
စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၁၆ ရက်) တစ်ရက်တည်းမှာပင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ နီးပါးရှိကြောင်း စုံစမ်းသိရှိရသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ယမန်နေ့ (မေ ၁၅) နံနက်ပိုင်းက တိုက်ပွဲပြင်းထန်နေသော ၇ မိုင်ကျေးရွာနှင့် လမ်းလယ်ကျစ်ကျေးရွာကြားကို ဗုံး ၂လုံးကြဲရာ စစ်ရှောင်စခန်းတစ်ခုနှင့်နေအိမ်တချို့ ထိခိုက်သွားသည်။
စစ်ရှောင်စခန်းမှ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသည်၊ ဒဏ်ရာရသူ ၉ ဦးထဲတွင် သက်ကြီးအရွယ် သံဃာ ၁ ပါး၊ အသက်မပြည့်သေးသူ ၂ ဦး ပါဝင်သည်ဟု သပိတ်ကျင်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ဗုံးကြဲခံရသည့် ညနေပိုင်းက ပြောသည်။
“စစ်ဘေးရှောင်စခန်း ကြဲခံရတာ။ စခန်းက တိုက်ပွဲဖြစ်နေတဲ့ ၇ မိုင်ရွာဘက်တွေနဲ့ နီးတယ်လေ။ အဲဒီ ဘက်က လာပြီးစစ်ရှောင်ကြတဲ့သူတွေပဲ” ဟု သူက ပြောသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော် မန္တလေး၏မြောက်ဘက် မိုင် ၇၀ ကျော်အကွာ သပိတ်ကျင်းမြို့နယ် အတွင်း နေရာ ၃ နေရာထက်မနည်းတွင် နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲများဖြစ်နေသည်။
သပိတ်ကျင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း မြို့ပြင်ရှိ တပ်စခန်း ၃ ခုကို စစ်ကောင်စီက ဆက်လက် တပ်စွဲထားဆဲဖြစ်သည်။
ဗုံးကြဲခံရသည့်နေရာအနီးတွင် တိုက်ပွဲများရှိနေကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြောသည်။
“ရွာနှစ်ရွာက ကပ်လျက်ပဲ။ အဲ့ကြားက စစ်ရှောင်စခန်းမှာဖြစ်တာ။ အဲဒီဖက်မှာက တတက ၁၃(တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း) နဲ့လည်း နီးတယ်လေ။ တိုက်ပွဲတွေကရှိနေတော့ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်တယ်။ လေကြောင်းလည်း ဒီရက်ပိုင်း အပြင်းအထန်တိုက်တယ်”ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ဆိုသည်။
အဆိုပါစစ်ရှောင်စခန်းရှိ လူဦးရေ၊ သေဆုံးဒဏ်ရာရသူတို့၏ နောက်ဆက်တွဲ အသေးစိတ်အခြေအနေတို့ကို Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီသည် မေ ၁၀ရက်နေ့ မွန်းလွဲပိုင်းကလည်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာနှင့် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာတို့ကို ဗုံးကြဲခဲ့ရာ ကလေး ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့သည်။
မေ ၇ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာနှင့် လိပ်ကျရွာတို့ကို လေတပ်က ဗုံးကြဲရာ သက်လတ်ပိုင်းအရွယ်အမျိုးသား ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သည်။
၇ မိုင် ကျေးရွာ၊ တွင်းငယ်ကျေးရွာ၊ ရေညာဦးကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြီးခဲ့သည့်အပတ်တွင် ပြောထားသည်။
ရခိုင် ကျောက်တော်မြို့
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို ယမန်နေ့တွင် လေတပ် ဗုံးကြဲသဖြင့် ဒေသခံ ၅ ဦး သေဆုံးသည်၊ ဒဏ်ရာရသူ ၉ ဦးရှိသည်ဟု သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဗုံး သုံးကြိမ်ကြဲသဖြင့် ဒေသခံ ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရသွားသည်ဟု အာရက္ခတပ်တော် (AA) နှင့် ဒေသခံများထံက သိရသည်။
သေဆုံးသူတို့မှာ ဦးထွန်းအောင်စိန်(၅၂ နှစ်)၊ဦးမောင်စံရွှေ(၅၀ နှစ်)၊ဦးဇော်ဦးဝင်း (၃၈ နှစ်)၊ ဦးမောင် ခင်သန်း (၄၂ နှစ်)နှင့် ဒေါ်ရွှေကြာစိန် (၆၃ နှစ်)တို့ ဖြစ်သည်။
