စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်သည့် နေပြည်တော်တွင် အင်အားပြင်းငလျင်ကြောင့် အပျက်အစီးများပြားခဲ့ သဖြင့် ကျန်းမာရေးစောင့်ရှောက်ရေးကဏ္ဍနှင့်အများပြည်သူဈေးဝယ်နေရာများ ပုံမှန်မလည်ပတ်နိုင်သေး ကြောင်း ဒေသခံများနှင့် နီးစပ်သူများထံက စုံစမ်းသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို လာရောက်ကုသပေးနေသည့် ပြည်ပဆေးအဖွဲ့များ ရှိသော်လည်း ငလျင်အ ပြီး တစ်လကျော်ကြာမြင့်လာချိန်တွင် အများစုက ပြန်လည်ထွက်ခွာသွားရာ လက်ရှိအချိန်တွင် လူနာများ နေထိုင်ရေး၊ ဆေးဝါးလိုအပ်ချက်အပြင် အခြားအခက်ခဲများ ကြုံတွေ့နေလျက်ရှိကြောင်း ဆရာဝန်များနှင့် ဒေသခံများက ပြောသည်။
“ပါလာတဲ့ ဆေးဝါးတွေက ပေးခဲ့ပြီး ပြည်ပဆေးအဖွဲ့တွေက ပြန်သွားပါပြီ” ဟု ရွှေကြာပင်ယာယီဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
မတ် ၄ ရက်နေ့မှစ၍ ယာယီဆေးရုံများတွင် လူနာသစ်များကို လက်မခံတော့ဘဲ ကုသနေဆဲလူနာများနှင့် ကုတင် ၁၀၀၀ ဆေးရုံမှလွှဲလာသောလူနာများကို ပြည်တွင်းဆရာဝန်များဖြင့် ဆက်လက်ကုသပေးနေ ကြောင်း ကုတင်၁၀၀၀မှ ဆရာဝန်တစ်ဦးနှင့် လူနာများက ပြောကြသည်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးဗဟိုပြုကာ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့သော အခြားအဆောက်အဦများကဲ့သို့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ကုတင်၁၀၀၀ ဆေးရုံ အပါ အဝင် ဆေးရုံ၊ ဆေးခန်းအများစုလည်း ပျက်စီးခဲ့၍ စစ်ကောင်စီက ယာယီဆေးရုံများဖွင့်လှစ်ခဲ့ရသည်။
ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် တစ်ရုံ ၊ ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားကွင်းထဲ တွင် ယာယီဆေးရုံ ၂ ရုံ အပါအဝင် ကိုယ်ထူကိုယ်ထ ကားများဖြင့် ရွေ့လျားကုသပေးမှုများ ပြုလုပ်ခဲ့ကြ သည်။
အဆိုပါယာယီဆေးရုံများ၌ ရုရှား၊ ဘဂ်လားဒေ့ရှ် ၊ အမေရိကန်၊ ဖိလစ်ပိုင်နိုင်ငံမှ ဆေးအဖွဲ့များက ကူညီ ကုသပေးခဲ့ကြခြင်းဖြစ်သည်။
ကုတင် ၁၀၀၀ ဆေးရုံသည် ငလျင်ကြောင့် အရေးပေါ်ကုသဆောင်နှင့် ပြင်ပလူနာဌာန အဆောက်အအုံ များ ပျက်စီးသွားခဲ့ပြီး ဆေးရုံဝင်းထဲမှာပင် ယာယီတဲများထိုး၍ အရေးပေါ်လူနာများကို ကုသပေးရသည်။
လက်ရှိအချိန်အထိ ပြင်ပလူနာဆောင်ကို ပြင်ဆင်မှုတချို့သာရှိခဲ့ပြီးအရေးပေါ်လူနာဆောင်များကိုလည်း ပြန်မပြင်ဆင်နိုင်သေးကြောင်း ကုတစ်၁၀၀၀ ဆေးရုံမှ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောသည်။
“(ဆေးရုံမှာက) အရင်ကတည်းက လူနာတွေက များပြီး နေရာက ခက်ခဲနေတာ၊ ခုလို ငလျင်ဒဏ်သင့်တဲ့လူ တွေ ထပ်ရောက်လာတော့ ဆေးဝါးရော၊ နေရာရောက အတော်ကြပ်သွားတာပေါ့”
ကုတင် ၁၀၀၀ ဆေးရုံမှ လူနာများကို ယာယီဆေးရုံများနှင့် နေပြည်တော်နယ်မြေ မြို့နယ်များတွင်ရှိသော ကုတင်၂၀၀၊ ကုတင် ၁၀၀၊ ကုတင် ၅၀ နှင့် ယာယီဆေးရုံများသို့ ပြောင်းရွှေ့ကုသပေးနေခြင်းဖြစ်သည်။
