စစ်ကောင်စီနှင့် ဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်နယ်ခြားစောင့်တပ်တို့ ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်မြောက်ပိုင်းမှ မြန်မာ-တရုတ်နယ်စပ်မြို့ ချီဖွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကယမန်နေ့ (စက်တင်ဘာ ၂၉) တွင် သိမ်းပိုက်လိုက်သည်။
KIA နှင့် ကချင်ပြည်သူကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်များ က ကချင်အထူးဒေသ(၁)အတွင်း ပါဝင်သည့် ချီဖွေမြို့ကို ယမန်နေ့ နံနက် အစောကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
တစ်နေကုန်နီးပါး အပြင်းအထန် တိုက်ပွဲဖြစ်ပြီး ချီဖွေမြို့အနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း ကုန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အဝင်အနီးရှိ ၄ မိုင် စုပေါင်းဂိတ်နှင့် မြို့ပေါ်ရှိ မြို့မရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ချီဖွေ၊ ဆော့လော်ဘက်မှာ မနေ့က တိုက်ပွဲဖြစ်တာရှိပါတယ်။ ချီဖွေမြို့ပိုင်းကိုတော့ မနေ့က သိမ်းလို့ ရပြီဆိုတဲ့ သတင်းကို ကျွန်တော်တို့ရပါတယ်။ ဒါပေမယ့် ဗျူဟာကုန်းဘက်ထတကတော့ မရသေး ဘူးလို့ပြောတယ်၊ ဒီနေ့အခြေအနေကတော့ ဘယ်လိုလဲမသိသေးဘူး”
သို့သော် မြို့နှင့် မိုင်အနည်းငယ်ခန့်အကွာတွင်ရှိသည့် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သိမ်းပိုက် နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။
လက်ရှိတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရ ခက်ခဲနေသည့်အတွက် မြေပြင်အခြေ အနေများကို အသေးစိတ်ထပ်မံသိရှိရခြင်းမရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ကျွန်တော်အတည်ပြုပြောလို့ရတာကတော့ ချီဖွေ၊ ဆော့လော်ဘက်မှာ တိုက်ပွဲရှိတယ်ဆိုတာက အတည်ပြုပြောလို့ရပါတယ်။ ရှငေါ်ဆိုတဲ့ တပ်စခန်းကိုတော့ ဒီမနက်ပိုင်း အပြီးအပိုင် သိမ်းလို့ရပြီလို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ချီဖွေကိုထိန်းချုပ်ထားသည့် ဇခုန်တိန့်ယိန်း
လူဦးရေ ၁ သောင်းကျော်နေထိုင်သည့် ထိုမြို့ကို စစ်တပ်ကိုသစ္စာခံသည့် ကချင်လက်နက်ကိုင် ခေါင်းဆောင် ဇခုန်တိန့်ယိန်းနှင့် သူ၏တပ်ကထိန်းချုပ်ထားသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံနေသည့် KIAနှင့် PDFသည် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများအတွင်း ကျူးကျော်လာပြီဖြစ်၍ ပြည်သူ့စစ်များအနေဖြင့် တိုက်ခိုက်ချေမှုန်းကြရန် ဇခုန်တိန့်ယိန်းက ပြီးခဲ့သည့် ဇွန် ၇ စစ်မိန့်ကြေညာခဲ့သေးသည်။
အဆိုပါကြေညာချက်နှင့်ပတ်သက်၍ KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က မထုတ်ပြန်သင့်သည့် စစ်မိန့်ဟု ၎င်း၏ လူမှုကွန်ရက်တွင် စက်တင်ဘာ ၁၀ တွင် ရေးသားတုန့်ပြန်ခဲ့သည်။
စစ်တပ်နှင့်လက်တွဲသဖြင့် တရုတ် – မြန်မာနယ်စပ်ရှိ ကချင်အထူးဒေသ (၁) အဖြစ် ဇခုန်တိန့်ယိန်းကို အပိုင်စားပေးခဲ့သည့် ပန်ဝါ၊ချီဖွေစသည့်ဒေသများသည် လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ်စသည့် မျိုးနွယ်စုများ အခြေချနေထိုင်ရာ ဒေသဖြစ်ပြီး ဇခုန်တိန့်ယိန်းနှင့် ၎င်း၏ မိသားစုဝင်များ ဩဇာညောင်းရာ နယ်မြေ ဖြစ်သည်။
ယခင်က ဇခုန်တိမ့်ယိန်းသည် စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်သော်လည်း ၂၀၀၉ ခုနှစ်တွင် စစ်တပ်နှင့် ပူးပေါင်းလိုက်ပြီးနောက်၊ စစ်ခေါင်းဆောင်များ အရပ်ဝတ်လဲ ဝင်ပြိုင်ခဲ့ကြသည့် ရွေးကောက်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ဖူးသူဖြစ်သည်။
ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိမ့်ယိန်းသည် ယခင်က KIAတွင် တပ်မှူးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ဖူးသော တိုင်းရင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်။ ၁၉၆၈ တွင် KIAကနေ ခွဲထွက်၍ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ထံ ပူးပေါင်းကာ ဗကပ ၁၀၁ စစ်ဒေသအနေဖြင့် ကချင်ပြည်နယ်အရှေ့မြောက်ပိုင်းရှိ ကန်ပိုက်တီး၊ ပန်ဝါဒေသတို့ စစ်ရေးလှုပ်ရှားခဲ့သည်။
