးဖြစ်မည်ဟု ယုံကြည်ရသော ထွန်းမြတ်နိုင်သည် ကျောက်ဖြူထိုးစစ်ကို အောင်နိုင်ပါက၊ တရုတ်ဖိအားကို ပြတ်သားစွာ အံတုဆန့်ကျင်နိုင်သော တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရခိုင်ပြည်သူများသာမက၊ တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ် လုံး၏ လေးစားဂုဏ်ပြုမှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေး၏ တပ်ဦးနေရာမှ ဦးဆောင်မှုအခန်းကဏ္ဍကို ရယူနိုင်သည်အထိ တက်လှမ်း နိုင်လာမည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
