အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ရေကြီးပြီး ချီဖွေမြို့ရှိ စစ်ရှောင်များနေထိုင်သည့် ရပ်ကွက်နှစ်ခု ရေမြုပ်

မြန်မာ-တရုတ်နယ်စပ်ရှိ KIA သိမ်းပိုက်ထားသော ချီဖွေမြို့နယ်တွင် မေခမြစ်ရေ လူနေရပ်ကွက်ထဲ ဝင်လာသဖြင့် ဒုက္ခသည် မိသားစု ၃၀၀ နေရာပြောင်းရွှေ့လိုက်ရသည်။

ကချင်ပြည်နယ်အထက်ပိုင်းတွင် မိုးကြီးပြီး မေခ မြစ်ရေမြင့်တက်လာသောကြောင့် မြစ်အရှေ့ဘက်ကမ်းတွင်ရှိသည့် ချီဖွေမြို့နယ်အတွင်း  စစ်ရှောင်စခန်းတချို့ တည်ရှိရာ  ရပ်ကွက်နှစ်ခု ရေမြုပ်ကာ ခိုလှုံနေသူ အိမ်ထောင်စု ၃၀၀ ကျော် ရေဘေးကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။

မေ ၃၁ ရက်မှ စတင်ကာ မေခမြစ် အထက်ပိုင်းတွင် မိုးကြီးပြီး မေခမြစ်ရေ စတင်မြင့်တက်လာကာ ထိုမြို့နယ်တွင် မြစ်ရေမှာ သာမန်ထက် ပေ ၅၀ ကျော်အထိ မြင့်တက်ခဲ့သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မြစ်ကမ်းဘေးတွင်ရှိသည့် ရစ်လော်၊ ကန်ပိုင်ယန်ရပ်ကွက်များ ရေဘေးကြုံနေရသည်၊ စခန်းများမှာ  အေဂျီ စစ်ရှောင်စခန်းနှင့် KBC စစ်ရှောင်စခန်းတို့ ဖြစ်သည်ဟု မြို့ခံ အမျိုးသားက ပြောသည်။

“စစ်ရှောင်အဆောင် သုံးဆောင်၊ လေးဆောင်လောက်က မျောသွားပြီ၊ ပြီးတော့ ကျန်တဲ့အိမ်တွေလည်း တချို့ဟာတွေက မျောသွားပြီ၊ ရေကတော့ အခုလည်း မိုးကရွာနေတော့ နဂိုမူလကနေမှ လေးငါးပေလောက် တက်ထားသေးတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

စခန်းတွင် ရှိနေသူတို့မှာ ပစ္စည်းများ မသယ်ယူနိုင်ဘဲ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး မြို့ပေါ်ရှိ နေရာအချို့တွင် ခိုလှုံနေရသည်ဟု သူက ပြောသည်။

လူထိခိုက် သေဆုံးမှုမရှိသော်လည်း  အသုံးအဆောင် ပစ္စည်းများ ဆုံးရှုံးသွားကြသည်၊ စစ်ရှောင်အများစုမှာ မြို့ပေါ်ရှိ KBC ဘုရားကျောင်းနှင့် နီးစပ်ရာ‌ဆွေမျိုးများထံတွင် ယာယီခိုလှုံနေရသည်ဟု သိရသည်။

ယနေ့နံနက်တွင် မေခ မြစ်ရေ ၁၀ ပေကျော် အထိကျသွားသော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့မြောက်ဘက်တွင်ရှိသည့် ချောင်းမှာ ရေတက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့ရှိ လမ်းများပေါ်တွင် ရေလွှမ်းနေသည်ဟု ဒေသခံအချို့က ပြောသည်။

ဒေသခံများ ပေးပို့လာသည့် ရုပ်သံမှတ်တမ်းများတွင် မြစ်ရေကြောင့် ရစ်လော်ရပ်ကွက်ရှိ စစ်ရှောင်စခန်းများနှင့် နေအိမ်အချို့ ပျက်စီးနေသည်ကို တွေ့ရသည်။

ချီဖွေမြို့နယ်သာမက   မြို့အောက်ဘက် မိုင် ၃၀ အကွာအဝေးအတွင်းရှိ မေခမြစ်ကမ်းဘေး ရွာများဖြစ်သည့် ရှငေါ်၊ နာမော်ဇွပ်၊ မန်ဒေါင် စသည့် ကျေးရွာများလည်း မြစ်ရေကြီးသောကြောင့် ရေနစ်မြုပ်ခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“အဲဒီရွာသုံးရွာလည်း ရေလွှမ်းတယ်၊ စက်လှေတောင်ကူးလို့မရဘူး၊ ရေက ဝဲလာပြီးတော့ ကားလည်း ကူးလို့မရဘူး၊ လူနဲ့ ဆိုင်ကယ်ကိုပဲ မနေ့က ရေ ၆ ပေလောက်ကျတဲ့ အချိန်မှာ ကူးရတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

၂၀၂၄ နှစ်ကုန်ပိုင်းတွင် စစ်တပ်သြဇာခံ ဇခုန်တိန့်ယိန်းဦးဆောင်သည့် နယ်ခြားစောင့်တပ်ကို တိုက်ထုတ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်အုပ်ချုပ်နေသည့်   

