သတင်း

မြင်းခြံခရိုင်တွင် စစ်ဆင်ရေးဆက်တိုက်ရှိလာမည်ဟု တော်လှန်တပ်များပြော

မန္တလေးတိုင်းအတွင်း တရုတ်ဂက်စ်ပိုက်လိုင်းစောင့် ကင်းစခန်း အပါအဝင် စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင်ခဲ့သည့် တပ်များက စစ်ဆင်ရေးများ ဆက်တိုက်ရှိလာမည်ဟု ပြောသည်။

မေလလယ်မှစ၍ မန္တလေးတိုင်း၊   နွားထိုးကြီးမြို့နယ်အတွင်းရှိ တရုတ်ရေနံနှင့် ဂက်စ်ပိုက်လိုင်း ကင်းစခန်းအပါဝင် စစ်ကောင်စီ တပ်စခန်းပေါင်း တစ်ဒါဇင်ကျော်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီး  ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များက ပြောသည်။ 

နိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဖိုခနောက်ဆိုင်တည်ရှိသည့် မြင်းခြံ၊ နွားထိုး၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်များအတွင်းရှိ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်၊ ၁၈ ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံး၊ ဝက်လူးရဲစခန်း၊ နွားထိုးမြို့မရဲစခန်းတို့ကို  “၉/အညာမြေစစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

၉/ သည် မြေပြန့်အညာဒေသ မန္တလေးတိုင်းတွင်နေသူများ၏ မှတ်ပုံတင်နံပါတ် အစဂဏန်း ဖြစ်သည်။ 

ထိုစစ်ဆင်ရေးတွင် စစ်ကောင်တပ်ထံမှ လက်နက် ၂၇ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိကြောင်း၊ နှစ်ဘက်  ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ခရိုင်အဆင့်ကွပ်ကဲသည့် ထိုစစ်ဆင်ရေး၏ ရည်မှန်းချက်ကို ထုတ်ဖော်မပြောဆိုနိုင်သော်လည်း စစ်ဆင်ရေးမပြီးဆုံးသေးကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

““၉/အညာမြေစစ်ဆင်ရေး အနေနဲ့ ဆက်ပြီးရှိနေသေးတယ်။ ကျွန်တော်တို့အနေနဲ့က ရပ်တန့်သွားမယ်လို့တော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် အခုလောလောဆယ် ခရိုင်ကွပ်ကဲမှုအောက်ဆိုတော့ ခရိုင်ကွပ်ကဲရေးမှူးမှ တစ်ဆင့် ညွှန်ကြားလာမှ ထပ်ဆက်တိုက်ဖို့ ရှိသေးတာပေါ့” ဟု ၎င်းက ပြောသည်။ 

ထိုစစ်ဆင်ရေးတွင် မြင်းခြံခရိုင်အတွင်းရှိ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၁၀ ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအပါဝင် အညာဒေသ တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ 

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းတို့က နွားထိုးကြီးမြို့မရဲစခန်းနှင့် ထိုမြို့အနီးရှိ  ပိုက်လိုင်းစောင့် စခန်းကို မေ ၁၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

တောင်သာတော်လှန်ရေးတပ်များက တောင်သာမြို့နယ်အတွင်းရှိ တရုတ်ရေနံနှင့် ဂက်စ်ပိုက်လိုင်းစောင့်စခန်းနှင့် စစ်ကောင်စီဂိတ်စခန်းများစွာကို တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့သည်။ 

အညာဒေသတွင် ပူးပေါင်းလှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ − နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

နိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်၊ နိုင်ငံ အလယ်ပိုင်း မကွေးတိုင်းနှင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတိုကို ဖြတ်သန်းကာ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့အထိ ဖောက်လုပ်ထားသော တရုတ်ပိုက်လိုင်းတစ်လျှောက်တွင် စစ်တပ်ကင်းစခန်းများချထားသည်။

စစ်ကောင်စီဘက်က ‌လေကြောင်းပစ်ကူ အလွန်အကျွံသုံး၍ ခုခံသည့်ကြားမှ နွားထိုးကြီးမြို့အနီးရှိ  ပိုက်လိုင်းစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ လက်နက် ၂ လက်သိမ်းဆည်နိုင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များဘက်တွင်လည်း ၁ ဦး သေဆုံးကြောင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောသည်။