၁၉၈၉ တွင် ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် ဗကပ ၁၀၁ စစ်ဒေသကို ကချင်အထူးဒေသ (၁) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သလို ၎င်းတို့တပ်အမည်ကိုလည်း ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ဖြင့် ဖွဲ့စည်းက ဆက်လက်လှုပ်ရှားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် စစ်တပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးအစီကို လက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များထဲတွင် ဇခုန်တိန့်ယိန်း၏ NDA (K)လည်း အပါဝင်ဖြစ်ပြီး နယ်ခြားစောင့် တပ်ရင်း ၃ ခုအဖြစ် ပြင်ဆင်ဖွဲ့၍ကာ စစ်တပ် လက်အောက်ခံ သစ္စာခံတပ်ဖြစ်လာခဲ့သည်။
ထို့နောက် ဇခုန်တိန့်ယိန်းသည် ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲနှစ်ခုလုံး၌ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်များ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနိုင်ရခဲ့သူဖြစ်သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှုများဖြင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်အောင် လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲအနိုင်ရသော်လည်း ဇခုန်တိန့်ယိန်းကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံလိုက်ရသူဖြစ်သည်။

ချီဖွေအနီးမှ စစ်စခန်းများကို KIA ဆက်လက်ထိုးစစ်ဆင်
ချီဖွေမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ဆော့လော်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်း ကိုလည်း ယနေ့တွင် KIA,KPDF များက ဝင်ရောက်တိုက်ခိုက်နေသည်ဟု သိရသည်။
ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် ချီဖွေမြို့ပေါ်ရှိ ဒေသခံအများစုမှာ နီးစပ်ရာကျေးရွာများနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။
တိုက်ပွဲအတွင်း ချီဖွေမြို့ပေါ်ရှိ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိသလို နေအိမ်ပျက်စီးမှုများ လည်းရှိသည်ဟု သိရပြီး ဖုန်းလိုင်းအခက်အခဲများကြောင့် အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိ သေးပေ။
ချီဖွေ၊ ဆော့လော်ဒေသများသည် ကချင်အထူးဒေသ(၁)အတွင်း ပါဝင်ပြီး ၎င်းဒေသများတွင် ဦးဇခုန် တိန့်ယိန်း၏ ပြည်သူ့စစ်တပ်များနှင့် စစ်တပ်တို့က ပူးပေါင်းကာ နေရာအများအပြားတွင် တပ်စွဲထား သည်။
မေခမြစ်အရှေ့ဘက်ရှိ ချီဖွေမြို့သည် အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ မြောက်ဘက်တွင် ဆော့လော်မြို့၊ အနောက်ဘက်တွင် အင်ဂျန်းယန်၊ တောင်ဘက်တွင် ဝိုင်းမော်မြို့နှင့် အရှေ့တောင်ဘက်တွင် တရုတ်- မြန်မာနယ်စပ် ပန်ဝါမြို့၊ ကန်ပိုက်တည်မြို့တို့ ရှိသည်။
ပြည်နယ်မြို့တော် မြစ်ကြီးနား၏ အရှေ့မြောက်ဘက်တွင်တည်ရှိကာ ၇၅ မိုင်ခန့် ကွာဝေးသည်။
ယခင်လကလည်း ဆဒုံးနှင့် ကန်ပိုက်တည်ဒေသများတွင် KIA, KPDF တပ်များနှင့် စစ်ကောင်စီ၊ ပြည်သူ့ စစ်ပူးပေါင်းတပ်များ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး KIA က ဆဒုံးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ကချင်ဒေသတွင်း ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့တွင်လည်း တိုက်ပွဲများပြင်းထန်နေ သည်မှာ သီတင်းသုံးပတ်ကျော်ရှိလာပြီး စစ်ကောင်စီတပ်၏ ဆိုင်းတောင်ရဲစခန်းကုန်းကို KIA ပူးပေါင်း တပ်များက သိမ်းပိုက်ထားသည်။
ထို့ပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်မြို့မှ စစ်ကောင်စီတပ်များ သည် ၎င်းတို့ လက်လွှတ်ထားရသည့် မိုးမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်နေသည့်အတွက် ဗန်းမော် မြို့ အရှေ့ဘက် ၅ မိုင်ဝန်းကျင်ခန့်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေသည်။
ကချင်ဒေသအတွင်း မတ် ၇ ရက်မှ စတင်ကာ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး ယနေ့အထိ စစ်ခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ မိုးမောက်၊ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းမြောက်မှ မဘိမ်းမြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။




