ဆောင်းပါး

၁၉ ရာစု အမဲလိုက်သေနတ်များဖြင့် စစ်အာဏာရှင်ကို ခုခံတော်လှန်ခြင်း 

မတ် ၂၈ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ မြို့လေးတွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသခံပြည်သူများ အပြင်းအထန်ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ စစ်ကောင်စီလက်နက်ကိုင်များက ပစ်မှတ်တိကျသည့် စနိုက်ပါသေနတ်၊ လက်ပစ်ဗုံးများ၊ စက်သေနတ်များကိုပါ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။ 

ထိုထိပ်တိုက်တွေ့ဆုံမှုတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများဘက်မှ အရပ်သားပြည်သူလေးဦး အသက်ဆုံးရှုံးပြီး စစ်ကောင်စီလက်နက်ကိုင်များဘက်မှ အရာရှိအပါအဝင် လေးဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ 

လူအများကို အံ့ဩမှင်တက်မိစေသော ရလဒ်ဖြစ်သည်။ ပို၍ အံ့ဩဖွယ်ကောင်းနေသည်မှာ အင်အားကြီးလက်နက်ကိုင်တပ်ကို ခုခံရေးတွင် ဒေသခံပြည်သူများ အသုံးပြုခဲ့သော လက်နက်ဖြစ်သည်။ 

၁၉ ရာစုက တူမီးသေနတ်များဖြစ်သည်။ အတွေ့အကြုံရင့်ကျက်ပြီး အင်အားကြီးမားလွန်းသော အာဏာသိမ်းစစ်တပ်ကို ရိုးရာတူမီးသေနတ်များဖြင့် ခုခံနေကြခြင်းဖြစ်သည်။ ဓမ္မနှင့် အဓမ္မကြားက တိုက်ပွဲမှာ အင်အားချင်း၊ လက်နက်ချင်း လုံးဝ မျှတမှုမရှိပေ။

“လက်နက်အင်အား မမျှတတော့ အမှန်ပဲ။ ကျွန်တော်တို့ ယုံကြည်မှုအရ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ်။ အဲ့ဒီမှာလာဖြိုခွင်းရင် ကျွန်တော်တို့ ကာကွယ်မယ် ရှိတာလေးနဲ့။ ရေနစ်လို့ ဆွဲကူရတဲ့ကောက်ရိုးတမျှင်ပါပဲ” ဟု တာဟန်းသပိတ်စခန်းမှ ဆန္ဒပြသူတစ်ဦးက Myanmar Now ကို  ပြောသည်။

စစ်တပ်က အာဏာသိမ်းယူပြီး နှစ်လကျော်သည်အထိ စစ်အာဏာရှင်စနစ်ကို အလိုမရှိသော ပြည်သူလူထု၏ ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်ကောင်းနေဆဲဖြစ်သည်။ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် နှစ်လတာအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၅၀၀ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သည်။

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များကို အန်တုရန် ပြည်သူ့ခံတပ်များ တည်ဆောက်ကြသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးကို အသွင်ပြောင်းဆန္ဒပြသပိတ်မျိုးစုံဖြင့် ပုံဖော်ခဲ့ကြသည့်နည်းတူ ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်ရေး ခုခံစစ်ကို ပြင်ဆင်ကြရသည်။

ကလေးမြို့မှ တာဟန်းသပိတ်ခံတပ်ဖြိုခွင်းရေးတွင် အာဏာသိမ်းစစ်တပ်က စခန်းသိမ်းတိုက်ပွဲအလား အပြင်းအထန်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ရက်သတ္တပတ်ရှိလာပြီဖြစ်သော်လည်း တာဟန်းသပိတ်၏ ခုခံစစ်က အားကောင်းနေဆဲဖြစ်သည်။

တာဟန်းသပိတ်ဖြိုခွင်းမှု မအောင်မမြင်ဖြစ်ခဲ့သည့် အာဏာသိမ်းစစ်တပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်လာခြင်းမှာ ကလေးနယ်တစ်ခုလုံးကို တပ်လှန့်သကဲ့သို့ဖြစ်သွားသည်။ မတ် ၂၉ ရက်မှစ၍ ကလေးမြို့သို့ သွားရောက်သည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကူယာဉ်တန်းများကို အနီးအနားဝန်းကျင်ကျေးရွာများက ဟန့်တားကြသည်။

