သတင်း

ပုဂ္ဂလိကဘဏ်များ၌ တိုကင်ထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်း

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေထုတ်ယူသူများသဖြင့် တိုကင်စနစ်ဖြင့် ဆောင်ရွက်နေရာ တိုကင်ထုတ်ယူသူများပြားသဖြင့် ဧပြီ ၁၉ အထိ ခေတ္တရပ်ဆိုင်းထားကြောင်း ဘဏ်တချို့က ကြေညာထားသည်။

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ထမ်းအများစုမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သောကြောင့် ဘဏ်လုပ်ငန်းများ လည်ပတ်မှုမရှိသလောက် ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ 

လတ်တလောအခြေအနေများအရ ဘဏ်တွင် ​ငွေထုတ်ခြင်း၊​ ငွေလွှဲခြင်း စ​သော ဝန်​ဆောင်မှုရယူလိုသူများမှာ QR Registration ဖြင့် တိုကင်နံပါတ်ရယူပြီး မိမိအလှည့်​ရောက်မည့်​နေ့ကို စောင့်ဆိုင်းကြရခြင်း ဖြစ်သည်။ 

မတ်နောက်ဆုံးပတ်အထိ တိုကင်ထုတ်ပေးထားသူများအား ငွေထုတ်ပေးမည်ဖြစ်ပြီး တိုကင်ထုတ်ပေးမှုကို ဧပြီလဆန်းတည်းက ရပ်ဆိုင်းထားသည်။ ထိုသို့ ရပ်ဆိုင်းထားကြောင်း ကမ္ဘောဇဘဏ် (KBZ) နှင့် ဧရာဝတီဘဏ် (AYA) တို့က ကြေညာထားသည်။

“မတ် ၃၀ ရက်နေ့ အရှေ့ပိုင်းက QR ကုဒ်တွေနဲ့ တိုကင်ယူထားတဲ့သူတွေကို အရင်ထုတ်ပေးပါတယ်။ အခုတော့ တိုကင်ပေးတာကို ရပ်ထားပါတယ်။ နောက်ပိုင်းမှာ Kpay ကတစ်ဆင့် တိုကင်ယူရတဲ့နည်းကို မိတ်ဆက်ပါမယ်”ဟု က​မ္ဘောဇဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

သကြန်ကာလရုံးပိတ်ရက်မှာ စ​နေ၊ တနင်္ဂနွေရက်များပါ ဆက်နေသဖြင့် အစားထိုးပိတ်ရက်များ​ကြောင့် ဧပြီ ၁၀ မှ ၁၉ အထိ ဆက်တိုက်ဖြစ်​သောကြောင့် ဧပြီ ၂၀ မှသာ ရုံးဖွင့်ရက်ပြန်​ရောက်မည်ဖြစ်သည်။

က​မ္ဘောဇဘဏ်များတွင် “မတ်လ (၂၄/၃၀/၃၁) တွင် QR Registration ဖြင့် တင်သွင်းထား​သော Customers များပြားပါသဖြင့် April ၁၂ ရက်​နေ့အထိ QR Registration မဖွင့်​တော့ပါ။ သို့ဖြစ်ပါ၍ ယခင်ရက်များအတွင်း QR ဖြင့် မှတ်ပုံတင်ထားပြီး SMS ရရှိထားသူများကိုသာ ဝန်​ဆောင်မှု​ပေးသွားနိုင်မည်ဖြစ်ပါ​ကြောင်း ​လေးစားစွာ အသိပေးအပ်ပါသည်” ဟု ​ကြေညာထားသည်။

လက်ရှိတွင် ဘဏ်အများစုမှာ ဘဏ်ခွဲအ​ရေအတွက်အနည်းငယ်ကိုသာ ဖွင့်လှစ်နိုင်သည်။ ဖွင့်သည့် ဘဏ်ခွဲတွင်လည်း တစ်ရက်လျှင် လူ ၃၀ ဝန်းကျင်ကိုသာ ​ငွေသွင်း၊​ ငွေထုတ်ဝန်​ဆောင်မှု​ ပေးနိုင်ကြသည်။

ငွေထုတ်ရန် သွား​ရောက်ခဲ့​သူတစ်ဦးကလည်း “AGD ဘဏ် ငွေထုတ်​ဖို့ သွားတာ ​သောကြာ​နေ့ (ဧပြီ ၉) အထိ တိုကင်က ကုန်သွားပြီတဲ့။ ဘယ်အချိန်ကတည်းက လူ​တွေက လာပြီး တိုကင်​တွေရသွားလည်း မသိဘူး။ ဒီတိုင်းဆို သကြန်မတိုင်ခင် ဘဏ်က​ ငွေထုတ်လို့ မရ​တော့ဘူး။ ATM စက်က​ ငွေထုတ်ဖို့ကလည်း (ရန်ကုန်မှာဆိုရင်) နှစ်နေရာမှာပဲ အချိန်အကန့်အသတ်နဲ့ ​ငွေထုတ်​ပေးတယ်​ ပြောတယ်။ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်တာပဲ အ​တော်ဒုက္ခ​ရောက်တယ်” ဟု ဆိုသည်။ 

