စီးပွားရေးသတင်း

ငလျင်ကြောင့် ရန်ကုန်မြို့အထပ်မြင့်တိုက်ခန်း ဈေးကျ၊ အရောင်းအဝယ်အေးနေ 

အထပ်မြင့်အဆောက်အအုံများ ငလျင်ကြောင့် အပျက်အစီးများပြားသဖြင့် မြို့ကြီးများတွင် အိမ်ခြံမြေစျေးကွက် အပြောင်းအလဲ ကြီးမားသည်ကို တွေ့နေရသည်။

အင်အားပြင်းငလျင်အပြီး နောက်ဆက်တွဲဂယက်အဖြစ် စီးပွားရေးမြို့တော် ရန်ကုန်၏ မြို့လယ် ၆ မြို့နယ်မှ အထပ်မြင့်ကွန်ဒိုနှင့်တိုက်ခန်း အရောင်းအဝယ်မရှိသလောက်ဖြစ်နေပြီး စျေးနှုန်းကျဆင်း နေသည်ဟု အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူများက ပြောကြသည်။ 

ရန်ကုန်မြို့အထပ်မြင့်ကွန်ဒိုတိုက်ခန်းများ၏ ငလျင်ဒဏ်ခံနိုင်မှုအရည်အသွေးကို မေးခွန်းထုတ်လာကြသလို လူထောင်ချီသေဆုံးခဲ့သော မန္တလေးမြို့မှအဆောက်အဦပြိုလဲမှု အဖြစ်အပျက်များကြောင့် အိမ်ဝယ်လိုသူတို့ စိုးရိမ်ပူပန်ကြကာ ၆ထပ်နှင့်အထက် တိုက်ခန်းနှင့်ကွန်ဒိုများ အရောင်းအဝယ်ရပ်တန့်သွားခြင်းဖြစ်သည်ဟု လမ်းမတော်မြို့နယ်ရှိ Rendezvous အိမ်ခြံမြေလုပ်ငန်းမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့၏ အချက်အချာကျ၊ လူနေသိပ်သည်းသော နေရာများအနက်မှ ကပ်လျက်တည်ရှိကြသော ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တို့တွင် ကွန်ဒိုတိုက်ခန်းစျေးနှုန်းက ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားသည် ဟု သိရသည်။ 

သိန်း ၁၃,၀၀၀ ဝန်းကျင်ရှိသော ကွန်ဒိုတစ်ခန်း သိန်း ၉,၀၀၀ မှ ၈,၅၀၀ အထိ စျေးကျသွားသော်လည်း ဝယ်ယူမည့်သူမရှိကြောင်း အိမ်ခြံမြေလုပ်ငန်းမှ အထက်ပါအမျိုးသားက ပြောသည်။ 

“ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုများနေတာကြောင့် အထပ်မြင့်အရောင်းအဝယ်တွေက ရပ်သွားတယ်။ ၆ ထပ်အမြင့်လောက်စပြီး အထပ်မြင့်အကုန်လုံးက အရောင်းအဝယ်မရှိသလောက်ပဲ” ဟု သူက ဆိုသည်။

ကျပ်သိန်း ၁၀၀၀ ဝန်းကျင် အထပ်မြင့်တိုက်ခန်းအမျိုးအစားလည်း အရောင်းအဝယ် တန့်နေသည်ဟု ဆိုသည်။ 

အရောင်းအဝယ်ရပ်နေသော်လည်း ဈေးနှုန်း သိသိသာသာထိုးကျမသွားသေးကြောင်း  ရွှေပြည်သစ် အိမ်ခြံမြေလုပ်ငန်းရှင်အမျိုးသားတစ်ဦးက ပြောသည်။  

“တိုက်ခန်းကွန်ဒိုစျေးကွက်က အရမ်းကြီးကျသွားတယ်လို့တော့ ပြောမရဘူး။ အရောင်းအဝယ် အေးသွားတဲ့အခြေအနေဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။ 

သို့သော်လည်း ငလျင်ဘေးနှင့် စီးပွားရေးကျပ်တည်းမှုအခြေအနေများကြောင့် အထပ်မြင့်တိုက်ခန်းနှင့် ကွန်ဒိုအရောင်းအဝယ်စျေးကွက်သည် ပုံမှန်အတိုင်းပြန်ဖြစ်ရန် အချိန်တစ်ခုအထိ ကြာမြင့်နိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူများက ခန့်မှန်းကြသည်။   

လုံးချင်း၊ မြေကွက် အရောင်းသွက်

ငလျင်ကြောင့် သက်ရောက်မှု နည်းပါးသော လုံးချင်းအိမ်၊ မြေကွက်တို့မှာ ဝယ်ယူသူရှိနေသည်ဟု  အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူများထံက သိရသည်။ 

“အဓိကက တိုက်ခန်းကွန်ဒိုတွေ၊ အလွှာမြင့်တွေကို မဝယ်တော့ဘဲနဲ့ မြေကွက်တွေဘက်ကို အဝယ်ဆင်း လာတယ်ပြောရမယ်” ဟု ရန်ကုန်မြို့မှ ရွှေပြည်သစ်အိမ်ခြံမြေလုပ်ငန်းရှင်အမျိုးသားက ပြောသည်။ 

မြို့ထဲရှိစျေးမြင့်ကွန်ဒို၊ တိုက်ခန်းများထက် စျေးပိုသက်သာသောကြောင့် မြေကွက်များ အဝယ်လိုက်လာ ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

လတ်တလောတွင် လှိုင်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ စသော မြို့နယ် များတွင် လုံးချင်းနှင့်မြေကွက် အရောင်းအဝယ်ဖြစ်နေကြောင်း၊ နေရာနှင့် အကျယ်အဝန်းပေါ် မူတည်ကာ အနည်းဆုံး သိန်း ၁၀,၀၀၀ အောက်နှင့် ကျပ်သိန်း ၅၀,၀၀၀ ဝန်းကျင် မြေကွက်များ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 

တိုက်ခန်းဈေးကွက် အငှားမပျက်

ရန်ကုန်မြို့ တိုက်ခန်းအငှားစျေးကွက်က ပုံမှန်အတိုင်းဖြစ်နေသည်၊ ငလျင်ဘေး၊ စစ်ဘေး၊ အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ရန်ကုန်မြို့သို့  အခြေချရွှေ့ပြောင်းနေထိုင်သူများလာသလို ယခင်ကတည်းက စျေးကွက်လိုအပ်ချက် မြင့်မားနေခြင်းကြောင့် အငှားစျေးကွက် ဆက်လက်ခိုင်မာနေကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်နေသူများက ဆိုကြသည်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးကြောင့် တိုက်ပွဲဖြစ် ရာဒေသများမှ ဒေသခံအလုံးအရင်းအနက် ရန်ကုန်မြို့သို့ တိမ်းရှောင်လာသူများလည်း အများအပြား ရှိခဲ့၍ တိုက်ခန်းငှားရမ်းခပါ တက်လာခဲ့သည်။ 

၂၀၂၁ ဇန်နဝါရီက တောင်ဒဂုံမြို့နယ်အတွင်းရှိ အိမ်ရာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now)