ချီဖွေမြို့တွင် မိုးရာသီတွင် နှစ်တိုင်း မေခ မြစ်ရေတက်လေ့ရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်များထက် ၈ ပေထက် ပိုမိုမြင့်တက်လာသည်ဟု သိရသည်။

မေ ၃၁ ရက်မှစတင်ကာ မေခမြစ်ရေနှင့် မလိခမြစ်ရေတို့မြင့်တက်မှုကြောင့် ပူတာမြို့တွင်လည်း အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ရေမြုပ်ခဲ့ပြီး ယနေ့နံနက်တွင် အနည်းငယ်ပြန်ကျနေသည်ဟု ဒေသခံအချို့ထံက သိရသည်။

မေခနှင့် မလိခမြစ်တို့တွင် မြစ်ရေကြီးပြီးနောက် အဆိုပါ မြစ်နှစ်ခုဆုံးရာ မြစ်ဆုံဒေသ၏ အောက်ဘက်ရှိ ဧရာဝတီမြစ်ရေလည်း ဆက်လက်မြင့်တက်ခဲ့ပြီး ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် မြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာကို ကျော်လွန်ပြီး ရပ်ကွက်အချို့ ရေမြုပ်ခဲ့သည်။

မြစ်ကြီးနားမြို့ရှိ မြစ်ကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း စသည့် ရပ်ကွက်အချို့တွင် နေအိမ်အချို့ ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စုအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့ကတော့ ရေမြုပ်တဲ့အိမ်တွေက ပစ္စည်းတွေသယ်ပြီး ရွှေ့ကြတယ်၊ ဘုရားကျောင်းသွားတဲ့သူလည်း သွားတယ်၊ အသိအိမ်ပြောင်းနေကြတာလည်းရှိတယ်။ အိမ်ကတော့ သူခိုးကပ်မှာကြောက်ရတယ်၊ ရေကလည်း နည်းနည်းပဲကြီးရသေးတယ်၊ ကြက်ဥနဲ့ ဓါတ်ဆီဈေးက နည်းနည်းတက်ချင်နေတယ်” အဆိုပါ အမျိုးသမီးက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်မှစတင်ကာ ဧရာဝတီမြစ်ရေမှာ ဆက်မတက်တော့ဘဲ စတင်ကျဆင်းနေပြီဖြစ်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ယမန်နေ့ထက် လက်မ အနည်းငယ်ကျဆင်းသွားသည်ဟု သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ချက်အရ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မြစ်ရေမှာ ၁၁၉၅ စင်တီမီတာအထိရောက်ရှိနိုင်ကြောင်း

ဖေါ်ပြထားသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင်တော့ ရေနစ်မြုပ်နေဆဲဖြစ်ပြီး လှေများနှင့် သွားလူသူများကို လူမှုကူညီရေးအသင်းများက ကူညီပေးနေကြသည်ကို လူမှုကွန်ယက်တွင်တက်လာသည့် ရုပ်သံဖိုင်များတွင် တွေ့ရသည်။

ဝိုင်းမော်မြို့တွင်လည်း မြို့အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် မြို့တောင်ဘက်ရှိ ခတ်ချိုကျေးရွာတို့တွင် ရေနစ်မြုပ်ခဲ့ပြီး အိမ်ခြေ ၆၀ ဝန်းကျင်ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ခံက ပြောသည်။

သို့သော် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ရေပြန်ကျနေပြီဖြစ်ကြောင်းနှင့် စိုးရိမ်စရာ မရှိကြောင်း အဆိုပါ လူမှုကူညီရေးအသင်းတာဝန်ခံက ပြောသည်။

“ဒီမနက်ထိ တက်သေးတယ်၊ ၁၀ နာရီလောက်ကနေစပြီးကျတာ။ တော်တော်ကြီးကို ကျသွားပြီ ပေနဲ့တော့ ကျွန်တော်မပြောတတ်ဘူး စိုးရိမ်ရေအမှတ်အောက်ကို ကျသွားပြီ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ မြေနိမ့်ပိုင်းတွေ လုပ်ပေးနေတာပေါ့။ ကျန်တဲ့အပိုင်း တော်တော်များများကတော့ ရပ်လိုက်ပါပြီ” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ကချင်ဒေသ မြစ်ရေကြီးရခြင်းအကြောင်းအရင်းမှာ ရာသီဥတုဖောက်ပြန်ပြီး မိုးများခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ နောက်ရက်များတွင် မြစ်ကြီးနားမြို့အောက်ဘက် ဧရာဝတီမြစ်အောက်ပိုင်းရှိ ကသာမြို့တွင် နောက်နှစ်ရက်အတွင်း မြစ်ရေကြီးနိုင်သည့်အတွက် မြစ်ကမ်းအနီးနေထိုင်သူများ သတိပြုကြရန် ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ်ကလည်း မြန်မာပြည်တွင်း မိုးကြီးကာ မြစ်ရေများကြီးသောကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်း မြို့နယ်များအချို့တွင် ရေကြီးရေလျှံမှုများကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးကာ ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Related Articles

Back to top button