
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်နက်ကိုင်တော်လှန်ရေးသမား ၁၀ ဦး အိန္ဒိယ – မြန်မာနယ်စပ်တွင် နှိပ်စက် သတ်ဖြတ်ခံလိုက်ရသည်ဟု မေ ၁၉ ရက်နေ့တွင် ပြောသည်။
သေဆုံးသူများမှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည်၊ နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် စခန်းချထားသည့် အသက် ၁၈ နှစ်နှင့် ၃၄ နှစ်ကြား လူငယ်များ ဖြစ်သည်ဟု ခရိုင် ပအဖ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။
မေ ၁၃ ရက်နေ့တွင် နယ်စပ်မိုင်တိုင် ၅၉ အနီးရှိ တမူး ခရိုင် ပကခ စခန်းကို အိန္ဒိယစစ်တပ်က ကျူးကျော် ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
မေ ၁၆ ရက်နေ့တွင် ရုပ်အလောင်းများကို အိန္ဒိယစစ်တပ်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်၊ ရုပ်အလောင်းများမှာ ဆိုးဆိုးရွားရွားပျက်စီးနေပြီဖြစ်သည်၊ အနီးကပ် ပစ်ခတ်ခံခဲ့ကြရသည်ကို ဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်ဟု သူက ဆက်ပြောသည်။
“၁၀ ယောက်လုံးရဲ့ (ဆရာဝန်) ဆေးမှတ်ချက်ထွက်လာတဲ့ အခါမှာ တစ်ယောက်ဆိုရင် ဘယ်ဘက် ရင်အုံ၊ ညာဘက် ရင်အုံ၊ ဗိုက် သုံးနေရာ ပစ်ခံထားရတယ်။ နောက်တစ်ယောက်ဆိုရင် နောက်ကနေ သေနတ်နဲ့တေ့ပစ်တယ်။ နောက်တစ်ယောက်က နဖူးကနေ ကျည်ဝင်တယ်။ နောက်တစ်ယောက် ကတော့ ခြေ၊ လက်တွေမှာ ပစ်ချိုးထားတယ်”ဟု ခရိုင် ပအဖ တာဝန်ရှိသူက ဆိုသည်။
ခရိုင် ပအဖ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး အိန္ဒိယတာဝန်ရှိသူများထံမှ တုံ့ပြန်ချက် မရနိုင်သေးပေ။
အိန္ဒိယစစ်တပ်ကမူ တိုက်ပွဲဖြစ်ပွားသဖြင့် ထို ၁၀ ဦး သေဆုံးသည်ဟု သတင်းထုတ်ပြန်ထားသည်။
မဏိပူရ်ပြည်နယ်၊ ချန်ဒယ်လ်ခရိုင်၊ New Samtal ကျေးရွာအနီးတွင် လက်နက်ကိုင် အဖွဲ့များ၏ လှုပ်ရှားမှုများရှိကြောင်း ထောက်လှမ်းရေးသတင်းပေးချက်များအရ မေ ၁၄ ရက်နေ့တွင် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့သည်၊ ထိုလက်နက်ကိုင်များက ဦးစွာပစ်ခတ်လာသည့်အတွက် အာသံရိုင်ဖယ်တပ်က တုံ့ပြန်ပစ်ခတ်ခဲ့ရာ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု အိန္ဒိယ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က မေ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ပေါ်ရပ်ကွက်များနှင့်အနီးဝန်းကျင်ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့နယ်အတွင်းရှိ ခမ်းပတ်မြို့နှင့် မြို့သစ်မြို့တို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက် ထိန်းချုပ်ထားသည်။
