ဆောင်းပါး

အပစ်ရပ်ကြေညာထားချိန် ကလေးများ အစုအပြုံလိုက်သေစေသည့် ဗုံးကြဲမှု 

ဒီပဲယင်းမြို့ ကျေးလက်စာသင်ကျောင်းရှိ ကလေးများ ဗုံးကြဲခံရသဖြင့် သေဆုံးမှုများပြားသည်၊ ကျူးလွန်သူတို့ကို စုံစမ်းဖော်ထုတ်မည်ဟု NUG ပညာရေးဌာနက ကြေညာလိုက်သည်။

ကျောင်းရှေ့ကွင်းပြင်ထဲတွင် ပိုင်ရှင်မဲ့နေသည့် လွယ်အိတ်များ၊ သွေးကွက်များစွန်းနေသည့်အရွယ်စုံ၊ အရောင်စုံ ဖိနပ်လေးများ၊ တစစီဖြစ်နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အဖြူအစိမ်းဝတ် ကျောင်းသားလေးတို့၏ ရုပ်အလောင်းများက နေရာယူထားသည်။  

အနီးရှိ အခန်း ငါးခန်းတွဲပါ တစ်ထပ်တိုက်ပင်မ စာသင်ဆောင်၏ ခေါင်မိုးသွပ်များ လုံးဝပွင့်ထွက် ပျက်စီး သွားသလို နံရံရှိ ကျည်ပေါက်ရာများကြောင့် တစ်ဘက်ခန်းကို ထုတ်ချင်းပေါက် မြင်တွေ့နေရသည်။  

ကျောင်းသူကျောင်းသားများနှင့် စည်ကားခဲ့သည့် ထိုစာသင်ကျောင်းလေးမှာ တခဏချင်းအတွင်းမှာပင် သုဿန် တစပြင်အလား ပြောင်းလဲသွားသည်။  

ယမန်နေ့ နံနက် ၉း၃၅ ဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က  ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ကျောင်းသူ၊ ကျောင်းသား ၂၀ နှင့် လုပ်အားပေး (volunteer) ဆရာမ ၂ ဦး သေဆုံးခဲ့ရပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

ထိုရွာ၏ အမည်ကို “အိုးထိမ်းတွင်း” ဟုလည်း ရေးသားကြသည်ကို တွေ့ရသည်။ 

စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အဦးများစသည့် အရပ်ဘက်ပစ်မှတ်များပါမချန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုမှာ‌ ကျောင်းသား၊ ကျောင်းသူများအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် အဆိုးရွားဆုံးဖြစ်ရပ်များအနက် တစ်ခုဖြစ်သည်။  

အနောက်မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့မှ မိုင် ၃၀ သာကွာဝေးသည့် ဒီပဲယင်းမြို့တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များတွင်သာ ခြေကုပ်ယူထားပြီး ကျေးလက်ဒေသ အများစုကို တော်လှန်ရေး အင်အားစုက နယ်မြေစိုးမိုးထိန်းချုပ်ထားသည်။  

ဒီပဲယင်းမြို့ တောင်ဘက်၇ မိုင်ခန့်သာကွာဝေးသည့်၊ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့်   အိုးတိန်တွင်းရွာသို့ စစ်ကောင်စီ စစ်ကြောင်း မဝင်သည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ်သည်။  

ရွာရှိ စာသင်ကျောင်းတွင် မူလတန်းမှ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူ  ၁၅၀ ကျော် တက်ရောက်နေကြပြီး ယမန်နေ့ နံနက်ပိုင်းက အတန်းတင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေကြချိန်လည်း ဖြစ်သည်။  

နိုင်ငံအနှံ့ စာသင်ကျောင်းများတွင် မိုးတွင်းနှင့် ဆောင်းရာသီမှာ ကျောင်းဖွင့်ရာသီဖြစ်ပြီး မတ်လမှ မေလကုန်ထိမှာ နွေရာသီကျောင်းပိတ်ရက်ဖြစ်သော်လည်း တော်လှန်ရေးအင်အားစု  ထိန်းချုပ်  နယ်မြေများရှိ ကျောင်းများမှာမူ စစ်တပ် ရန်ပြုလာမှုအပေါ် မူတည်ကာ ချိန်ဆဖွင့်လှစ်နေကြသည်။  

နံနက် ၉ နာရီကျော်တွင် မိတ္ထီလာ လေတပ်မှ စစ်လေယာဉ်တစ်စီး ထွက်ခွာလာသည်ဟူသော လေကြောင်းသတိပေးချက်ကို ဒီပဲယင်းမြို့နယ် ကျေးရွာများ ရရှိခဲ့ ကြသည်။  