ဒဏ်ရာရသူများမှာ ဦးသာမောင်( ၆၄ နှစ်)၊ မဌေးဌေးသန်း (၂၂ နှစ်)၊ ဒေါ်စိန်သိန်းဦး (၆၈ နှစ်)၊ ဒေါ်ကျော့ ယဥ် (၅၈ နှစ်)၊ ဒေါ်သန်းသန်းဝင်း(၃၉ နှစ်)၊ ဦးအေးထွန်း(၅၃ နှစ်)၊ ဒေါ် စိုးစိုးမြတ် (၄၆ နှစ်)၊ ဒေါ်အောင် ကျော်လှ (၆၅ နှစ်)နှင့် ဦးမောင်နန်းစိုး(၃၉ နှစ်) တို့ ဖြစ်သည်။
ယင်းမတိုင်မီ မတ် ၁၄ ရက်နေ့ကလည်း ရွာမရပ်ကွက် ဗုံးကြဲခံထားရသဖြင့် ထိုရပ်ကွက်တွင်နေသူများက အပျက်အစီးများကို ရှင်းလင်း၊ လူအများ လာရောက်ကြည့်ရှုနေကြစဥ် ထပ်မံဗုံးလာကြဲခြင်းဟု ကျောက်တော်မြို့ခံတစ်ဦးက ယမန်နေ့က ပြောသည်။
“မနေ့ကတော့ အဲ့ရပ်ကွက်ကလူတွေ စျေးရောင်းစျေးဝယ်နဲ့သိပ်မရှိကြဘူး ။ ဒီနေ့ (မေ ၁၅) ကိုယ့်အိမ် အပျက်အစီးတွေကို လာရှင်းကြတယ်။ အဲဒီမှာ ဗုံးသုံးကြိမ်လာကြဲတာ။ မြို့ကလူတွေတော့ တော်တော် စိုးရိမ်နေကြတယ်။ စာသင်ကျောင်းတချို့လည်းပိတ်ထားကြတယ်။ ဒေသခံတွေလည်း နယ်ဘက်တွေကို ရှောင်ပြေးနေကြတယ်”ဟု ၎င်းက ဆိုသည်။
အမျိုးသမီးငယ်တစ်ဦးက ၎င်း၏ ဖခင်မှာ နေ့လယ်ပိုင်းအိပ်နေစဉ် ဗုံးဒဏ်ကြောင့် သေဆုံးသွားသည်ဟု Facebook လူမှုကွန်ရက်စာမျက်နှာထက်တွင်ရေးသားထားသည်။
“ဆုတောင်းမပြည့်ခဲ့ဘူးဖေဖေ။ အိပ်မက်ပဲဖြစ်စေချင်တယ်။ ကောင်းရာဘုံဘဝရောက်ပါစေ။ နောက်ဘဝ ရှိခဲ့ရင် ဒီလိုနေရာမှာ လူမဖြစ်လာပါနဲ့။ ကိုယ့်အဖေ အသုဘကိုတောင် မြင်ခွင့်မရှိတဲ့ဘဝ”ဟု ၎င်းက ရေး ထားသည်။
မေ ၁၄ တွင်လည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဗုံးကြဲခဲ့စဉ် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသည်။
မေ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို ဗုံးကြဲခဲ့စဉ် ဒေသခံ ၁၂ ဦး သေဆုံး၊ ၂၃ ဦးဒဏ်ရာရခဲ့သည်။
AA သည် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီက မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့်မာန်အောင်မြို့တို့ကို ထိန်းချုပ်ထားသည်။
မကွေး ဂန့်ဂေါမြို့နယ်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို လေတပ် ဗုံးကြဲမှုကြောင့် ကျောင်းသားများ အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်အပြီးတွင် ယခုရက်ပိုင်းတွင် စစ်တပ်က စာသင်ကျောင်းများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ် လာသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ရွာစာသင်ကျောင်းကို မေ ၁၄ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ဗုံးကြဲရာ စာသင်ကျောင်းခန်းမဆောင်တစ်ခု ပျက်စီးသွားသည်၊ လူထိခိုက်မှုမရှိဟု ဆိုသည်။
ဂန့်ဂေါမြို့နှင့် ၅ မိုင်ခန့်သာကွာဝေးသည့် လာပို့ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်သဖြင့် ဒေသခံအများစုမှာ ကျေးရွာထဲတွင်မနေရဲကြကြောင်း၊ စာသင်ကျောင်း ဖွင့်လှစ် ခြင်းမရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

မကွေးတိုင်း မြောက်ပိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု စသည့် မြို့များပါဝင်သည့် ယောဒေသမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့်ထိစပ်နေပြီး တော်လှန်ရေးအင်အားစုနယ်မြေစိုးမိုးမှု အားကောင်း သည့်ဒေသဖြစ်သည်။ စစ်တပ်ကမြို့ပေါ်နှင့် အထိုင်ချတပ်စခန်းများတွင် အဓိက ခြေကုပ်ယူထားပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများဘက်က ထိန်းချုပ်ထားသည်။
နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်နေသည့် စစ်တပ်သည် ယောဒေသတွင် မေလဆန်း မှစပြီး နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုများလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
မင်းတပ်မြို့နယ်
