အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲ တရားဝင်ရေး မင်းအောင်လှိုင်၏ အကြံအဖန်  

လွှတ်တော်ခေါ်ရန် ရွေးကောက်ခံ ကိုယ်စားလှယ် ၅၆ ဦး၊ စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦး ရှိရုံနှင့် လုံလောက်သည်ဟု မင်းအောင်လှိုင်က ခြေဥကို ဖွင့်ဆိုလျှင် ရွေးကောက်ပွဲကို ရန်ကုန်တိုင်းတွင် ကျင်းပရုံနှင့် လုံလောက်နေသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးကောက်ပွဲ အကြောင်းပြ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်သည်   ရွေးကောက်ပွဲကိုပင် အကြောင်းပြပြီး အနိုင်ရပါတီကို အာဏာလွဲပေးပါမည်ဟု ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်မှ ၄နှစ်ကျော်လာပြီ ဖြစ်သည်။  

နိုင်ငံအနှံ့ ပြည်သူများအပေါ် ဗုံးကြဲသတ်ဖြတ်နေသော မင်းအောင်လှိုင်ကို မုန်းတီးရွံရှာခြင်းမှလွဲလျှင် ပြည်သူများသည် ထိုရွေးကောက်ပွဲကို လုံးဝ စိတ်မဝင်စားကြပါ။ ပြည်တွင်း၌ စိတ်ဝင်စားခြင်းမရှိသော  ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင်ကျင်းပပြီး စစ်အာဏာသိမ်းမှုကို အဆုံးသပ်မည်၊ အနိုင်ရ ပါတီကို အာဏာလွှဲပြောင်းပေး မည် ဟူသော အစီအစဥ်ကို မင်းအောင်လှိုင်က ၎င်းကိုလက်ခံတွေ့ဆုံသော နိုင်ငံတကာခေါင်းဆောင်တချို့ကို ပြောပြကာ ဆွဲဆောင်စည်းရုံးလျက်ရှိသည်။  

မကြာသေးမီက တွေ့ဆုံခွင့်ရရှိခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါရာမိုဒီ ကဲ့သို့ နိုင်ငံကြီးများ၏ ခေါင်းဆောင်များက ထောက်ခံကြကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုခဲ့သည်ကို သတိပြုမိကြလိမ့်မည်။ သို့သော် ထိုခေါင်းဆောင် ၃ဦးအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ထိုရွေးကောက်ပွဲကို အသိအမှတ်ပြုပြီး တရားဝင်မှုပေး လာရန်မှာ မင်းအောင်လှိုင်အတွက် စိန်ခေါ်မှုအဖြစ် ရှိနေဆဲ ဖြစ်ပုံရသည်။   

မြန်မာ့သမိုင်းတွင် ဂုဏ်သိက္ခာကင်းမဲ့ဆုံး ဖြစ်လာမည့် ထိုရွေးကောက်ပွဲမှတစ်ဆင့် တရားဝင်မှု ရရှိရန်၊  ရွေးကောက်ပွဲကို ရသည့်နည်းလမ်းဖြင့် ပြုလုပ်ရန် မင်းအောင်လှိုင် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းနေပုံတို့ကို ယခုနှစ်အတွင်း ခပ်စိပ်စိပ် တွေ့မြင်လာရသည်။   

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မေလ ၁၉ ရက်နေ့က ကျင်းပခဲ့သော စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွင်း မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ၏ တရားဝင်မှု (Legitimacy) ဆိုင်ရာ မေးခွန်းနှင့် ပတ်သက်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မများ ကိုးကား၍ ပြောဆိုလာပြန်သည်။ 

ထိုပုံအခြေခံဥပဒေတွင် ဖော်ပြထားသော လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်း ဆိုင်ရာ ပုဒ်မ ၈၅၊ ၁၂၈၊ ၁၅၅ တို့ကို ရည်ညွန်းကိုးကား၍ ဒီဇင်ဘာလတွင် ကျင်းပရန် စီစဥ်ထားသော ရွေးကောက်ပွဲသည် တရားဝင်မှုရှိကြောင်း မင်းအောင်လှိုင် သက်သေထူ ပြောဆိုသွားသည်။ စစ်ထဲ မဝင်မီ အရပ်သားဘဝ တက္ကသိုလ်တွင် ဥပဒေပညာ တစ်နှစ်ခန့် သင်ဖူးသော မင်းအောင်လှိုင်၏ ခြေ/ဥ ပုဒ်မများကို လိုသလို အဓိပ္ပာယ်ဖွင့်နေပုံမှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ပါ။ 

