သတင်း

ယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦး စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတို့ တိမ်းရှောင်နေရ

စစ်တပ်ရန်ကြောင့် ပုဂံ-ညောင်ဦးဒေသခံတို့ ရှောင်နေရစဉ် ရွာတချို့ မီးရှို့ခံရ၊ ဗုံးကြဲတိုက်ခိုက်ခံရသည်၊ နေအိမ်မှ ပစ္စည်းများ လုယက်ခံရသည်ဟု ဒေသခံများက ပြောသည်။

မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း ညောင်ဦးမြို့နယ်ရှိ ယူနက်စကို (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း) အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုနယ်မြေတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်ဟု ထိုဒေသနေ ပြည်သူများက ပြောသည်။

မေ ၂၀ က စတင်ပြီး ညောင်ဦးမြို့အခြေစိုက် အမှတ် (၄၁၅) ခြေလျင်တပ်ရင်းစခန်းမှ ထွက်ခွာလာသည့်  အင်အား ၁၀၀ ခန့်က ပုဂံမြို့နှင့် ၇ မိုင်အကွာ ညောင်ဦး-ချောက် ကားလမ်းဘေးရှိ ယာတောကြီး ကျေးရွာကို စစ်ကြောင်းထိုး နေခြင်းဖြစ်သည်။ 

အဆိုပါကားလမ်းဘေးရှိ ရွာ ၅ ရွာမှ စစ်ရှောင် နေရသူ  အရေအတွက် ဒေသခံ ၅,၀၀၀ ထက်မနည်း ရှိသည်ဟု ကျောက်ပြင်ကန် ကျေးရွာသား တစ်ဦးက ပြောသည်။ 

“သူတို့က ရွာမြောက်ဘက်ကလာရင် ကျွန်တော်တို့က ရွာတောင်ဘက်ကို ပြေးတယ်။ တောင်ဘက်က တောတောင်တွေထဲ သစ်ပင်တွေအောက်မှာ နေကြရတာပေါ့” ဟု အထက်ပါ ဒေသခံက ပြောသည်။ 

“ပြီးခဲ့တဲ့ တစ်ခေါက် ကျွန်တော်တို့ရွာ မီးရှို့ခံရတုန်းကဆို စစ်ရှောင် ပြည်သူတွေကို ဒရုန်းနဲ့ ဗုံးချတယ်လေ”

မတ်လတွင်လည်း  ပုဂံ၊ညောင်ဦး ဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာရာ ကျောက်ပြင်ကန်ရွာရှိ ၎င်း၏ နေအိမ်အပါအဝင် နေအိမ် ၁၁ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး ကျွဲ၊နွားများ အပါအဝင် အဖိုးတန် ပစ္စည်းများ လုယူခံခဲ့ရသည်ကို ထိုဒေခံက ရည်ညွှန်းပြောသည်။

“ကျွန်တော့်အိမ်က တိုက်အိမ်ဆိုတော့ တံခါးပေါက်တွေ ကုတင်တွေကို ဓာတ်ဆီလောင်းပြီး မီးရှို့တာပေါ့။ အတွင်းပစ္စည်းတွေတော့ အကုန်ပါသွားတာပေါ့။ တိုက်အခွံပဲ ပြန်ရလိုက်တယ်” ဟု ၎င်းက ပြောသည်။ 

ရှောင်နေကြရသူတို့မှာ ပုဂံမြို့နှင့် ၇ မိုင် အကွာရှိ ယာတောကြီး၊ ဂျိုးကန်၊ ကျအို၊ ကျအိုကျွန်း၊ လယ်ကန်၊ ရွာသစ်၊ စဉ့်ကူရွာမ၊ ပြည်တော်သာ၊ ကျောက်ပြင်ကန်ရွာများမှ ဒေသခံများ ဖြစ်သည်။ 

နှစ်ဆန်းပိုင်းက စတင်ပြီး  ပုဂံ-ညောင်ဦးမြို့နယ်ထဲတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာရာ ရှေးဟောင်း စေတီများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေရသည်ဟု အထက်ပါ ကျောက်ပြင်ကန် ရွာသားက ဆက်ပြောသည်။