အလားတူ ယမန်နေ့၊ နံနက် ၉ နာရီခွဲက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ရွာတစ်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ၄၀ အရွယ်အမျိုးသမီးတစ်ဦး သေဆုံးကာ စာသင်ကျောင်းအပြင် အိမ်ခြေ ၄၀ ကျော်ပျက်စီးသွားသည် ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။
မင်းတပ်မြို့နယ်တွင်း မြို့သိမ်းတိုက်ပွဲနောက်ပိုင်း စစ်ကောင်စီသည် ၁၃ ကြိမ်တိတိဗုံးကြဲခဲ့ပြီး ဗုံးဒဏ်သင့် ပြည်သူများ လူသားချင်းစာနာထောက်ပံ့မှုအကူအညီ လိုအပ်နေသည်ဟု သိရသည်။

ထိုလေယာဥ်သည် စာသင်ကြားနေခြင်းမရှိသော ရွာစာသင်ကျောင်းကို ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး ကျောင်းနံဘေးမှ နေအိမ်များကို ထိမှန်ပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု မင်းတပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မနက် ၉ နာရီ ၄၀ လောက်မှာ ဖိုက်တာတစ်စင်း ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးနှစ်လုံးကို တိုက်နယ် (၁)၊ မင်းတပ်မြို့ထဲမှာရှိတဲ့ စာသင်ကျောင်းကိုကြဲတယ်။ စာသင်ကျောင်းကို ပစ်မှတ်ထားတယ်လို့ ပြောလို့ ရတယ်။ စာသင်ကျောင်းနားမှာတစ်လုံးကျတယ်။ ဘေးမှာတစ်လုံးကျတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့(မတ် ၁၆ )၊နံနက် ၉ နာရီခွဲခန့်ကလည်း မင်းတပ်မြို့နယ် တိုက်နယ် (၁)အတွင်း အခြား ကျေးရွာတစ်ရွာကို ဗုံးကြဲသွားသည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
“မနေ့က ဗုံးကြဲခံရတဲ့နေရာနဲ့ သုံး၊လေးရွာလောက်ပဲ ခြားတဲ့နေရာကို ထပ်ကြဲတယ်။ နှစ်လုံးကြဲသွားတယ်။ ထိခိုက်ပျက်စီးမှုမသိရသေးဘူး။ အဲ့ဘက်က ဖုန်းလိုင်းလည်းမရဘူး”
ယခင်ကလည်း မြို့ပေါ်တွင် လူစည်ကားသည့်နေရာများကို လေကြောင်းက ဗုံးကြဲသဖြင့် မြို့ခံများ အိမ် မပြန်ရဲကြကြောင်း၊ အိမ်၊ခြံမြေသန့်ရှင်းရေးသာ သွားရောက်လုပ်နေရကြောင်းပြောဆိုသည်။
မင်းတပ်မြို့ကို အာရက္ခတပ်တော်(AA)၏ မဟာမိတ်ဖြစ်သော ချင်းညီနောင်အဖွဲ့ (Chin Brotherhood-CB) က သိမ်းထားသည်။
ယင်းအဖွဲ့တွင် ဇိုမီးဖက်ဒရယ်အဖွဲ့အစည်း(ZFU)၊ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့(ကန်ပက်လက်)၊ ချင်းဒေသ ကာကွယ်ရေးအဖွဲ့(မတူပီ)တပ်မဟာ (၁)တို့ပါဝင်သည်။
ချင်းပြည်နယ် ကိုးမြို့နယ်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်တို့ကို ချင်းညီနောင်အဖွဲ့ က သိမ်းပိုက်ထားကာ ပလက်ဝမြို့နယ်ကိုမူ AA က သိမ်းထားသည်။
ချင်းအမျိုးသား တပ်မတော် (CNF /CAN) ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်း ထားသည့် ချင်းပြည်ကောင်စီသည် တွန်းဇံမြို့ကို သိမ်းပိုက်ထားသည်။ လက်ရှိတွင် စစ်ကောင်စီတပ် သည် မြို့တော် ဟားခါး၊ထန်တလန်နှင့် တီးတိန်မြို့တို့ကိုသာ ထိန်းချုပ်နိုင်တော့သည်။
Myanmar Now ၏ စာရင်းများအရ မေ ၁၀ ရက်နေ့နောက်ပိုင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းမြောက်၊ ပဲခူးတိုင်းနှင့် ရခိုင် ဒေသတို့တွင် သေဆုံးသူ ၈၀ ဦးထက်မနည်း ရှိခဲ့သည်။ ဒဏ်ရာရသူ ၁၈၅ ဦး ရှိခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ဆန့်ကျင်သူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။
ခုခံသူများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး တိုက်ခိုက်နေရာ စစ်တပ်က နေရာအများအပြားတွင် အထိနာနေသည်။ သို့သော်လည်း စစ်တပ်က တရုတ်၊ ရုရှားတို့၏ အကူအညီ၊ အကာအကွယ် ရရှိနေပြီး ခုခံသူများကို ဆက်လက် ရင်ဆိုင်လျက်ရှိသည်။
စစ်တပ်ကြောင့် အရပ်သားများ အစုအပြုံလိုက် မကြာခဏ သေဆုံးသော်လည်း ထိုနိုင်ငံကြီးနှစ်ခုက အာဏာသိမ်းတပ်ကို ဆက်လက် ပူးပေါင်း ကူညီနေကြဆဲ ဖြစ်သည်။