ထိုတိုက်လေယာဉ်မှာ အိုးတိန်တွင်းရွာကို ကျော်ကာ ဆက်လက်ပျံသန်းသွားပြီးနောက်မှ တကျော့ပြန်လာကာ စာသင်ကျောင်းကို ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်သည်။  

ဗုံးက ကျောင်းပေါ် တည့်တည့်ကျရောက်ပေါက်ကွဲသည်ဟု ဒေသခံ အမျိုးသား တစ်ဦးကပြော သည်။ 

“တစ်လုံးက ကျောင်းအတွင်းထဲ ဒဲ့ကျတယ်။  တစ်လုံးက အလံတိုင်ဘေး ကျောင်း‌ရှေ့မျက်နှာစာမှာ ကျတယ်။  လေယာဉ်ကြဲ ချလိုက်တဲ့ ဗုံးဆံက အရှည်ကြီးတွေ။  ကျောင်းဆောင်ပေါ်မှာ တဆင့်ကွဲပြီး သမံသလင်းမှာ တဆင့်ကွဲတယ်။   နှစ်ဆင့်ကွဲတယ်၊  မီးလောင်တာမရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ 

ဗုံးဒဏ်ကြောင့် တစ်စစီဖြစ်သွားသည့် ကလေးများ၏ ဦးခေါင်း၊ ခြေ၊ လက်၊ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကူညီ ကယ်ဆယ်ရေးသမားများက  လိုက်လံစုစည်း ကောက်ယူခဲ့ရသည်။   

“အလောင်းကောက်တဲ့အချိန်မှာ တစစီတွေ ခြေပြတ်လက်ပြတ်တွေကို အတန်းလိုက်လေးတွေ ဆက် ပေးထားရတယ်၊တချို့ခေါင်းတွေဘာတွေ ခြေထောက်‌တွေ ရှာမတွေ့ဘူး။ လက်ပြတ် ၃လက်ဆိုရင် လည်း ခန္ဓာကိုယ်ရှာမတွေ့ဘူး။ ကလေးလက် နှစ်ခုနဲ့ လူကြီးလက် တစ်ခု။ ခြေထောက်တစ်ချောင်းဆိုရင် ပေါင်ရင်းကနေပြတ်နေတာ ခန္ဓာကိုယ်မတွေ့ရဘူး။  ဆရာမတစ်ဦးဆိုရင် ခြေထောက်တွေ၊ လက် တွေ အကုန်လုံးပြတ်ထွက်ပြီး သေသွားတာ” ဟု ရုပ်အလောင်းများကောက်ယူရာတွင်ပါဝင်သည့် အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။  
“မိဘတွေက ဒါ ငါ့သမီးလေး အဝတ်အစား၊ ငါ့သမီးလေးလုံခြည်ဆိုပြီး အဲ့လိုယူဆပြီးသင်္ဂြိုဟ်ရတာ”ဟု ၎င်းက ဆိုသည်။  

သေဆုံးခဲ့သည့် ကျောင်းသားများအနက် အများစုမှာ မူလတန်းကလေးများဖြစ်သည်။  

ဒီပဲယင်းမြို့နယ် ပကဖ နှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များထံက သိရသည့်အချက်အလက်များအရ Grade 2   ၆ ဦး၊ Grade 3   ၃ ဦး၊ Grade 4   ၄ ဦး၊ Grade 5 မှ ၁ ဦး၊ Grade 7 ၃ ဦး၊ Grade 9, 10, 11   ၁ ဦးစီပါဝင်သည်။ ဆရာ၊ ဆရာမများအနက်  အသက် ၂၀ ကျော်အရွယ် လုပ်အားပေးဆရာမ ၂ ဦး  သေဆုံးခဲ့သည်။  

သေဆုံးသွားသူတို့၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ရန်  ပြင်ဆင်နေကြစဉ်။ (ဓာတ်ပုံ – AFP)

စစ် တပ်က ထပ်ဆင့်ပေါက်ကွဲသည့် ကလပ်စတာဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် ကလေးများ အစုအပြုံလိုက်သေကြရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် ကျန်ရှိခဲ့သည့် အပိုင်းအစများကို ကိုးကားပြီး ထုတ်ပြန်သည်။ 