ဆက်လက်ပြီး “ကိုယ်​တွေထက် အသက်အရွယ်ကြီး​နေတဲ့ အဘအရွယ်၊ အဖွားအရွယ်​တွေဆို ပိုသနားဖို့ ​ကောင်းတယ်။ QR ကုဒ်တွေဘာ​တွေလည်း မလုပ်တတ်၊ အွန်လိုင်းဘဏ်စနစ်လည်း မလုပ်တတ်။ မလုပ်တတ်၊ မကိုင်တတ်နဲ့ ငွေထုတ်ဖို့ တန်းစီ​နေရတာ အ​တော်သနားစရာ​ကောင်းတယ်။ အာဏာရူး​တွေ အမြန်ပြုတ်ကျမှ ပြည်သူ​တွေ ဒုက္ခသက်သာမယ်” ဟု သူ့အ​တွေ့အကြုံကို​ ပြောသည်။

တိုကင်နံပါတ် မရသူများမှာ ​အွန်လိုင်းမှ ​ငွေလွှဲနိုင်ရန်၊ (အလိုအလျောက်ငွေထုတ်စက်) ATM ကတ်ဖြင့်​ ငွေထုတ်ရန် တန်းစီစောင့်ဆိုင်းနေသူ အလွန်များ​နေခြင်း ဖြစ်သည်။ 

ATM ဖြင့် ငွေထုတ်ယူမူကိုလည်း ဘဏ်များက တစ်ရက်လျှင် ကျပ်နှစ်သိန်းနှင့် သုံးသိန်းအထိသာ အများဆုံးထုတ်ယူခွင့် ပြုထားသည်။ သို့သော်လည်း ATM အများစုမှာ ငွေထုတ်မရဘဲ ဘဏ်များက စက်အနည်းငယ်ကိုသာ ငွေဖြည့်တင်းပေးပြီးမှ ထုတ်ယူရသည်။ 

ထိုကြောင့် ATM စက်များတွင်​ ငွေထုတ်ယူရန် နာရီများစွာကြာ​အောင် တန်းစီစောင့်ဆိုင်းနေကြရသည်။ 

“ဘဏ်ခွဲတွေမှာ ATM တွေ ငွေထုတ်တာ အလုပ်မလုပ်တော့ဘူး။ ဘဏ်တွေကလည်း ငွေထုတ်မရတော့ဘဲ ငွေလွှဲပဲရတော့မယ်လို့ ဘဏ်ကပြောပါတယ်”ဟု ယနေ့ ဧပြီ ၆ တွင် AYA ဘဏ်၌ ငွေထုတ်ခဲ့သူတစ်ဦးက ပြောသည်။

ယခင်က ATM စက်မှ တစ်နေ့လျှင် ကျပ် ၁၀ သိန်း ထုတ်ယူခွင့်ရှိခဲ့ရာမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက် တစ်လအကြာ မတ် ၁ တွင် တစ်နေ့လျှင် ငွေသား ကျပ်ငါးသိန်းသို့ လျှော့ချခဲ့ပြီးဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များကို တစ်ပတ်လျှင် ကျပ် သိန်း ၂၀၊ ကုမ္ပဏီတစ်ခုလျှင် ကျပ် သိန်း၂၀၀ စီသာ ထုတ်ယူရန် ကန့်သတ်ထားသည်။

နေစဉ်ဖွင့်လှစ်လျက်ရှိသည့် ဘဏ်ခွဲအရေအတွက်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စစ်ဆေးမည်ဖြစ်ကာ ပုံမှန်ပြန်ဖွင့်ရန် ပျက်ကွက်သည့် ဘဏ်ခွဲအပေါ် ရာခိုင်နှုန်းဖြင့် ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း မတ် ၂၃ ရက်နေ့ ရက်စွဲဖြင့် ပြည်တွင်းဘဏ်များကို အသိပေးစာထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ် ၁၆ ကလည်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်တွင် ငွေထုတ်သူတချို့နှင့် ဘဏ်ဝန်ထမ်းများ အချင်းများပြီး ငွေလာထုတ်သူလေးဦး ဖမ်းဆီးအမှုဖွင့်ခံခဲ့ရသည်။ 

Show More

Related Articles

Back to top button