မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာကို မေ ၂၀ ရက်နေ့ ညနေတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင် ၄ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့သည်။
ဗဟင်းရွာရှိ ထမင်းဆိုင်ကို ယမန်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆိုင်တွင် ထမင်းစားနေသည့် ရဲဘော် ၄ ဦးနှင့် ဆိုင်ပိုင်ရှင် သားအမိ ၂ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“တပ်ရင်းတွေပေါင်းစည်းဖို့ကိစ္စအစည်းအဝေး သွားပြီးတော့ ပြန်အလာကို မြိုင်မြို့နယ်၊ ဗဟင်းရွာက ထမင်းဆိုင်မှာ ဝင်စားတဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာ။.. ရဲဘော်တွေက ရုပ်အလောင်း ကောင်းကောင်းပြန်မရဘူး။ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့ အိတ်နဲ့ပဲ ထုတ်ကောက်ရတာ”ဟု ယင်းမာပင် ခရိုင် အမှတ် (၁၂) တပ်ရင်း ပြည်သူ့လုံခြုံရေးတာဝန်ခံ ကိုမောင်က ပြောသည်။
သေဆုံးသည့် တပ်ဖွဲ့ဝင်များမှာ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ (၃ ) မှ တပ်ခွဲမှူး ကိုဇော်မြတ် နှင့် တပ်ဖွဲ့ဝင်များဖြစ်သည့် ကိုအောင်ပု၊ ကိုလင်းယုန် နှင့် ကိုလင်းတို့ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံများစွာ ရှိပြီး တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသည့် ရဲဘော်များဖြစ်သည်ဟု ကိုမောင်က ဆိုသည်။
၎င်းတို့အနက် အသက် ၂၁ နှစ်အရွယ် ကိုလင်းယုန်မှာ ခါးချိုးသေနတ် ယမ်းပေါက်ကွဲပြီး မျက်စိပျက်စီးခဲ့ သော်လည်း လက်နက်ကိုင်တော်လှန်ရေးတွင် ဆက်ပါဝင်ခဲ့ကာ ၈ လကြာမြင့်သည့် ပင်လည်ဘူးမြို့သိမ်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်သည်။
“ ရဲဘော်လင်းယုန်က မျက်လုံးတစ်ဖက် ပျက်ထားတဲ့ကြားက သူ့အမေတွေက တားတဲ့ကြားက ဘယ်လောက်ပဲတားတား တော်လှန်ရေးကို ဆက်လုပ်တာ။ ပင်လည်ဘူးမြို့သိမ်းပွဲမှာ လက်မောင်းမှာလည်း ကျည်ထိခဲ့သေးတယ်။ အဲ့ဒါကို ခုချိန်ထိ ရှေ့တန်းတွေ တိုက်ပွဲတွေ တောက်လျှောက်လိုက်နေတဲ့ ရဲဘော်။ ကျွန်တော်တို့က နှမြောတာပေါ့”ဟု ကိုမောင်က ဆိုသည်။
မန္တလေးမြို့၊ တံတားဦးလေဆိပ်မှ မေ ၂၀၊ ညနေ ၄း၅၅ မိနစ်ဝန်းကျင်တွင် တက်လာသည့် တိုက်လေယာဉ် က ချောင်းဦး၊ ဆားလင်းကြီး၊ ပုလဲမှ ထီးလင်းထိ ပျံသန်းပြီး အပြန်တွင်မှ မြိုင်မြို့နယ်ထဲတွင် လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့ခြင်းဖြစ် ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်းက ထုတ်ပြန်သည်။
ပေါက်၊ ပခုက္ကူ၊ ရေစကြို၊ ပုလဲတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြိုင်မြို့နယ်သည် တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ဒေသဖြစ်ပြီး စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက် မှုများ၊ အင်ဂျင်တပ်လေထီးများဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။

စစ်ကိုင်းငလျင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မေလကုန်အထိ ယာယီအပစ်ရပ်မည်ဟု စစ်တပ်က ထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာသည့်အပြင် စစ်ရေး လှုပ်ရှားမှုများလည်း ခပ်စိတ်စိတ်လုပ်နေသည်။
“ သူတို့အနေနဲ့ ဘယ်လောက်ပဲအပစ်ခတ်ရပ်တယ်ပဲပြောပြော နိုင်ငံတကာအတွက် လူကြားကောင်း အောင်လောက်ပဲ ပရိတ်နာတဲ့သဘောမျိုးပဲပြောနေတာ။ မုသားစကားပဲပြောနေတာ။ တကယ့်တကယ် မှာတော့ ပိုပြီးတော့တောင်ထိုးစစ်ဆင်လာတယ်”ဟု ကိုမောင်ကသုံးသပ်သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း လက်လွှတ်ခဲ့ရသည့် လားရှိုးမြို့ကို တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်တပ်က သေနတ်တစ်ချက်မဖောက်ဘဲ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုများအားကောင်းရာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ရေးအရှိန်ပိုမို တိုးမြှင့်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့် စစ်တပ်သည် ယနေ့ (မေ ၂၁) ရက်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့တွင်လည်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အချက်လက်များ အရ စစ်ကိုင်းငလျင်အလွန် မတ် ၂၈ ရက်မှ မေ ၁၆ ရက်အထိ နှစ်လနီးပါးအတွင်း ရန်ကုန်တိုင်းမှအပ တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၁၆ ဦးသေဆုံးပြီး ၇၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။