မေ ၁၂ ရက်နေ့တွင် တမူးခရိုင် ပကဖ တပ်ဖွဲ့တစ်ဖွဲ့က နယ်စပ်မျဉ်း မိုင်တိုင်အမှတ် ၅၉ အနီး ပြောင်းရွှေ့စခန်းချခဲ့သည်။
မေ ၁၃ တွင် စခန်းသို့ ရိက္ခာသွားရောက် ပို့ဆောင်သူက တပ်ဖွဲ့ဝင်များကို မတွေ့ခဲ့သဖြင့် ပြန်ထွက်လာခဲ့သည်။
မေ ၁၄ နေ့လယ်ပိုင်းတွင် ခရိုင်အဆင့် တာဝန်ရှိသူများ စခန်းရောက်ရှိချိန်တွင် တပ်ဖွဲ့ဝင်များအားလုံးနှင့် လက်နက်ခဲယမ်းများပါ မတွေ့ရကြောင်း အထက်ပါ ခရိုင် ပအဖ တာဝန်ရှိ သူက ဆိုသည်။
“တဲထဲကို ဝင်ရောက်ကြည့်ရှုတဲ့အခါမှာလည်း အိပ်ရာခင်းတွေ မပြင်ရသေးဘူး။ အိပ်ရာခင်းတွေခေါက် ထားတုန်းပဲ။စောင်တွေခေါက်ထားတုန်း။ အဲ့ဒီတော့ ၁၂ ရက်နေ့ ညပဲ အိပ်လိုက်ရတယ်။ ၁၃ ရက်နေ့ ည မအိပ်လိုက်ရဘူး။ ၁၃ ရက်နေ့ ညအစောပိုင်းမှာ ခေါ်ဆောင်သွားပြီလို့ သုံးသပ်ပါတယ်”ဟု အထက်ပါ ခရိုင် ပအဖ တာဝန်ရှိသူ က ဆိုသည်။
“ဘာကြောင့်လဲဆိုတော့ ည သို့မဟုတ် မနက်အစောကြီးမှာ ခေါ်ဆောင်သွားတယ် ဆိုရင် အိပ်ရာတွေ သိမ်းချိန်ရမှာမဟုတ်ပါဘူး။ စောင်တွေခေါက်ချိန် ရမှာမဟုတ်ပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ သုံးသပ် တာက ၁၃ ရက်နေ့ ည ၊ ညနေစောင်း ၆ နာရီနဲ့ ၇ နာရီကြားမှာ ခေါ်ဆောင်သွားတယ်။ ခေါ်ဆောင်သွား ပြီးတော့ နှိပ်စက်ညှဉ်းပန်းပြီးတော့ သတ်တယ်လို့ယူဆရတယ်”
အိန္ဒိယနယ်ထဲ ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်သည်ဆိုသော အိန္ဒိယ စစ်တပ် ထုတ်ပြန်ချက်မှာ မှန်ကန်မှုမရှိဟု ၎င်းကဆိုသည်။
အိန္ဒိယ ဘက်ကပြောသည့် မေ ၁၄ ရက်နေ့ နံနက်ပိုင်း ၃ နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟုဆိုသည့် New Samtal ရွာမှာ နယ်ခြားမိုင်တိုင်အမှတ် ၆၁ ဝန်းကျင်တွင်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ယာယီစခန်းချသည့်နေရာမှာ မိုင်တိုင် ၅၉ အနီးတွင်ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ရောက်တာတစ်ညပဲရှိသေးတဲ့နယ်မြေမှာ ၅၉ ကနေ ၆၀၊ ၆၀ ကနေ ၆၁ သွားပြီးတော့ စစ်တပ်ကို တိုက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” ဟု ခရိုင် ပအဖ တာဝန်ရှိ သူက ဆိုသည်။
“ ၃ နာရီကြာအောင်ပစ်နိုင်တဲ့ လက်နက်ခဲယမ်း ပကဖ ၁၀ ယောက်မှာ မရှိဘူး”
