စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်တပ်များက ယနေ့ (ဧပြီ ၃) နံနက်ပိုင်းတွင် အကြမ်းဖက်ဖြိုခွဲရာ အပြင်းအထန်ဒဏ်ရာရသူများရှိသော်လည်း ကျဆုံးသူ ၂ ဦးကိုသာ အတည်ပြုနိုင်သေးသည်။
ဦးခေါင်းကို ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး၊ ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို စစ်တပ်က ဆွဲယူသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“လက်ရှိ ကျွန်တော်တို့ဆီမှာ လူနာ ၅ ယောက်ရှိတယ်။ ဒဏ်ရာရထားတဲ့နှစ်ယောက်ကို သူတို့ဘက် (စစ်တပ်) က ဆွဲသွားတယ်။ ပိတ်မိနေတဲ့သူတွေလည်း ရှိသေးတယ်” ဟု ၎င်းက ပြောသည်။
ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွဲရန် စစ်ကောင်စီလက်နက်ကိုင်တပ်များက မုံရွာမြို့ ပြည်ထောင်စုလမ်းနှင့် အာဇာနည်လမ်းထောင့်၊ အောင်သပြေလမ်းနှင့် ဗိုလ်တေဇလမ်းတို့မှ သုံးပွင့်ဆိုင် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြပြည်သူများကို ပစ်ခတ်ဖြိုခွဲခြင်းဖြစ်သည်။
မုံရွာမြို့ ဗိုလ်တေဇလမ်းထိပ်ရှိ အတားအဆီးခံတပ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွဲရာတွင် ပြည်သူတစ်ဦး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး ကျဆုံးခဲ့သည်။
“ခေါင်းထိမှန်ပြီး ကျဆုံးသွားတဲ့တစ်ယောက် လမ်းထိပ်မှာ သဲအိတ်ဘန်ကာ နှစ်ဆင့်ရှိတဲ့အနက် ဒုတိယအဆင့်ဘန်ကာက တစ်ယောက်ကျသွားတာပါ။ တာဝါတိုင်ပေါ်က ပစ်တယ်လို့ ထင်တယ်။ အနီးဆုံးတာဝါတိုင်က ဓာတ်တိုင် ၇ တိုင်စာလောက်ဝေးတယ်။ ဦးနှောက်စတွေက ဘေးကလူတွေကိုပါ လာစင်တယ်” ဟု မျက်မြင်တွေ့ခဲ့ရသူတစ်ဦးကလည်း Myanmar Now ကို ပြောသည်။
ပင်မသပိတ်ရှိရာ ရပ်ကွက်များသို့ ဝင်ထွက်သော အဓိကလမ်းမများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဖွဲ့လိုက် ပိတ်ဆို့ထားကြောင်းလည်း ဒေသခံများက ပြောသည်။
“အနီးအနားဝန်းကျင်ရပ်ကွက်တွေက အိမ်တွေထားခဲ့ပြီး ပြေးနေကြပါတယ်။ ပစ်တာက ဆက်တိုက်ပဲ။ သေနတ်သံကို မပြတ်ဘူး” ဟု နန္ဒဝန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ထိုသို့ စစ်တပ်မှ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံခဲ့ရသော်လည်း မုံရွာပင်မသပိတ်စစ်ကြောင်းမှာ အောင်မြင်စွာ ချီတက်ဆန္ဒပြခဲ့ပြီး လူစုခွဲနိုင်ခဲ့သည်ဟု ဆိုသည်။
မုံရွာမြို့တွင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ ၂၃ ဦး ရှိပြီဖြစ်ပြီး စစ်တပ်က ဆွဲယူသွားသူများနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးပေ။