လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်၊ စွမ်းအားစီမံရေးဦးစီးဌာနဝန်ထမ်းများသည် ဧပြီ ၅ တွင် လုပ်ငန်းခွင်ဝင်ရန်နှင့် အစိုးရချေးငွေများ ချက်ချင်းပြန်ဆပ်ရန် ဖိအားပေးခံနေရသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုတွင် ပါဝင်သူ ဝန်ထမ်းများက Myanmar Now ကို ပြောသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်း ၇၅ ရာခိုင်နှုန်းကျော်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေကြသည်ဟု ထိုဌာနမှ အရာရှိတစ်ဦးက ပြောသည်။
လျှပ်စစ်၊ စွမ်းအားဦးစီးဌာနတွင် CDM လှုပ်ရှားမှု ပေါ်ပေါ်ထင်ထင်ပါဝင်သူ ၃၆ ဦးရှိကြောင်း၊ ခွင့်တိုင်ကြားပြီး ၎င်းတို့နေထိုင်ရာ ဒေသများသို့ ပြန်သွားကြသူများလည်း ၁၀၀ ကျော်ရှိနေသောကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်တန့်နေကြောင်း ထိုဌာနမှ အရာရှိတစ်ဦးက ပြောသည်။
ယနေ့ ဧပြီ ၅ တွင် လုပ်ငန်းခွင်မဝင်ပါက အလုပ်ထုတ်ပယ်မည်ဖြစ်ပြီး အစိုးရချေးငွေများ တစ်လုံးတည်းပေးဆပ်ရန်၊ ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားပေးရန် ၎င်းတို့၏အထက်အရာရှိများက ဖိအားပေးလာ၍ CDM ဝန်ထမ်းများမှာ အခက်အခဲကြုံနေရသည်ဟု အမည်မဖော်လိုသည့် ထိုအရာရှိက Myanmar Now ကို ပြောသည်။
“သူတို့ရဲ့ သဘောထားက ဒီကိစ္စမှာ အပျော့ဆွဲဆွဲချင်တဲ့ သဘောမရှိဘဲ အပြတ်ရှင်းချင်တဲ့ သဘောမျိုးရှိတယ်။ အဲဒီသဘောကြောင့် ဒီလိုလုပ်တာလို့ မြင်တယ်ဗျ” ဟု ၎င်းက ပြောသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန ၁၁ ခု ရှိသည်။ အဆင့်မြင့်အရာရှိအများစုမှာ စစ်သားဟောင်းများဖြစ်သည်ဟု လျှပ်စစ်၊ စွမ်းအားစီမံရေးဦးစီးဌာနမှ အရာရှိဟောင်းတစ်ဦးက ပြောသည်။
“စစ်တပ်ကနေ အသွင်ကူးပြောင်းလာတဲ့သူတွေ ကျွန်တော်တို့ထဲမှာ MD (ဦးဆောင်ညွှန်ကြားရေးမှူး)လုပ်နေတဲ့ လူတွေလည်း ပါတယ်။ ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံ စီမံအုပ်ချုပ်ရေးကလည်း အဲ့ဒီဘက် (စစ်တပ်) က ပြောင်းလာတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်နေတယ်” ဟု ထိုအရာရှိဟောင်းက ပြောသည်။
ဤဌာနမှ ဝန်ထမ်းများ CDM တွင် ပါဝင်နေသဖြင့် မြို့နယ်အသီးသီးတွင် မီတာခများ ကောက်ယူနိုင်ခြင်း မရှိပေ။
အာဏာသိမ်းမှုဆန့်ကျင်သူများကလည်း ဌာနဆိုင်ရာတို့၏ ဝင်ငွေရလမ်းကြောင်း ပိတ်ဆို့သည့်အနေဖြင့် အခွန်ဆောင်ခြင်း၊ မီတာခပေးဆောင်ခြင်း၊ ထီထိုးခြင်း မပြုလုပ်ကြရန် အများပြည်သူကို တိုက်တွန်းထားသည်။
အိမ်သုံးလျှပ်စစ်ဓာတ်အားခများ မပေးဆောင်ကြရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြီးခဲ့သည့် လလယ်ပိုင်းတွင် အမိန့်ကြေညာချက် ထုတ်ပြန်ထားသည်။
လျှပ်စစ်မီတာမှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ တစ်နှစ်လျှင် မြန်မာကျပ်ငွေ ၅၀၀၀ ဘီလျံမှ ၇၀၀၀ ဘီလျံကြားရှိပြီး စစ်အုပ်စုယန္တရားလည်ပတ်ရန် လိုအပ်ငွေ၏ ၂၅ ရာခိုင်နှုန်း ရှိနေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံ့ဝန်ထမ်းအများအပြားမှာ CDM တွင် ပါဝင်လာကြသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးကို များစွာထိခိုက်နေသည်။

အာဏာသိမ်းစစ်ကောင်စီက ထိုလှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းလိုင်းခန်းများအထိ ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်တချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ တွင်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူ ဂန့်ဂေါခရိုင် ဆေးရုံအုပ် ဒေါက်တာအောင်ဆန်းမင်းကို ဖမ်းဆီးရန် ၎င်း၏ နေအိမ်ကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။
ထို့ပြင် မုံရွာခရိုင်သစ်တောဌာန၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် သစ်တောဝန်ထမ်း ဦးထွန်းထက်အောင်ကို စစ်တပ်နှင့်ရဲ အဖွဲ့က ဖမ်းဆီးရိုက်နှက်ခဲ့ရာ မတ်လအတွင်းက သေဆုံးခဲ့သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ညွှန်ကြားချက်များမှာ တရားမဝင်သဖြင့် လိုက်နာရန်မလိုကြောင်း၊ ပြည်သူ့အစိုးရ ပြန်လည်တာဝန်ယူချိန်တွင် မူလအလုပ်တာဝန်ရရှိရန်၊ နစ်နာမှုများကုစားနိုင်ရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖေဖော်ဝါရီ ၂၃ က ထုတ်ပြန်ထားသည်။