ထိုစစ်ဆင်ရေးအတွင်း AK 47 အမျိုးအစား ရိုင်ဖယ် ၇ လက်၊ တစ်လုံးထိုးခါးချိုးရိုင်ဖယ် ၄ လက်၊ လောင်ချာ တစ်လက်နှင့် M 4 အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ သည်ဟု အာသံရိုင်ဖယ် Spear corps က ထုတ်ပြန်ကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်လအတွင်း အိန္ဒိယက နယ်စပ်ခြံစည်းရိုးခတ်စဉ် တော်လှန်ရေးအင်အားစုက ကန့်ကွက်သဖြင့် အိန္ဒိယစစ်တပ်က မကျေမနပ် တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း တမူးဒေသတွင်းမှ တော်လှန်ရေးသမားများက သုံးသပ်သည်။
“နယ်စပ်ခြံစည်းရိုးကိစ္စကန့်ကွက်လို့ နောင်မကန့်ကွက်ရဲအောင် အကြောက်တရားရိုက်သွင်းတာလို့ ယူဆတယ်။ နယ်စပ်နားမှာနေတဲ့ ပကဖ အဖွဲ့ဝင်တွေကိုဖမ်းပြီးတော့ နှိပ်စက်သတ်ဖြတ်တာက နောက်နောင်မလုပ်ရဲအောင်၊ သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို မနှောင့်ယှက်ရဲအောင် ခြိမ်းခြောက်မှုတစ်ခု လို့ ယူဆတယ်”
အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ မဏိပူရ်၊ မီဇိုရမ် အပါအဝင် ပြည်နယ် ၄ ခုသည် မြန်မာနိုင်ငံနှင့် ၁၆၄၃ ကီလို မီတာ ထိစပ်နေသည်၊ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုနှင့် မူးယစ်ဆေးဝါးကိစ္စများ ထိန်းချုပ်နိုင်ရေး နယ်စပ်တလျှောက်ခြံစည်းရိုးခတ်ရန် အိန္ဒိယ အစိုးရက စီစဉ်နေသည်။
တမူးမြို့ မြောက်ဘက် မိုင်တိုင်အမှတ် ၈၁ နှင့် ၈၂၊ တမူးမြို့ အနောက်ဘက် မိုင်တိုင် အမှတ် ၇၄၊ ၇၅၊ ၇၆ တို့တွင် နယ်မြေ အငြင်းပွားမှုများရှိနေသည့်အတွက် ခြံစည်းရိုးခတ်မည့်အိန္ဒိယ၏အစီအစဉ်ကို တမူးအခြေစိုက် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ များက ကန့်ကွက်တားမြစ်ထားသည်။
အဖွဲ့ဝင်များ သတ်ဖြတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တင်ပြထားပြီးဖြစ်သည်ဟု ခရိုင် ပအဖ တာဝန် ရှိသူက ဆိုသည်။
NUG အစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ပြောသည်။
“ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး အိန္ဒိယ နဲ့ ဆက်သွယ်ဆောင်ရွက်နေတာရှိပါတယ်။ သင့်တော် တဲ့အချိန်မှာ သတင်းထုတ်ပြန်ပါမယ်”ဟု သူက Myanmar Now ကို ပြောသည်။
နယ်စပ်ပြဿနာကို သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းရန် NUG အစိုးရကို အလေးအနက် တိုက်တွန်းလိုကြောင်း ဒေသတွင်း စစ်ရေးအခြေအနေသိရှိသူများက ပြောသည်။
“တစ်ဖက်မှာ တင်းမာလာရင် ခိုလှုံနေတဲ့စစ်ဘေးရှောင်တွေ အခက်တွေ့နိုင်တယ်။… နယ်စပ်ပြဿနာကို သံတမန်ရေးရာအရ ဖြေရှင်းသင့်တယ်။ အဲလိုမှမဟုတ်ရင်မီးတောက်ကြီးလာနိုင်တယ်” ဟု ဒေသတွင်း အခြေအနေသိရှိသူ တစ်ဦးက မှတ်ချက်ပြုသည်။