ရွေးကောက်ပွဲ တရားဝင်မှုရရေး ၂၀၀၈ ခုနှစ် ခြေ/ဥကို လိုသလို အဓိပ္ပာယ်ဖွင့်နေခြင်း

သို့သော် မြန်မာသမိုင်းတွင် စံချိန်ချိုးမည့် ဂုဏ်သိက္ခာကင်းမဲ့ဆုံး ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် စီစဥ်နေသော မင်းအောင်လှိုင်သည် အထက်ပါ ပုဒ်မ ၃ကို အသုံးပြုပြီး ရွေးကောက်ပွဲ၏ တရားဝင်မှု ရှာပုံတော် ဖွင့်လာခြင်း ဖြစ်သည်။  

ထိုပုဒ်မ ၃ခုသည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်း အဝေးများ ကျင်းပမှု အထမြောက်ခြင်းဆိုင်ရာ ပုဒ်မများ ဖြစ်ပြီး၊ ပုဒ်မတိုင်းတွင် ပုဒ်မခွဲ (က) နှင့် (ခ) ဟူ၍ ပါရှိသည်။ 

ပုဒ်မ ၃ခုလုံး၏ ပြဋ္ဌာန်းချက်များသည် တူညီပြီး၊ ပုဒ်ခွဲ (က) တွင် လွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပသည့်အခါ ပထမနေ့တွင် ကိုယ်စားလှယ် စုစုပေါင်း၏ တစ်ဝက်ကျော် (၅၀ ရာခိုင်နှုန်းကျော်) တတ်ရောက်လာခြင်းမရှိလျှင် အစည်းအဝေး အထမြောက်ခြင်းမရှိ၍ ရွှေ့ဆိုင်းရန် ပြဋ္ဌာန်းထားပြီး၊ အစည်းအဝေးကို နောက်ထပ် တစ်ကြိမ် ကျင်းပသည့်အခါ အနည်းဆုံး သုံးပုံတစ်ပုံ (၃၃.၃၄ ရာခိုင်နှုန်း) တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်ဟု ပြဋ္ဌာန်းထားသည်။ 

လွှတ်တော်များထဲတွင် ပြည်ထောင်စုလွှတ်တော်သည် အမြင့်ဆုံးလွှတ်တော် ဖြစ်ပြီး၊ ရွေးကောက်ပွဲ တစ်ခု ကျင်းပပြီးတိုင်း နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြောက်ခြင်းနှင့် အစိုးရအဖွဲ့ဝင်အားလုံး ကျမ်းသစ္စာကျိန်၍ တရားဝင် ခန့်အပ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်ကသာလျှင် လုပ်ပိုင်ခွင့်ရှိ သည်။  

ပုဒ်မ ၈၅ ပါ ပြဋ္ဌာန်းချက်များကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး၏ သုံးပုံတစ်ပုံ သို့မဟုတ် ၂၂၂ဦး အစည်းအဝေးတတ်ရုံမျှဖြင့် လွှတ်တော်အစည်းအဝေး အထမြောက် ခြင်းဆိုင်ရာ တရားဝင်မှုကိုသာ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ 

ဤနေရာတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၁၆၆ ဦး (ပြည်သူ့လွှတ်တော် ၁၁၀ဦး နှင့် အမျိုးသားလွှတ်တော် ၅၆ဦး) ကို မဲဆန္ဒနယ်အခြေခံပေါ်မှ အရေအတွက်ဖြင့် ခန့်အပ်ခြင်းမဟုတ်ပဲ လွတ်တော်တစ်ရပ်လုံးရှိ ရွေးကောက်ခံကိုယ်စားလှယ် အရေအတွက်အချိုးအစားပေါ်တွင် ရာခိုင်နှုန်း ရယူထားသဖြင့် မဲဆန္ဒနယ်မည်မျှတွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည်ဖြစ်စေ၊ စစ်တပ်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းသည် အတိုးအလျော့မရှိ တသတ်မတ်တည်း ရှိနေမည်ဖြစ်သည်။ 

