သတင်း

ကျောက်ပန်းတောင်းမြို့ကို လေတပ် ဗုံးကြဲ၊ ဒေသခံ ၄ ဦး သေဆုံး

မန္တလေးတိုင်းအတွင်း တိုက်ပွဲများနှင့် ဝေးကွာသော ရွာတစ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ရွာသူရွာသား အများအပြား သေဆုံး၊ ဒဏ်ရာရသွားရာ အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။

ယမန်နေ့(မေ ၁၄)တွင်  မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးရွာတစ်ရွာကို  စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ရာ သက်ကြီးပိုင်း အမျိုးသမီးများအပါဝင် ၄ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရသွားသည်။

မြို့ အရှေ့မြောက်ဘက် ၃၅မိုင်ခန့်အကွာ၊ အိမ်ခြေ ၅၀၀ ခန့်ရှိသည့်   လေးပင်ရွာကို    နံနက် ၈ နာရီခန့်တွင် နှစ်ကြိမ် တိုက်ခိုက်စဉ် ဗုံးများက ရွာအပြင်ဘက် ကျရောက်ပေါက်ကွဲသဖြင့် လူထိခိုက်မှုမရှိခဲ့ပေ။  မွန်းလွဲ ၃ နာရီခန့်တွင် လေယာဉ် ထပ်မံရောက်လာပြီး ဗုံးကြဲရာ ရွာတောင်ပိုင်းရှိ အိမ်နှစ်လုံးကြား ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာပေါ်မှာ ဝဲပြီးတော့ ပစ်သွားတာ။ ဗုံးကျတဲ့ အိမ်ကလူတွေက နွားစာစင်းနေရင်းနဲ့ လေယာဉ်လာတော့ အိမ်သာထဲ ဝင်ပုန်းကြတာ။ ဗုံးက အိမ်သာနားကျပြီးတော့ အကုန်သေကုန်တာ။ ဘေးအိမ်က လူတွေလည်း ထိကုန်တယ်” ဟု အထက်ပါ အမျိုးသမီးကပြောသည်။​

“မနက်ကြီးက (ဗုံး)ချတာ၊  ထပ်မလာလောက်တော့ဘူးအထင်နဲ့ ပြန်ဝင်နေကြတာ” 

သေဆုံးသွားသူများမှာ  ၃၈ နှစ် အရွယ်များဖြစ်ကြသော ဦးဝင်းထွေးနှင့် ဒေါ်ဝင်းသူဇာတို့လင်မယား၊ ယင်းတို့၏ အဒေါ်များဖြစ်သော   ၅၃ နှစ်အရွယ် ဒေါ်မြင့်မြင့်ဝင်း၊  ၆၅ နှစ်အရွယ် ဒေါ်ဝင်းကြည်တို့ဖြစ်သည်။

ဒဏ်ရာရသွားသူတို့မှာ  ၁၈နှစ်အရွယ် ယောက်ျားလေး ၃ဦးနှင့် အမျိုးသမီး ၃ဦးတို့ ဖြစ်ပြီး နွားစာစင်းရန်  ဦးဝင်းထွေးနေအိမ်သို့ ရောက်နေခိုက် တိုက်ခိုက်ခံရသည်ဟုလည်း သိရသည်။ 

လေယာဉ်လာချိန်တွင် ထိုလူငယ်များက ရေချိုးခန်း၊ အိမ်သာတွဲလျက် တည်ဆောက် ထားသော အုတ်နံရံကာ အဆောက်အအုံထဲ ဝင်ပုန်းနိုင်ခဲ့သော်လည်း ထိုနေရာ   ဗုံးကြဲခံရသဖြင့်   ၎င်းတို့လည်း ဒဏ်ရာရသွားသည်ဟု  ဒေသခံတို့က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် လေးပင်ရွာ တည်နေရာပြမြေပုံ။