“ခရိုင်တစ်ခုလုံးတိုက်တဲ့ အတိုင်းအတာမှာဆိုရင်တော့ သူတို့အနေနဲ့က လေကြောင်းပစ်ကူ တအားသုံးတယ်ဗျ။ လေကြောင်းပစ်ကူနဲ့ ခုခံပြီးတော့ အလုပ်လုပ်တာကိုတွေ့ရတယ်။ သူတို့အနေနဲ့က ခံတိုက်နိုင်တဲ့ အနေအထားရယ်လို့ ကောင်းကောင်းမရှိဘူး။ လေကြောင်းပစ်ကူကတော့ အသာစီးတော်တော်ရလာတယ်။ အညာမြေစစ်ဆင်ရေး မတိုင်ခင် တိုက်ပွဲလေးတွေမှာဆိုလည်း လေကြောင်းပစ်ကူ ပိုပြီးတော့တိကျလာတယ်” ဟု  ၎င်းက ပြောသည်။

“ဒီနေ့တစ်ရက် စစ်ဆင်ရေးဖော်မယ်ဆိုရင် အဲ့ဒီတစ်ရက်လုံးကို လေကြောင်းကြဲနိုင်တဲ့ အနေအထားက ရှိနေတာဗျ။ အဓိက ကျွန်တော်တို့အတွက် ပြဿနာကတော့ လေကြောင်းပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ ကျားကုတ်ကျားခဲတော့ ကြိုးစားပြီးလုပ်တာပဲဗျ။ လေကြောင်းနဲ့ဆိုတော့ (စခန်းသိမ်းဖို့) အချိန်ကြာတာပေါ့” ဟုလည်း ပြောသည်။

ယခုစစ်ဆင်ရေးတွင် မြင်းခြံခရိုင်အတွင်းရှိ တော်လှန်ရေးတပ်များ၏ စုစည်းညီညွတ်မှု ပိုအားကောင်းလာပြီး လက်နက်နှင့် ခဲယမ်းများလည်း အထိုက်သင့်ပြည့်စုံလာကြောင်း ထိုစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် မြင်းခြံခရိုင် အမှတ်(၂) PDF တပ်ရင်းမှူး ဗိုလ်သိကြားက ပြောသည်။ 

“အရင်တုန်းက ကျွန်တော်တို့ဆိုလို့ရှိရင် လက်နက်အင်အား၊ ကျည်ခဲယမ်းအင်အားဆိုတာက မဖြစ်စလောက်နဲ့ ကျွန်တော်တို့ လုပ်နေကြရတာကို။ အခုဟာဆိုလို့ရှိရင် သင့်တင်လျောက်ပတ်တဲ့ လက်နက်အင်အား၊ ခဲယမ်းအင်အားနဲ့ လုပ်ငန်းလုပ်ရတာဆိုတော့ ပိုပြီးတော့ ရှေ့လျှောက် အောင်မြင်မှုတွေ များလာမယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။ 

“ရှေ့လျှောက်လည်း ဆက်တိုက်လုပ်ဆောင်သွားမှာတွေ ရှိတဲ့အတွက်ကြောင့်မို့ပေါ့နော်။ အဲ့ဒီဟာအတွက်ကလည်း ကြားထဲမှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပြီးတာနဲ့ စစ်ဆင်ရေးတွေလာပါလိမ့်မယ်” 

စစ်ကောင်စီသည် မြေပြင်တွင် ပြန်လည်ခုခံနိုင်သည့် လူအင်အား နည်းလာသလို စစ်ရေးအတွေ့အကြုံရှိသည့် စစ်သားအင်အားနည်းလာပြီး တော်လှန်ရေးတပ်များဘက်တွင်မူ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပူးတွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲအတွေ့အကြုံပိုများလာကြောင်း သူက ဆိုသည်။ 

တော်လှန်ရေးရဲဘော်များ၏ တော်လှန်လိုစိတ်ကြောင့် မြင်ခြံခရိုင်တွင် စစ်တပ်ကို စစ်ရေးခြိမ်းခြောက်မှု ပိုလုပ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ 