“သူတို့က အကုန်လုပ်တာပဲ။ ဂန့်ဂါရွာဆိုရင် စေတီ ပုထိုးတွေဘေးမှာပဲ ရှိတာလေ။ သူတို့က အဲဒီမှာ တပ်စွဲပြီး သေနတ်တွေဖောက်တယ်။ တခါတလေ လက်နက်ကြီးတွေနဲ့ပစ်တယ်။ သူတို့ အဲဒီလိုမျိုး လုပ်နေတာပဲ” ဟု ပြောသည်။  

ပုဂံ-ညောင်ဦးမြို့နှင့် ၇ မိုင်အကွာရှိ ရွှေစာရံဘုရားအနီး ယာတောကြီးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် မေ ၂၀ တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်၊ 

စစ်ကောင်စီတပ်က ဂျိုးကန်ရွာကို ဒရုန်းဖြင့် ဗုံးကြဲ ဝင်ရောက်ခဲ့ပြီး ဒေသခံ လူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုလည်း ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် People’s Democratic Army – PDA  ညောင်ဦး ဒေသ တာဝန်ခံ ရဲဘော် အုပ်စိုးက ပြောသည်။ 

“ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ ဒရုန်းတစ်စင်းကတော့ ပျက်စီးပြီး ပြန်ခေါက်သွားရတယ်။ သူတို့က ရွာကို ဒရုန်းသွားချတာပေါ့။ အဓိကတော့ ဘုန်းကြီးကျောင်းကို အဓိက ဦးတည်ပြီးချတာပေါ့။ ကျွန်တော်တို့ ရှေ့ပွိုင့်က သူတို့နဲ့ နီးနေတော့ ဒရုန်းကိုရော မြေပြင်က ကောင်တွေကိုရော ပစ်ချတာပေါ့” ဟု ၎င်းက ပြောသည်။ 

ထို့နောက် မေ ၂၂ တွင် ဂျိုးကန်ရွာမှ ထွက်ခွာသွားပြီး ညောင်ဦး-ချောက် ကားလမ်းဘေးရှိ ဂန့်ဂါ ရွာတွင် တပ်စွဲထားသဖြင့် ညောင်ဦး-ချောက် ကားလမ်းတလျှောက်ရှိ ကျေးရွာများမှာ နေရပ်ပြန်ရန် ခက်ခဲနေသည်ဟုလည်း သိရသည်။

“ဂျိုးကန်မှာက လူငယ် ၅ ယောက်ကို ဖမ်းသွားတယ်။ ရွာထဲမှာ ရှိတဲ့ အိမ်တွေ အကုန်လုံးကို မွှေနှောက်သွားတယ်။ တချို့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်။ သူတို့ ယူလို့ ရတဲ့ ပစ္စည်းတွေကိုလည်း ယူသွားကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ယခုနှစ်ဆန်းပိုင်းက စတင်ပြီး ပုဂံ-ညောင်ဦး ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ ကျောက်ပြင်ကန်၊ ကြအို့၊ မြေသန့်တောင် ရွာများမှ  နေအိမ် ၃၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကဆိုသည်။ 

ရှေးဟောင်း စေတီပုထိုးများတည်ရှိရာ ပုဂံယဉ်ကျေးမှုဒေသသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း တွင်တည်ရှိပြီး မြစ်တစ်ဖက်ကမ်းတွင် တော်လှန်ရေး တပ်ဖွဲ့များ အားကောင်းသည့် မြစ်ခြေ ဒေသတည်ရှိသည်။  

ထိုဒေသနှင့် တဆက်တည်းကားလမ်းတည်ရှိရာ  မြင်းခြံခရိုင်ရှိ မြင်းခြံ၊နွားထိုးကြီး၊ တောင်သာ မြို့နယ်များတွင်လည်း  တိုက်ပွဲ များဖြစ်နေသည်။ 

Related Articles

Back to top button