သတင်း

ဆန္ဒပြသော လှိုင်သာယာ Adidas စက်ရုံတွင် နေ့စားခ ၁၂,၀၀၀ သို့ တိုးပေး 

ရန်ကုန်မြို့ ချန်းရိ (Tsang Yih) စက်ရုံတွင် တစ်နေ့လုပ်အားခ ၁၂,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးလိုက်သည်။ ၂ ဒေါ်လာခွဲနှင့် ညီမျှသောထိုပမာဏ နေ့စဉ်ရရှိရေးအတွက် အလုပ်သမားတို့က ၄ ရက်ကြာ ဆန္ဒပြခဲ့ရသည်။

ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သော Adidas ဖိနပ်များချုပ်လုပ်သည့် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ချန်းရိ (Tsang Yih) စက်ရုံမှ အလုပ်သမားများက လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုပြီးနောက် တစ်ရက်လုပ်ခလစာ ကျပ် ၁၂,၀၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်​ကြောင်း သိရသည်။

ထောင်နှင့်ချီသော  အလုပ်သမားများက  မေလ ၁၅ ရက်နေ့မှစတင်၍ လုပ်ငန်းခွင် မဝင်ကြတော့ဘဲ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက်  စက်ရုံဝန်းအတွင်း ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ 

ထို့နောက် အလုပ်ရှင်နှင့် အလုပ်သမားများကြား အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြကာ ဆန္ဒပြတောင်းဆိုမှု ၄ ရက် မြောက်နေ့ (မေ ၂၀)  ညနေပိုင်းတွင် အလုပ်ရှင်က အလုပ်သမားတို့ တောင်းဆိုချက်အားလုံးကို လိုက်လျောပေးခဲ့သည်ဟု ထိုစက်ရုံမှဆန္ဒပြအလုပ်သမားများက Myanmar Now သို့ ပြောသည်။ 

အလုပ်သမားများ အဓိကတောင်းဆိုသော အချက်မှာ တစ်ရက်လုပ်ခ ကျပ် ၅,၂၀၀၊ ထောက်ပံ့ကြေး ကျပ် ၂,၀၀၀ စုစုပေါင်း ကျပ်၇,၂၀၀ မှ ကျပ် ၁၂,၀၀၀ သို့ ( အမေရိကန်ဒေါ်လာ ၂ ဒေါ်လာခွဲ) တိုးမြှင့်ပေးရန်ဖြစ်သည်။ ယခုအခါ အလုပ်ရှင်ဘက်က တစ်ရက်လုပ်ခကို ကျပ် ၅,၈၀၀သို့ တိုးမြှင့်ပေးခဲ့ပြီး အစိုးရထောက်ပံ့ကြေး ၂,၀၀၀၊ စက်ရုံဘက်က ထောက်ပံ့ကြေး ၃,၈၀၀ သို့ တိုးမြှင့်ခဲ့သည်။ 

ထိုကြောင့် အလုပ်သမားများအတွက် တစ်ရက်လုပ်ခလစာသည် ကျပ် ၁၁၆၀၀ ဖြစ်သွားပြီး ယခင်ကတည်းက စက်ရုံဘက်ကထောက်ပံ့ပေးနေသည့် အစားအသောက်စရိတ် ကျပ် ၄၀၀ ထပ်ပေါင်းပါက တစ်ရက်လုပ်လခ ကျပ် ၁၂,၀၀၀ ရရှိခဲ့ခြင်းဖြစ်သည်။

ယခင်လုပ်ခလစာဖြင့် အလုပ်သမားများ၏ တစ်လဝင်ငွေသည် ကျပ် ၃ သိန်းကျော်သာရရှိနေပြီး ကုန်စျေးနှုန်းနှင့် နေထိုင်စရိတ်မြင့်တက်မှုများကြား အလုပ်သမားများ အခက်အခဲဖြစ်လာသည်ဟု စက်ရုံအလုပ်သမတစ်ဦးက ဆိုသည်။ 

“အဲဒီအခက်အခဲတွေကို ကျွန်တော်တို့ ဘယ်လိုမှ ရင်ဆိုင်နိုင်တဲ့ အင်အားမရှိတော့လို ယခုလို ဝန်ထမ်းတွေ အားလုံးစုပေါင်း တောင်းဆိုလိုက်ရတာ” ဟု သူက ပြောသည်။ 

ချန်းရိစက်ရုံတွင် အလုပ်သမား ၆,၀၀၀ ကျော်အထိရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်သည်။ ယခုဆန္ဒပြတောင်းဆိုမှုကို အလုပ်သမား ၃ ပုံ ၂ ပုံအထိ ပါဝင်တောင်းဆိုခဲ့ကြသည်ဟုလည်း ထိုစက်ရုံမှ အလုပ်သမားများက ပြောသည်။  

