
စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ပွားဖွယ်ရှိသည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က သတိပေးလိုက်သည်။
“မြန်မာနိုင်ငံမှာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း အန္တရာယ်ကျရောက်တော့မယ့် အခြေအနေတစ်ရပ်ဆီ စစ်တပ်က တွန်းပို့နေပါတယ်။ လူပေါင်း ၅၀၀ ကျော် အသတ်ခံရပြီးပြီ။ ထောင်ပေါင်းများစွာလည်း ပြေးလွှားနေရတယ်” ဟု Maas က မှတ်ချက်ပြုကြောင်း ယနေ့ ဧပြီ ၄ ရက်ထုတ် Funke သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံအားလုံးက အာဏာသိမ်းစစ်ကောင်စီကို ပိုမိုဖိအားပေးသင့်ကြောင်း Maas က တောင်းဆိုခဲ့ပြီး ထိုသို့ ဖိအားပေးမှသာ အာဆီယံနိုင်ငံများက တိုက်တွန်းထားသော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို စစ်ကောင်စီက လက်ခံမည်ဟု ဆိုသည်။
“မြန်မာမှာ ဒီမိုကရေစီ မရှင်သန်စေချင်ရင်တောင် ပြည်တွင်းစစ်အတွင်းမှာ ကွယ်ပျောက်သွားမှာကိုတော့ ဒေသတွင်းက ဘယ်နိုင်ငံကမှ ဖြစ်စေချင်မှာမဟုတ်ပါဘူး” ဟု Maas က အခိုင်အမာဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အနည်းဆုံး ကလေးငယ် ၄၆ ဦး အပါအဝင် လူပေါင်း ၅၅၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။
ထို့အပြင် လူပေါင်း ၂၇၅၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ ၁၂၆ ဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ထားသည်။
စစ်တပ်သည် ပြည်သူအများအပြားကို ပစ်သတ်နေသလို တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း တိုက်ပွဲဖြစ်ပွားနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့နှင့်ပါ တိုက်ပွဲများဖြစ်နေပြီး အဆိုပါဒေသများအတွင်း စစ်တပ်က လေယာဉ်အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
ထို့ပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS) နှင့်လည်း စစ်ရေးတင်းမာနေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ် MNDAA တို့ကလည်း အပစ်ရပ် ထပ်တိုးမတိုး သုံးသပ်မည်ဟု ပြောဆိုထားကာ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် တောင်းဆိုထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများကို ခုခံကာကွယ်ရန်နှင့် ဖက်ဒရယ်တပ်မတော်တည်ထောင်ရန် ရည်ရွယ်ပြီး ပြည်သူအချင်းချင်း ကာကွယ်စောင့်ရှောက်ရေးအတွက် ခုခံပိုင်ခွင့်လုပ်ငန်းစဉ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မတ် ၁၅ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မတ် ၃၁ တွင် စစ်တပ်က တစ်လအပစ်ရပ်မည်ဟု ကြေညာထားသော်လည်း စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီ ၄ မှ၁၁ ရက်အထိ ဝေဟင်၊ ရေပြင်နှင့် ရေအောက် စမ်းသပ်ပစ်ခတ်မှုနှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု ကြေညာထားသည်။