ကလေးမရောက်ခင် မြို့နယ်ကျေးရွာများတွင် စစ်ကောင်စီလက်နက်ကိုင်တပ်များကို ဟန့်တားရင်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ကလေးမြို့နယ်နှင့် ဆက်စပ်နေသည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ နှမ်းခါး၊ ဟံသာဝတီ၊ တောင်ခင်ရမ်း၊ မြောက်ခင်ရမ်း စသည့်ကျေးရွာများနှင့် ကလေးမြို့အနီးရှိ နတ်ချောင်း၊ နတ်မြောင်းကျေးရွာများတွင် အာဏာသိမ်းစစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာသည်။

“အဲ့ဒီရွာတွေက ကလေးမြို့ကို ကျားကန်ပေးထားတဲ့ ဒေါက်တွေပဲ။ ကလေးမြို့ကို လာတိုက်မှာစိုးလို့ တတ်နိုင်သမျှ ပါဝင်ပေးတာ။ အဲ့လိုမဟုတ်ရင် ကလေးတစ်မြို့လုံး သေလောက်ပြီ” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။ 

ဂန့်ဂေါမြို့နယ် ကမ်းပါးနီတံတားနှင့် တောင်ခင်ရမ်းကျေးရွာအနီးတွင် မတ် ၃၀ ရက် ညပိုင်းက နှစ်ဖက် ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူများဘက်မှ နှစ်ဦးအသက်ဆုံးရှုံးခဲ့ရသည်။ ပြည်သူလူထုက တူမီးသေနတ်ဖြင့်ပစ်ခတ်သည့် အဆိုပါ ထိပ်တိုက်တွေ့ဆုံမှုတွင် ၎င်းတို့တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က မတ် ၃၁ တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီလက်နက်ကိုင်များ အလွယ်တကူ ဖြတ်သန်းသွားလာခြင်း မပြုနိုင်စေရန် ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်ကို ဆက်သွယ်သည့် လမ်းမတစ်နေရာတွင် ဒေသခံပြည်သူများက အဟန့်အတားများ ပြုလုပ်ထားစဉ်။ (ဓာတ်ပုံ − ပေးပို့) 

တောင်ခင်ရမ်းကျေးရွာနှင့် ကမ်းပါးနီတံတားအနီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒေသခံသုံးဦးကို တူမီးသေနတ်များ၊ လက်လုပ်မိုင်းများ၊ မီးရှူးများနှင့်အတူ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း အာဏာသိမ်းစစ်တပ်၏ ထုတ်ပြန်ချက်က ဆိုသည်။

ဒေသခံပြည်သူများကမူ ပြန်လည်ခုခံရေး အမဲလိုက်တူမီးသေနတ် အသုံးပြုသော်လည်း လက်လုပ်မိုင်းအသုံးပြုခြင်းမရှိဟု တုံ့ပြန်သည်။

“သူတို့ဟာသူတို့လုပ်ပြီး ကျွန်တော်တို့လုပ်တယ် ပြောမှာပဲ။ နောက်ဆုံးပြောရရင် ကျွန်တော်တို့မှာက ယမ်းကကို စပြီး ဝယ်လို့ကို မရတော့တာ။ လက်လုပ်မိုင်းကတော့ မရှိဘူး။ တူမီးနဲ့တော့ ပစ်တယ်။ တူမီး အတွက် ပစ်စရာ ယမ်းတောင်မရှိတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အမဲလိုက်ရာတွင်သာ သုံးခဲ့သည့် ဤသေနတ်မျိုးအတွက် ယမ်းမှုန့်အများအပြား ဆောင်ထားလေ့မရှိကြပေ။  

ကလေး – ဂန့်ဂေါ လမ်းမရှိ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ ကျေးရွာများတွင် ဧပြီ ၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီလက်နက်ကိုင်တပ်များ ဝင်ရောက်တိုက်ခိုက်သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံ ၅ ဦး ကျဆုံးခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက်မီဒီယာများက ဖော်ပြသည်။ 

အဆိုပါ ကျေးရွာများတွင် တူမီးသေနတ်နှင့် လက်လုပ်သေနတ်များအား တစ်အိမ်တက်ဆင်းဝင်ရောက်ရှာဖွေမည်ဟု စစ်ကောင်စီလက်နက်ကိုင်တပ်များက ခြိမ်းခြောက်ထားသည့်အတွက် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် ထောင်နှင့်သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

“ရွာထဲမှာ ဘာမှကို မကျန်ဘူး။ ခွေးနဲ့ကြက်ပဲ ကျန်မှာ။ တောင်ခရမ်းသားတွေရော၊ အရှေ့ဘက်ကမ်းတွေရော ရွာထဲမှာ မနေရဲကြတော့ဘူး။ တောထဲမှာ စုပြီး ပုန်းနေကြတယ်” ဟု ဂန့်ဂေါမြို့နယ်အတွင်း လူဦးရေ ၁၀၀၀ ကျော်ရှိ သာလင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များအသုံးပြုကာ ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ရရာနည်းဖြင့် ပြန်လည်ခုခံရေး စတင်ခဲ့ကြရသည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှ မြို့ရွာများတွင် အမဲလိုက် လက်လုပ်တူမီးသေနတ်များဖြင့် ပြန်လည်ခုခံနေခြင်းကို တွေ့နိုင်သည်။ 