စစ်ကောင်စီသည် လိုအပ်သည့်အင်အားအတွက် ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ စစ်မှုထမ်းဥပဒေပြဌာန်းပြီး အတင်းအကျပ် စုဆောင်းထားသည့်  စစ်သားသစ်များကို အစားထိုးလာရသည်။ မြင်းခြံခရိုင်အတွင်းရှိ မြို့များတွင် မြို့ကို ကာကင်းသဖွယ်ကာထားသည့် ပျူစောထီးရွာများနှင့် မြို့ပေါ်စခန်းများတွင်သာ စစ်ကောင်စီက အထိုင်ချထားနိုင်တော့ကြောင်း သိရသည်။ 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဒေါ်သီတာယုမွန်က  စစ်ဆင်ရေးကို စစ်ကောင်စီဘက်က ကြိုတင်သတင်းရ၍ အသေအချာပြင်ဆင်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်သတင်းဌာနအချို့ကို ပြောဆိုခဲ့သည်။ 

မြင်းခြံမြို့အနီးတွင် စစ်တပ်ကို ကာထားသည့် လယ်သစ်နှင့် ကျောက်ပြုတ်ကျေးရွာများရှိနေပြီး “၉/အညာမြေစစ်ဆင်ရေး” တွင် ကျောက်ပြုတ်ကျေးရွာ ပျူစောထီးနှင့် စစ်တပ်အထိုင်စခန်းများကို အလုံးအရင်းဖြင့် ဝင်တိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း PDF တပ်ရင်းမှူး ဗိုလ်သိကြားက ဆိုသည်။ 

“(စစ်ကောင်စီလက်နက်ကိုင်တွေက) ရေကုန်ရေခမ်းပဲ လုပ်တယ်ထင်တယ်။ သူတို့ တွေးထားတာတော့ ဒီပွဲကို အပြတ်အသတ် လုံးဝရမယ်။ ကျောက်ပြုတ်ပြီးရင် လယ်သစ်ကိုဝင်မယ်။ ဝင်ပြီးရင် လယ်သစ်နဲ့ အနီးဆုံး ခမရ ၁၅ မှာ ရင်ဆိုင်တိုက်မယ့်ပုံစံမျိုးပေါ့။ ကျွန်တော်တို့ဘက်က ကျောက်ပြုတ်မှာ အင်အားဖြည့်ထားတယ်။ တပ်ကလည်းပါတာဆိုတော့ အကြိတ်အနယ်ပေါ့။  စစ်ကူကလည်းမြန်တာကိုး” ဟုလည်း ၎င်းက ပြောသည်။

နာရီဝက်အတွင်း စစ်ကောင်စီဘက်က စစ်ကူကောင်းကောင်း ပို့ပေးနိုင်ခြင်းကြောင့် ကျောက်ပြုတ်ရွာသို့ တော်လှန်ရေးတပ်များ တိုးမပေါက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

စစ်ဆင်ရေးတစ်လျှောက်တွင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်သုံးခဲ့ကြောင်း၊    ဆီမီးခုံမြို့ရဲစခန်းတိုက်ပွဲတွင် စစ်တပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်သုံး၍ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းကြောင့် ရဲဘော် ၆ ဦးကျဆုံးခဲ့ကြောင်း  မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှူးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် ရှိသည့် မြင်းခြံခရိုင်သည် စစ်ကိုင်း၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသလို မန္တလေးတိုင်းထဲတွင် လက်နက်ကိုင်ခုခံမှု အားကောင်းသော ဒေသတစ်ခုဖြစ်သည်။ မြင်းခြံခရိုင်တွင် NUG လက်အောက်ခံ PDF တပ်ရင်း ၁၀ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် မြင်းခြံခရိုင်းအတွင်ရှိ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်များရှိ စစ်တပ်စခန်းများကို “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO” ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီစခန်းနှင့် ပျူစောထီးစခန်းများ ထိခိုက်ဆုံးရှုံးခဲ့ပြီး အုပ်ချုပ်ရေးယန္တယား ဖရိုဖရဲဖြစ်သွားခဲ့သည်။ 

Related Articles

Back to top button