ဗုံးသီးအသေးများပါဝင်ပြီး ထပ်ဆင့် ပေါက်ကွဲကာ အရပ်သားထိခိုက်မှုများပြားသည့်အတွက် နိုင်ငံတကာတွင် ကလပ်စတာဗုံး အသုံးပြုမှုကို တားမြစ်ထားသည်။  

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်း၊ ရခိုင်၊ ကရင်နီ (ကယား)၊ ရှမ်းပြည် မြောက်ပိုင်း၊ ကချင်၊ ကရင်နှင့် စစ်ကိုင်းတိုင်း လေကြောင်းတိုက်ခိုက်မှုများတွင် ကလပ်စတာဗုံးများကို အသုံးပြု 

နေပြီး ယခု မေလဆန်းပိုင်းတွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး လေကြောင်း တိုက်ခိုက်မှုတွင် အလားတူ အသုံးပြုနေကြောင်း CDM စစ်ကောင်စီတပ် အရာရှိများနှင့် ဖွဲ့စည်းထားသည့် မြန်မာ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က ထုတ်ပြန်သည်။ 

ပေါက်ကွဲမှုနယ်မြေ ကျယ်ပြန့်သော လက်နက်အမျိုးအစား ဖြစ်သည်ဟု  စစ်ရေးသတင်းများ ဖြန့်ဝေနေသော CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။  

 သေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်  ပြင်ဆင်နေကြစဉ်။ (ဓာတ်ပုံ – AFP) 

“ကလပ်စတာဗုံးဆိုတာ ထပ်ဆင့်ကွဲတဲ့ဗုံး အထဲထဲမှာ ၁၂၀ မမ အမြောက်ဆန်ဗုံးသီးနဲ့ တူတဲ့ ဗုံးသီး အရေအတွက်များစွာကို ထည့်သွင်းထားတဲ့ ထည့်ဆင့်ကွဲတဲ့ဗုံးသီးအမျိုးအစားပေါ့။  ရိုးရိုးဗုံးကတော့ မီးလောင်ပြီးတော့ပေါက်ကွဲတယ်။  ကလပ်စတာဗုံးကတော့ ဗုံးသီးမကြီး တစ်ခုထဲကနေ ၁၂၀ မမ ဗုံးသီး အလုံးရေ မြောက်များစွာခွဲထွက်သွားတဲ့ ဗုံးအမျိုးအစားပေါ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။  

ကလပ်စတာဗုံးများနှင့် ဆက်စပ်သည့် ပစ္စည်းများကို မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ် အခြေစိုက် ကပစ ၂၁၊ ၂၂ နှင့် ပဲခူးတိုင်းပြည်မြို့ တစ်ဘက်ကမ်း ဆင်တဲ အခြေစိုက် အမှတ် ၃ ကပစ တွင် ထုတ်လုပ် နေသည်ဟု   သူက ဆက်ပြောသည်။  

“လေယာဉ်ပစ်တဲ့ဗုံးသီး အခွံ မှန်သမျှကို ကပစ ၂၂ ကနေ ထုတ်ပြီးတော့ ကပစ ၃ ကနေ ဒရုန်းထဲမှာ ထည့်မယ့်ဗုံးသီး အငယ်တွေကို ကပစ ၃ ဆင်တဲကနေ ထုတ်တယ်။  ကပစ ၂၁ ကန်ဇွန်းမမှာတော့ အဲ့ဒီ ဗုံးသီး ၂ မျိုးကို ပေါင်းစပ်ပြီးတော့ ဗုံးသီးအချော ထုတ်လုပ်တာဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။  

အာဏာသိမ်းစစ်ကောင်စီကမူ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု မလုပ်ဟု ငြင်းဆန်လိုက်ပြီး “စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများအား ဗုံးကြဲတိုက်ခိုက်မှုမရှိ” ဟု  ယမန်နေ့(မေ ၁၂) ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။  

တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာ စစ်တပ် ဝါဒဖြန့်တယ်လီဂရန်စာမျက်နှာများတွင်မူ အိုးတိန်တွင်းရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြောဆိုထားသည်။  

စာသင်ကျောင်းအတွင်း ဗုံးစမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်သွားသည်ဟုလည်း နောက်ပိုင်းတွင် ပြောင်းလဲ ရေးသားကြပြန်သည်။  

ဗုံးစမ်းသပ်ပေါက်ကွဲမှု  ဖြစ်နိုင်ချေနည်းပါးကြောင်း စစ်လက်နက်ပစ္စည်းများအကြောင်း လူမှုကွန်ရက်တွင် ရေးသားနေသည့် Tactical Raptor က သုံးသပ်သည်။  