မတ် ၃၀ ရက်က ကလေးမြို့ကို စစ်ကောင်စီလက်နက်ကိုင်တပ်များက အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းနေသည်ဟူသော သတင်းကြားသဖြင့် ဂန့်ဂေါမြို့မှ ဒေသခံများ ကားလမ်းမကြီးများကို ပိတ်ဆို့ကာ စစ်ကောင်စီတပ်များကို ခုခံခဲ့ကြသည်။

အနီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) မှာ တပ်ဖွဲ့ဝင်အင်အား နည်းပါးလွန်းသည့်အဖွဲ့ ဖြစ်သည်။ ချင်းပြည်နယ်အခြေစိုက် ထိုအဖွဲ့ကို ပြည်သူလူထုအားကိုးအားထားပြုနိုင်သော အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်လာရေးအတွက် ပြုပြင်ပြောင်းလဲရန် ဒေသခံတို့က တောင်းဆိုနေသည်။   

ဤအတောအတွင်း မိမိကိုယ်ကိုယ်ကာကွယ်ရေးနှင့် အင်အားကြီး အာဏာသိမ်းစစ်တပ်ကို ပြန်လည်ခုခံရေးတွင် ဒေသခံများအသုံးပြုကြရသည်မှာ လက်လုပ်တူမီးသေနတ်များသာ ဖြစ်သည်။ 

“လက်လုပ်သေနတ်တွေပေါ့ဗျ။ တစ်ချက်ထည့်လိုက် ပစ်လိုက်၊ တစ်ချက်ထည့်လိုက် ပစ်လိုက် ဒါမျိုးတွေပါ” ဟု အမဲလိုက်တူမီးသေနတ်အသုံးပြုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ပြောသည်။ 

သေနတ်ပြောင်းဝမှတဆင့် အချိန်သုံးမိနစ်ခန့် ယမ်းထည့်သိပ်ပြီးမှ ပစ်ခတ်ရသည့် တူမီးသေနတ်များမှာ အကွာအဝေး ပေ ၅၀ မှ ၁၀၀ အတွင်းသာ ထိရောက်နိုင်သည်ဟု သိရသည်။ တောင်ကုန်းတောင်တန်းများတွင် နေထိုင်သော ဒေသခံများအနေဖြင့် ခေတ်အဆက်ဆက်တွင် အမဲလိုက်ရန် တူမီးသေနတ်များကို အသုံးပြုခဲ့သည်။ 

“တူမီးသေနတ်ဆိုတာ လုံးဝ ပြတိုက်ထဲကို ထည့်ရမယ့်သေနတ်မျိုးပဲ။ ရိုးရာလက်နက်၊ လက်လုပ်သေနတ်လေးတွေ။ ဒါကို သူတို့က မင်းတို့ ဒါလောက်ကတော့ ကလေးကစားစရာပါကွာ ဆိုတာမျိုးဖြစ်နေတာ။ ကျွန်တော်တို့ကို မရရအောင် ဖိနှိပ်မယ်ဆိုတာမျိုးနဲ့ လုပ်နေတာပါ” ဟု ကလေးမြို့ တာဟန်းသပိတ်စခန်းတွင် နေ့စဉ်ပါဝင်ဆန္ဒပြနေသူ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ကလေးမြို့ကို လူအင်အား၊ လက်နက်အင်အား အလုံးအရင်းဖြင့် ဖြိုခွဲလာပါက အလျှော့မပေးဘဲ ခုခံစစ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါ လူငယ်က ပြောသည်။ 

“ကျွန်တော်တို့ကို လေ့ကျင့်ပေးမယ့်၊ လက်နက်ပေးမယ့်သူရှိရင် ကျွန်တော်တို့လည်း သည်းမခံနိုင်တော့ဘူး။ တိုက်သင့်ရင်တော့ တိုက်ရမှာပဲ။ ကျွန်တော်တို့ လိုချင်တဲ့လမ်းကြောင်းကိုတော့ ရောက်အောင်သွားရမှာပဲ” ဟု တာဟန်းဆန္ဒပြသပိတ်မှ အဆိုပါလူငယ်က ဆိုသည်။

Show More

Related Articles

Back to top button