ထိုစက်ရုံအတွင်း ဆန္ဒပြတောင်းဆိုမှု ဖြစ်နေစဉ် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည်လည်း မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ပြီး စက်ရုံအလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ 

ချန်းရိစက်ရုံသည် အလုပ်သမားများကို လုပ်ခလစာတိုးမြှင့်ပေးခြင်းအပြင် အလုပ်သမားများဘက်က တောင်းဆိုသောရက်မှန်ကြေး၊ လုပ်သက်ဆုကြေး အပါအဝင် ဆန္ဒပြတောင်းဆိုခဲ့ကြသော အလုပ်သမားများ နှင့် အလုပ်သမားကိုယ်စားလှယ်များကို အလုပ်ထုတ်ပယ်ခြင်း၊ ရားထူးချခြင်း၊ လစာလျှော့ခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများ မလုပ်ရန်   သဘောတူခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့ လှိုင်သာယာမှ ချန်းရိ (Tsang Yih) စက်ရုံ ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Labour News) 

မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂၀၁၈ ခုနှစ်၊ မေလတွင် တစ်ရက်လျှင် ကျပ် ၄,၈၀၀ အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် လုပ်ခလစားနှုန်းထားအသစ် ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။ 

အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခကို ကျပ် ၄,၈၀၀ နှုန်း သတ်မှတ်ခဲ့စဉ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၁၃၄၀  ဝန်းကျင် သာရှိ၍ တစ်ရက်လုပ်ခမှာ ၃ ဒေါ်လာ ကျော် ရရှိကြသည်။ 

အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက အလုပ်သမားများကို တစ်ရက်လုပ်ခ အပိုထောက်ပံ့ ကြေးအဖြစ် ကျပ် ၁၀၀၀ နှစ်ကြိမ် တိုးမြှင့်ပေးရန် သတ်မှတ်ခဲ့၍  ကျပ် ၆,၈၀၀ ဖြစ်လာသည်။ သို့သော်လည်း ဒေါ်လာသည် ပြင်ပစျေးကွက်တွင် ကျပ် ၄၅၀၀ မှ ၆၀၀၀ ဝန်းကျင်ရှိနေ၍ တစ်ရက်လုပ်ခသည် ၁ ဒေါ်လာကျော်သာ ရှိခဲ့သည်။

ချန်းရိစက်ရုံက ယခုတိုးမြှင့်ပေးလိုက်သော တစ်ရက်လုပ်ခသည်ပင် အလုပ်သမားများအတွက် ယခု အမေရိကန်ဒေါ်လာပေါက်စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၂ ဒေါ်လာကျော်သာ ရရှိနေခြင်းဖြစ်သည်။ 

ယခုတိုးမြှင့်ပေးလိုက်သော နှုန်းထားသည် အလုပ်သမားများအတွက် အဆင်ပြေသွားခြင်းထက် အခက်အခဲများကို လျှော့ချနိုင်မည်ဟု ထိုစက်ရုံမှ အသက် ၂၀ ကျော်အရွယ် ဝန်ထမ်းတစ်ဦးက ပြောသည်။ 

“အရင်လစာနဲ့ အခုကုန်စျေးနှုန်းနဲ့က ကျွန်တော်တို့ ဘယ်လိုမှ မလုံလောက်တော့ဘူး” ဟု သူက ဆိုသည်။ 

ထိုအခြေအနေများကြောင့် အလုပ်သမားများသည်  ဥပဒေအရ သတ်မှတ်ထားသော အလုပ်ချိန်များထက်ကျော်လွန်ပြီး အချိန်ပို အလုပ်ဆင်းခဲ့ရသည်ဟု အလုပ်သမားများထံက သိရသည်။ အချိန်ပို သတ်မှတ်ချက်သည် တစ်ပတ်လျှင် ၁၆ နာရီသာဖြစ်သည်၊ သို့သော် အလုပ်သမားများသည် လုပ်ခလစာ ပြည့်မီရေးအတွက် ထိုအချိန်ပို နာရီများထက် ကျော်လွန်အလုပ်ဆင်းခဲ့ကြသည်။  

လတ်တလောတွင် ရန်ကုန်မြို့ စက်မှုဇုန်များရှိ စက်ရုံ ၅ ရုံခန့်တွင်  အနိမ့်ဆုံးလုပ်ခ လစာ တိုးမြှင့်ပေးရန်အလုပ်ရှင်များကို တောင်းဆိုဆန္ဒပြနေကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများထံက သိရသည်။ 

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အနိမ့်ဆုံးလုပ်ခစာနှုန်းထားကို ပြန်လည်သုံးသပ်ပြီး တိုးမြှင့်ရန် လိုအပ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) ကလည်း တိုက်တွန်းထုတ်ပြန်ထားသည်။

Related Articles

Back to top button