ယနေ့ (မေ ၁၅) နံနက်ပိုင်းတွင်လည်း လေယာဉ်များ ဆက်လက်ဝဲပျံနေဆဲဖြစ်သောကြောင့် လူဦးရေ ၃,၀၀၀ ကျော်ခန့်ရှိသည့် လေးပင်ရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဒေသခံ အခြားအမျိုးသားတစ်ဦးကလည်း လေးပင်ရွာအနီး တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ  ဗုံးလာကြဲခြင်း ဖြစ်ကြောင်း၊ ရွာမြောက်ဘက် ၁၂ မိုင်ခန့်အကွာ အိမ်နီးချင်း တောင်သာမြို့နယ်အတွင်းတွင်သာ  တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို ပျောက်ကြားတိုက်ခိုက်မှု  ရံဖန်ရံခါ ဖြစ်ပွားတတ်ကြောင်း ပြောသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်နှင့် ချောင်းဦး၊ မကွေးတိုင်း ဂန့်ဂေါ၊ ရခိုင်ပြည်နယ် ရသေ့တောင်၊ကျောက်တော်၊  ရှမ်းမြောက် နောင်ချို၊ ကျောက်မဲနှင့် မန်တုံတို့ကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။

မေ ၁၀ မှစ၍ မန္တလေးတိုင်း မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များနှင့် ကရင်ပြည်နယ်တို့တွင်လည်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများအနက် မေ ၁၂ နံနက်ပိုင်းက  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်   စာသင်ကျောင်းကို စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးငယ်များအပါဝင် ထိခိုက်၊သေဆုံးသူအများဆုံးဖြစ်သည်။

ဒီပဲယင်းမြို့အနောက်ဘက် ၇ မိုင်ခန့်ရှိ အိုးတိန်တွင်းရွာလယ်ခေါင်ရှိ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျောင်းတွင် ပညာသင်ယူနေသည့်ကျောင်းသား ၁၅၀ ခန့်ရှိသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ စာရင်းအရ ဗုံးဒဏ်ကြောင့် မူလတန်းမှ အထက်တန်း ကျောင်းသား၂၂ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့သည်။ ထို့ပြင် ဒေသခံ စုစုပေါင်း ၁၀၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်က ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုကာ ကျောင်းတွင် တပ်စွဲသည့် ကာကွယ်ရေးတပ်များကြောင့်ဟု ပြန်လည်အပြစ်ဖို့ ဝါဒဖြန့်ထားသည်။

ပြီးခဲ့သည့် မေ ၁၃ ရက် မေ ၁၃၊ နံနက် ၁၀ နာရီကျော်က ရသေ့တောင်မြိုနယ်၊ ထွန်းရဝေရွာဟောင်းကို တိုက်ခိုက်ရေး လေယာဉ်ဖြင့် ဗုံးကြဲခဲ့မှုကြောင့် နှစ်နှစ်သမီးအပါအဝင် ၁၂ ဦးသေဆုံးခဲ့သည်။ ၂၃ ဦး ဒဏ်ရာရသွားပြီး နေအိမ် ၃၁ လုံး ပျက်စီးခဲ့သည်။

 သေဆုံးသူများမှာ အသက် ၂ နှစ်မှ ၅၄ နှစ်ကြား အရပ်သားများဖြစ်သည်ဟု သိရသည်။

မေ ၁၄ရက် ညနေပိုင်းတွင်လည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး အပါအဝင် သုံးဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ထိုသို့ အရပ်သားများကို ဗုံးကြဲသတ်ဖြတ်မှုအတွက် စစ်ဗိုလ်ချုပ်များ  တာဝန်ယူရမည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“ကြီးမားတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။ စစ်ကောင်စီက သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမှာဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောသည်။

မေ ၁၂ ရက်နေ့ကလည်း TNLA ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မန်တုံ၊ မိုင်းငေါ့ မြို့တို့ကိုလေတပ်က တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

Related Articles

Back to top button