ထို့ကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၅၆ဦး ရှိရုံမျှ ဖြင့် စစ်တပ်ကိုယ်စားလှယ် ၁၆၆ဦး နှင့်ပေါင်း လျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၂၂ဦး ရှိမည်ဖြစ်၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပခြင်း အထမြောက်သည် ဟု မင်းအောင်လှိုင် အဓိပ္ပာယ်ကောက်သည်၊ သို့ဆိုလျှင် ရွေးကောက်ပွဲကိုလည်း မဲဆန္ဒနယ်အနည်းငယ်တွင် ကျင်းပရုံမျှဖြင့် တရားဝင်သည်ဟု  ပြောဆိုလာခြင်း ဖြစ်သည်။  

သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မြေတစ်ခုတည်းတွင် ပြည်သူ့လွှတ်တော် ၄၅ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂နေရာ၊ စုစုပေါင်း ၅၇ နေရာရှိသည့်အတွက်၊ ရန်ကုန် မဲဆန္ဒနယ်မြေများတွင် ကျင်းပရုံမျှဖြင့်၊ ရွေးကောက်ပွဲ တရားဝင်ကြောင်း မင်းအောင်လှိုင် ကြေညာနိုင်မည် ဖြစ်သည်။

အမှန်စင်စစ် ရွေးကောက်ပွဲတစ်ခု၏ တရားဝင်မှုနှင့် လွှတ်တော်အစည်းအဝေးတစ်ခု ကျင်းပခြင်း ဆိုင်ရာ အထမြောက်မှု ဖြစ်စဥ်နှစ်ခုသည် လုံးလုံးလျားလျား မတူကွဲပြားသော အခြေအနေနှစ်ရပ် ဖြစ်သည်။ 

နိုင်ငံ၏ နယ်မြေအစိတ်အပိုင်း အများအပြားတွင် စစ်ဖြစ်နေ၍ ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ၊ မဲပေးခွင့် ရှိသော ပြည်သူ သန်းနှင့်ချီ မဲပေးခြင်းမရှိဘဲ၊ တည်ငြိမ်အေးချမ်းပြီး ပြည်သူများ ကိုယ်စိတ်နှစ်ပါး လွတ်လပ်လုံခြုံမှုကို အာမခံနိုင်ခြင်းမရှိဘဲ ကျင်းပသော ရွေးကောက်ပွဲများကို နိုင်ငံတကာစံနှုန်းများ အရ တရားမျှတ၊ လွတ်လပ်သော ရွေးကောက်ပွဲများအဖြစ် သတ်မှတ်နိုင်မည်မဟုတ်သလို၊ ထိုရွေး ကောက်ပွဲကို အတင်းအကျပ် ကျင်းပပါကလည်း တရားဝင်မှု ရရှိလိမ့်မည် မဟုတ်ပါ။   

တလောကလုံး မှားယွင်းနေပြီး၊ သူသာလျှင် မှန်ကန်သော “လူမှန်ကြီး”

စင်စစ် ၂၀၂၅ ခုနှစ် ပြက္ခဒိန်ရက်စွဲများ တစ်ရက်ချင်း၊ တစ်လချင်း ကုန်ဆုံးလာသည်နှင့်အမျှ၊ နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုများ ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် နှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲ အတွက် စိတ်သောက ရောက်နေပြီး၊ ပုံမှန်မဟုတ်သော စိတ်အခြေအနေဖြင့် ပြောဆိုလုပ်ကိုင်လာသည်ကို သတိပြုမိသည်။ 

အထူးသဖြင့် လက်ရှိရင်ဆိုင်နေရသော အခြေအနေအပေါ် ရှိရှိသမျှ လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးကို အပြစ်ဖို့ပြီး၊ ၎င်းသာလျှင် “လူမှန်ကြီး” (Mr. Right) ဖြစ်ကြောင်း၊ ဆင်ခြေအမျိုးမျိုး ခရားရေလွှတ် ပြောလာခြင်းကို တွေ့မြင်လာရသည်။

ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည့် စိတ်ဝေဒနာ စွဲကပ်နေသူတစ်ဦး (narcissistic personality disorder – NPD) ၏ လက္ခဏာများ မင်းအောင်လှိုင်တွင် တွေ့ရှိနေရပြီး၊ လက်ရှိ ရင်ဆိုင်နေရသော ပြဿနာများမှာ ၎င်း၏ရှေ့မှ စစ်ခေါင်းဆောင်များဖြစ်သော သန်းရွှေနှင့် သိန်းစိန် တို့၏ ခေါင်းဆောင်မှု အမှားအယွင်းများနှင့် အားနည်းချက်များကြောင့်ဟု တိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း ထိုပုဂ္ဂိုလ်များ ဦးဆောင်ခဲ့သော အဖွဲ့အစည်းကို လူသိရှင်ကြား ပြစ်တင်ပြောဆိုမှုများ စတင်ပြုလုပ် လာသည်ကို လေ့လာတွေ့ရှိရသည်။ 

အာဏာရှင်ဟောင်း သန်းရွှေ တည်ထောင်ခဲ့ပြီး၊ သမ္မတဟောင်း သိန်းစိန် ဥက္ကဋ္ဌလုပ်ခဲ့သော စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း အကွဲအပြဲများကို စစ်ကောင်စီ အစိုးရအဖွဲ့ အစည်း အဝေးတွင် ထည့်သွင်းပြောဆိုလာသည်။ 

ဆိုလိုရင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရရွှေမန်းနှင့် သိန်းစိန်တို့ကြား ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် လပိုင်းအလို သန်းခေါင်ယံ အာဏာသိမ်းပွဲ၊ ပါတီတွင်း အကွဲအပြဲများကြောင့် စစ်တပ်က ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားခဲ့သော အာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်၊  သူရရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာ မိတ်ဖွဲ့ခဲ့ခြင်းကြောင့် ထိုအကွဲအပြဲဖြစ်ကာ ကြံ့ခိုင်ရေးပါတီ ရှုံးခဲ့ရသည်ဟု မင်းအောင်လှိုင် ယုံကြည်နေပုံရသည်။ 

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ညှိုး အာဃာတတရားကြီးမားစွာဖြင့် အကျဥ်းထောင်ထဲ ၎င်း၏ လက်ကျန်ဘဝသက်တမ်း ကုန်ဆုံးစေရန် ချုပ်နှောင်ထားခြင်း ဖြစ်သည်။  

အမျိုးသမီးတစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးအမုန်းတရားများ ပြည့်နှက်နေသော စစ်ခေါင်းဆောင်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်လက်ထဲမှ အာဏာရယူ သွားနိုင်ခဲ့သည့် နိုင်ငံရေး အလှည့်အပြောင်းက မင်းအောင်လှိုင်အပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ဟန် ရှိသည်။ 

မမျှော်လင့်ဘဲ အမျိုးသမီးတစ်ဦး၏ အာဏာစက်အောက်သို့ ရောက်ရှိသွားခဲ့သော စစ်တပ်သမိုင်းတွင် ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်သွားရခြင်းအပေါ် မင်းအောင်လှိုင် အလွန်ခါးသီးခဲ့ပုံရသည်။ ထို့ကြောင့် ယခင်စစ်ခေါင်းဆောင်များ မကာကွယ်နိုင်ခဲ့သော အာဏာကို မဖြစ်မနေ ပြန်လည်သိမ်းယူ ရန် အချိန်အခါကောင်းကို စောင့်စားနေခဲ့ပုံရသည်။  

ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာရလာချိန်တွင် “တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း” ဆိုသည့် စကားကို လွန်ခဲ့သော ၄နှစ်အတွင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး၊ မေလ ၁၉ ရက်နေ့ စစ်ကောင်စီအစိုးရ အစည်းအဝေးတွင် မင်းအောင်လှိုင် ထပ်မံပြောဆိုခဲ့သည်။  

ထိုစကားရပ်က  စစ်တပ်အကြီးအကဲတစ်ဦးသည် ရွေးကောက်ခံ NLD အစိုးရကို အပြည်အဝ အသိအမှတ်မပြု၊ သစ္စာမခံ ဟု အဓိပ္ပာယ်ရသည်။ ထိုအစိုးရနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက် သည်ဆိုလျှင် ထိုအစိုးရနှင့် တန်းတူ စင်ပြိုင်အာဏာ ထူထောင်ပြီး နေသည်ဟု အဓိပ္ပာယ်ရသည်။ 

