အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အပြည်ပြည်ဆိုင်ရာတရားစီရင်ခံရခြင်းမှ ကာကွယ်ရန် ရုရှားနှင့် စစ်ကောင်စီ လက်မှတ်ထိုး

နိုင်ငံတကာခုံရုံးတွင် အသီးသီးတရားစွဲခံထားရသော ရုရှနှင့် မြန်မာစစ်ကောင်စီတို့က တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကာကွယ်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာတရားစီရင်ခံရခြင်းမှ အပြန်လှန်အကာကွယ်ပေးရန် အာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားတို့ မေလ ၂၃ ရက် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားတရားရုံးချုပ်တွင် ပြုလုပ်သည့် အစည်းဝေးတွင် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း စစ်တပ်ထိန်းချုပ် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ ထုတ်ပြန်သည်။ 

အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးကို အလွဲသုံး၍ နိုင်ငံသားများအား တရားစီရင်ခြင်းကို အပြန်အလှန် ကာကွယ်ပေးရေးဆိုသည့် စာချုပ်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားတရားရေးဝန်ကြီး Mr. IGOR KRASNOV တို့လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် အသေးစိတ်အချက်လက်များကို ထုတ်ပြန်ခြင်းမရှိပေ။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင် တို့ နှစ်ဦးလုံးသည် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တွင် တရားစွဲဆိုခံထားရသူများဖြစ်သည်။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရာတွင် စစ်ရာဇဝတ်မှုများကျူးလွန်သည်ဟုသော စွဲချက်ဖြင့် ရုရှားသမ္မတ ပူတင်ကို ICC တရားရုံးက ဖမ်းဝရမ်းထုတ်ထားပြီဖြစ်သည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ၂၀၁၇ ခုနှစ် က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တွင် တရားစွဲဆိုထားပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် လျှောက်ထားသည့် အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေနှင့် အရေးယူရန် ဆောင်ရွက်ချက်များကို ဂရုမစိုက်ကြောင်း အမြဲလေသံပစ်လေ့ရှိသော်လည်း ထိုသို့အရေးယူနိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်မှုများကို စိုးရိမ်လာသည်မှာ ထင်ရှားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။ 

“တရားစွဲဆိုမှုတွေကို၊ အရေးယူဆောင်ရွက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက်ကတော့ ရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် ရုရှားလိုနိုင်ငံက အကာကွယ်ပေးမယ်ဆိုရင်တော့ တချို့သောလမ်းကြောင်းတွေ၊ အထူးသဖြင့် လုံခြုံရေးကောင်စီကနေ ဖြတ်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ကာကွယ်ပေးနိုင်တဲ့ လမ်းကြောင်းတွေ တော့ရှိနိုင်ပါတယ်” 

ICC တရားရုံးက မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖြတ်၍ တင်မည်ဆိုပါက ရုရှားက တားဆီးနိုင်မည်ဖြစ်သော်လည်း ရောမစာချုပ် (Rome Statute) အမှတ် ၁၂/၃ အရ တရားရုံးက တိုက်ရိုက်လက်ခံခြင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကဲ့သို့သော နည်းလမ်းများကို တားဆီးနိုင်မည်မဟုတ်ကြောင်း သူက ဆက်ပြောသည်။ 

“အဲ့တော့ သူတို့(စစ်ကောင်စီ) ဘက်က ကြိုးစားပေမယ့် ရုရှားက ကာကွယ်ပေးလို့မရတဲ့ တခြားနည်းလမ်းတွေ လည်းအများကြီး ကျန်ပါသေးတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂနှင့် နိုင်ငံတာအသိုင်းဝိုင်း၏ ဖယ်ကြဉ်ခြင်းကို ခံထားရသည့် စစ်ကောင်စီသည် ရုရှားနှင့် မဟာမိတ်ဆက်ဆံရေးတိုးမြှင့်သည့်နည်းတူ ဘဝတူ အာဏာရှင်နိုင်ငံအချင်းချင်း သေဖော်သေဖက်ညှိကာ အပြန်အလှန်အကာကွယ်ပေးနိုင်ရန် စီစဉ် ခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းက ပြောသည်။ 

“ပူတင်ကလည်း တရားစွဲခံရတယ်။ မြန်မာနိုင်ငံကလည်းတရားစွဲခံရတယ်။ တရားစွဲခံရတဲ့သူအချင်းချင်း ပူပေါင်းဆောင်ရွက်တယ်ဆိုတာက ဒီနိုင်ငံရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဘယ်လိုကာကွယ်ရမလဲ။ ဘယ်လိုတောင့်ခံကြမလဲ။ သူတို့အာဏာမစွန့်လွှတ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ကာကွယ်ဖို့ထက်ဘာမှမပိုဘူး” ဟု ထိုသူက ဆိုသည်။ 

အင်အားကြီး ရုရှားနှင် ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုများမှ အကာကွယ်ယူနိုင်ရန် စစ်ကောင်စီကကြိုးပန်းနေသော်လည်း ကမ္ဘာနိုင်ငံအများစုက လက်မခံကြောင်း၊ ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို ကင်းလွတ်ခွင့်မရှိစေရေးအတွက် ပြည်တွင်းပြည်ပက ကြိုပမ်းဆောင်ရွက်မှုများကို ထိခိုက်စေမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၅ မေ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် ရုရှားတရားရုံးချုပ်၏ ထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီနှင့် ထိုစာချုပ်များလက်မှတ်ရေးထိုးခြင်းသည် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာတရားစီရင်ရေးအဖွဲ့များ၏ တိုးပွားလာသော တရားစွဲဆိုမှုများကို အကာကွယ်ပေးရာတွင် အာမခံချက်ရှိစေမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်တပ်သည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အရပ်သားများနေထိုင်ရာဒေသများအား လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ရာပေါင်းများစွာထိခိုက်သေဆုံးသလို သန်းနှင့်ချီသောပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

စစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွဲချက် တင်ခံထားရပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကာ အာဂျင်တီးနားနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံသား ၂၅ ဦးအတွက် ဖမ်းဝရမ်းများ ထုတ်ပြန်ထားသည်ဟု သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ရှိလာကာ သမ္မတ ပူတင်နှင့် ၃ ကြိမ် တွေ့ဆုံထားပြီး မကြာသေးခင်ကမှ ရုရှားခရီးစဉ်မှ ပြန်ရောက်ထားသလို စီးပွားရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများစွာ ရှိနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button