ပြီးခဲ့သည့်နှစ်တွင် တိုက်ခန်းအငှားစျေးနှုန်း ၃ ဆ ခန့်အထိမြင့်တက်ခဲ့သည်၊ အချက်အချာ မကျသည့်နေရာမှ အထပ်မြင့် ၅ လွှာ တိုက်ခန်းငှားရမ်းခသည်  တစ်လလျှင် ကျပ် ၂ သိန်း ရှိရာမှ ကျပ် ၄ သိန်း ဖြစ်နေသည်ဟု ကမာရွတ်မြို့နယ်မှ တိုက်ခန်းအငှား ဝန်ဆောင်မှုပေးသူအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ရန်ကုန်ကို အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ၊ တချို့လည်း စစ်ရှောင်ဖို့လာကြတယ်၊ မိသားစုလိုက် ဒီမှာ ၆ လလောက် ဘာမှမလုပ်ဘဲဒီအတိုင်းလာနေကြတာ။ အလုပ်မလုပ်ဘဲ ဒီအတိုင်းလာထိုင်နေ ကြရ တာဆိုတော့ တချို့လည်း မခံနိုင်ကြတော့ဘူး၊ (ငွေကြေး ခက်ခဲလာတယ်)။ အဲဒီလိုဆိုတော့ ကိုယ့်ဒေသကို ဘယ် လိုပဲဖြစ်ဖြစ် ပြန်ကြတော့တာ” 

မန္တလေးမြို့ စျေးကွက်

၂၀၂၃ နှစ်ကုန်ပိုင်းတွင် အစပြုသော  ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၊ မန္တလေးတိုင်း နှင့် ရခိုင်ပြည်နယ် ထိုးစစ်ဆင်များကြောင့် ထိုဒေသအသီးသီးမှ ထောင်နှင့်ချီသော ဒေသခံများ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်အပါအဝင် တိုက်ပွဲနှင့် ဝေးကွာသည့် မြို့များသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

မန္တလေးမြို့တွင် ငလျင်ကြောင့် နေအိမ်၊ တိုက်ခန်း နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု များပြားရာ အိမ်ငှားစျေးနှုန်း ၃ ဆခန့် တက်နေကြောင်း သိရသည်။

၃ သိန်းတန်အိမ် လစဉ်ငှားခအတွက်  ၈ သိန်းမှ ၁၀ သိန်းအထိ ဈေးခေါ်နေကြပြီး  ၁၀ သိန်းတန်အိမ်သည် သိန်း ၃၀ အထိ စျေးတက်လာသည်ဟု နေအိမ်ပျက်စီးသဖြင့်  ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“မန္တလေးမှာက မပြိုဘဲနဲ့ အကောင်းပဲ ကျန်ခဲ့တဲ့ အိမ်တွေကို ပြန်ငှားတဲ့အခါမှာ စျေးတွေက အဆမတန် တင်ပြီးငှားကြတာ” ဟု ၎င်းက ဆက်ပြောသည်။ 

“ငွေကြေးတတ်နိုင်သူတွေအတွက် အဆင်ပြေပေမဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေကျတော့ အခက်အခဲ ဖြစ်ကြရတာပေါ့၊ ငှားပြီဆိုရင်လည်း ၁ လ၊ ၂ လမရဘူးလေ” 

မတ် ၂၈ ရက်နေ့  ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်း၊ ရှမ်း ပြည်နယ်တို့မှ အဆောက်အအုံ ၄၈,၈၃၄ လုံး၊ စာသင်ကျောင်း ၂,၀၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၂,၁၇၁ လုံး၊ ဆည်မြောင်း တမံ ၁၉၈ ခု၊ တံတား ၁၄၈ စင်း ပျက်စီးခဲ့သည် ဟု စစ်ကောင်စီက ဧပြီ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။  

စစ်ကိုင်းမြို့ တစ်မြို့လုံးနီး ပါး ပျက်စီးသလို ဧရာဝတီမြစ်သာ ခြားသော မန္တလေးမြို့သည်လည်း လူနေအိမ်အဆောက်အအုံပြိုကျ ပျက်စီးမှု နှင့် လူသေဆုံးမှုအများဆုံးမြို့ဖြစ်ခဲ့သည်။ 

စစ်ကောင်စီ၏ မေ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် တိုင်း၊ ပြည်နယ် ၆ ခု တွင် သေဆုံးသူ ၃၇၂၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၇၉ ဦး  ရှိသည်။ 

Related Articles

Back to top button