ထို့အပြင် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းတွင် စစ်တပ်က အစုအပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ ထို အရေးကို အကြောင်းပြ၍ ကာ/လုံအစည်းအဝေးမှတစ်ဆင့် အရပ်သားအစိုးရ သမ္မတထံမှ အာဏာကို အကြပ်ကိုင်လွှဲယူမည့် အကြံအစည် အထမမြောက်ခဲ့ပုံကို အမှတ်ရပြီး၊ မင်းအောင်လှိုင်က NLD အစိုးရ သက်တမ်းတစ်လျှောက် “နိုင်ငံတော်တွင် အရေးကြီးသည့်ကာလများ၌ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး လုံးဝပြုလုပ်ခဲ့ခြင်း မရှိကြောင်း” ပြောဆိုလာသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးညီလာခံကို “၂၁ ရာစု ပင်လုံညီလာခံ” အဖြစ် အမည် ပြောင်းလဲခြင်းကို မင်းအောင်လှိုင် ဆန့်ကျင်ခဲ့ကြောင်း ၎င်း၏ ပြောဆိုချက်များထဲတွင် တွေ့လာရ သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဥပဒေနှင့်မညီဘဲ ရယူခဲ့သည် ဟု စွပ်စွဲခဲ့သလို၊ တရားဝင်အစိုးရတစ်ရပ်နှင့် တရားဝင်လွှတ်တော်များ၏ ဥပဒေပြဋ္ဌာန်းချက်များကို ပင် ဥပဒေနှင့်မညီသည့် ပြဋ္ဌာန်းချက်များဟု တွင်တွင်စွပ်စွဲပြောဆိုနေသည်။ 

မင်းအောင်လှိုင်၏ ထိုအပြုအမူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အထက်တွင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သော ၎င်းတစ်ဦးသာ ရှိပြီး၊ ၎င်းကို ခြေ/ဥ ကပင် ရာထူးမှ ဖယ်ရှားပိုင်ခွင့် မရှိကြောင်း၊ ၎င်းက ဥပဒေနှင့်မညီဟု သတ်မှတ်လျှင် ယင်းသည် ဥပဒေပင်ဖြစ်သည်ဟု ပဒေသရာဇ်မင်းများကဲ့သို့ ပြုမူပြောဆိုနေလေပြီ ဖြစ်သည်။ 

ထိုအချက်ကို အထောက်အပံ့ပေးသော မင်းအောင်လှိုင်၏ ပဒေသရာဇ်မင်းသဖွယ် အပြုအမူ နောက် တစ်ခုမှာ မေလ ၁၉ ရက်နေ့ စစ်ကောင်စီအစည်းအဝေးအတွင်း အံ့ဩစရာကောင်းသော ပြောဆိုချက် ဖြစ်သည်။ ယင်းမှာ “ရှေးဘုရင်များလက်ထက်က ဥရောပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ် ခဲ့သည့် သမိုင်းမှတ်တမ်းများလည်း ရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရှေးဘုရင်များခေတ်က နိုင်ငံတော်၌ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်များနှင့် ခေတ်အဆက်ဆက်၌ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်များကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း” ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အချင်းအရာများကို စိတ္တဗေဒရှုထောင့်မှ လေ့လာမည်ဆိုလျှင် မင်းအောင်လှိုင်သည် သာမန် စိတ်အခြေအနေတွင် ရှိမနေခြင်းကို ပို၍ထင်ရှားစွာ တွေ့မြင်လာရသည်။ ထို့ကြောင့်လည်း နိုင်ငံအနှံ့ရှိ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေခြင်း၊ လူ့အဖွဲ့အစည်း အစိတ်အပိုင်းအများအပြားကို ပြာပုံအတိ ဖြစ်သွားရန် မီးရှို့ဖျက်ဆီးခဲ့ခြင်း စသည့် အစွန်းရောက်အကြမ်းဖက်မှုများ ကျူးလွန်၍ အဓမ္မသိမ်းယူခဲ့ သော အာဏာကို လက်မလွှတ်ရရေး နည်းလမ်းမျိုးစုံဖြင့် ကာကွယ်နေခြင်း ဖြစ်သည်။

မင်းအောင်လှိုင် ကြံစည်နေသော ရွေးကောက်ပွဲသည်လည်း ၎င်းဖန်တီးခဲ့သော နိုင်ငံရေးပြဿနာမှ ထွက်ပေါက်ရှာခြင်းထက်၊ အာဏာကို လက်မလွှတ်ရရေး နည်းလမ်းတစ်ခုအဖြစ် ကြံစည်းကြိုးပမ်းနေ ခြင်းသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button