“အဆောက်အဦးအပျက်အစီးနည်းတာကြောင့် ဝေဟင်မှမြေပြင်ပစ် rocket, ဒါမှမဟုတ် cluster munitions လို့တော့ အကြမ်းဖျင်းယူဆပါတယ်။ ကြမ်းပြင်မှာ လက်နက်ထိမှန်တဲ့ impact site တွေရှိတယ်။ အဲ့တာကြောင့် အဆောက်အဦးတွင်း လက်နက်စမ်းလို့ ပေါက်ကွဲတာ ဖြစ်နိုင်ချေ နည်းပါ တယ်”ဟု ၎င်းက Myanmar Now ကို ပြောသည်။  

စာသင်ကျောင်းတွင် တော်လှန်ရေးသမားများ နေထိုင်တပ်စွဲခြင်းမရှိသလို မြေပြင်စစ်ရေးလှုပ်ရှားမှု လည်း မရှိကြောင်း တော်လှန်ရေးအင်အားစုက တုံ့ပြန်သည်။  

စစ်တပ်က  ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ကာလ ဖြစ်သောကြောင့်   ယာယီအပစ်ရပ်မှုကို မေလကုန်အထိ သက်တမ်းတိုးသည်ဟု ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှု အရှိန်ပိုမြင့်လာပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတို့ကိုပါ ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။  

စစ်ကိုင်းငလျင်လှုပ်သည့်နေ့မှ မေလဆန်းပိုင်းအထိ တစ်လကျော်အတွင်း ရန်ကုန်တိုင်းမှအပ  တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၈၀ ကျော်လုပ်ခဲ့ရာ ပြည်သူ ၂၇၆ ဦးသေဆုံးပြီး ၄၅၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

နံနက်ပိုင်းတွင် အိုးတိန်တွင်းရွာကို တိုက်ခိုက်မှုအပြီး ညသန်းခေါင် ၁၂ နာရီဝန်းကျင်က ဒီပဲယင်းမြို့ တောင်ဘက် ၁၁မိုင်ခန့်အကွာ ဂေါင်းစုရွာကိုလေကြောင်းတိုက်ခိုက်မှု ထပ်လုပ်ခဲ့ပြန်သည်။  

ဂေါင်းစုရွာအနောက် လယ်ကွင်းထဲကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။  

“လူအထိခိုက်တော့မရှိပါဘူး။  လယ်ကွင်းထဲမှာ ကျင်းခွက်ကြီးဖြစ်သွားတာ”ဟု မြို့နယ် ပကဖ တာဝန်ရှိသူကဆိုသည်။ 

ဂေါင်းစုရွာအနီး မြေပြင်တိုက်ပွဲမရှိသလို စစ်ရေးလှုပ်ရှားမှုလည်း  မရှိဘဲ လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

တော်လှန်ရေးအင်အားစု အားကောင်းရာ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က စာသင်ကျောင်းများကို ဦးတည်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုမှာ နှစ်နှစ်ကျော်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။  

၂၀၂၂ ခုနှစ် စက်တင်ဘာက ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းရော မြေပြင်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသား ၆ ဦးအပါအဝင် ပြည်သူ ၁၃ ဦး သွေးမြေကျခဲ့ရသည်။  

ထို့နောက် နှစ်နှစ်ကျော်အကြာတွင် စာသင်ကျောင်းကို ဦးတည်ပစ်မှတ်ထားသည့် တိုက်ခိုက်မှု ထပ်မံလုပ်ဆောင်လာသည်။  

ကျောင်းသားကျောင်းသူ အစုအပြုံလိုက်သေဆုံးခဲ့သည့် အိုးတိန်တွင်းရွာ ဖြစ်ရပ်ကဲ့သို့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ဆက်ရှိနေသဖြင့် ဘေးကင်း လုံခြုံရေးအတွက် ဒီပဲယင်း မြို့နယ်အတွင်း စာသင်ကျောင်းများအားလုံး ယာယီပိတ်ထားသည်ဟု မြို့နယ် ပကဖက ဆိုသည်။  

အိုးတိန်တွင်းရွာလေကြောင်းတိုက်ခိုက်မှုတွင် အမိန့်ပေးသူ၊ ကာယကံ မြောက်ကျူးလွန်သူနှင့် ပူးပေါင်း ပါဝင်သူများကို အရေးယူအပြစ်ပေးနိုင်ရန် စုံစမ်းဖော်ထုတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။  

Related Articles

Back to top button