ယာယီဆေးရုံများထဲတွင် လူနာများကို ရွှေ့ပြောင်းကုသနေသောကြောင့် ကုတင် ၁၀၀၀ ဆေးရုံဝင်းထဲမှ ယာယီရွက်ဖျင်တဲများကို ဖျက်လိုက်ပြီဖြစ်သော်လည်း စစ်ကောင်စီဝန်ထမ်းလူနာစောင့်တချို့က ရွက်ဖျင်တဲထိုးနေထိုင်မှုများလည်း ရှိကြောင်း သိရသည်။
“ဝန်ထမ်းမိသားစုတွေက ကျန်းမာရေးလာပြရင်းနဲ့ ခွဲမနေတော့ဘဲ ဆေးရုံမှာ အတူလာနေကြတာတွေ ရှိ တယ်၊ သူတို့ကတော့ ဌာနကပေးတဲ့ ရွက်ဖျင်တဲတွေပါလာတယ်၊ ဒီမှာက ရေ၊ စားစရာ၊ အိမ်သာ အားလုံး က လွယ်တော့ ကန့် (Camp) တွေထက်တော့ အဆင်ပြေတယ်လေ” ဟု ထိုဆေးရုံမှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသော အစိုးရဆေးရုံများသည် ငလျင် ဖြစ်ချိန်တွင် လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ငလျင်ဒဏ်ကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့သူအသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။
“ဆေးက သူတို့ဆီမှာရှိတာတော့ ဝယ်ရတာတော့ များပါတယ်၊ ခြေထောက်က ကုတင်၁၀၀၀မှာ ဖြတ် ပြီး ခု ကုတင် ၂၀၀ ကို လွှဲပြီး ကုသပေးနေတာ၊ ဒီမှာက ခြေတုလှူတဲ့အဖွဲ့နဲ့တော့ ချိတ်ပေးနေတယ်” ဟု ၎င်း က ဆိုသည်။
ငလျင်စဖြစ်ချိန်က ငလျင်ဒဏ်သင့်လူနာများကို အစားသောက်နှင့် ငွေကြေးတချို့ လာရောက်လှူဒါန်းသူ များ ရှိခဲ့သော်လည်း လနှင့်ချီကြာလာချိန် လှူဒါန်းသူနည်းပါးသွားသည့် အခြေနေများလည်း ရှိနေကြောင်း အထက်ပါမိသားစုဝင်အမျိုးသမီးက ပြောသည်။
ဆေးရုံများတွင် လူနာဆောင်နှင့် လူနာ လောက်ငှမှုမရှိခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ ဆရာဝန်လိုအပ် ချက်များ ရှိနေခြင်း၊ လူနာစောင့် များပြား၍ နေထိုင်ရေးကျပ်တည်းခြင်းများလည်း ကြုံတွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ငလျင်ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်း/ပြည်နယ် ၁၀ ခုတွင် လူနေအိမ် ၆၃၈၅လုံး၊ စာသင် ကျောင်း ၆၇၅၂နှင့် ဆေးရုံဆေးခန်း ၅၇၆ လုံးအပါအဝင် အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးထား ကြောင်း စစ်ကောင်စီက ဧပြီလ ၂၄ ရက်က ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် တိုင်း/ပြည်နယ် (၆)ခုတို့တွင် မေလ ၁၃ ရက်နေ့အထိ သေဆုံးသူ ၃၇၂၂ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၈၅ ဦး ရှိပြီဖြစ်သည်ဟု စစ်ကောင်စီစာရင်း အရ သိရသည်။
စစ်ခေါင်းဆောင် ဦးသန်းရွှေကိုယ်တိုင် လာရောက်ဆေးကုသခံယူဖူးသည့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီလက်အောက်မှ ဇဗ္ဗူသီရိဆေးရုံသည်လည်း ငလျင်ကြောင့် ကြီးမားသည့် ထိခိုက်မှုမျိုး မရှိဘဲ လမ်းပလက်ဖောင်းများနှင့် အုတ်တံတိုင်းတချို့သာ ပျက်စီးသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
ငွေကြေးတတ်နိုင်သူများ တက်ရောက်ကုသသော ပုဂ္ဂလိကဆေးရုံအများစုမှာ ပျက်စီးမှု နည်းသော်လည်း လူနာဆောင်နှင့် အခန်းလိုအပ်ချက်များမှာရှိနေဆဲဖြစ်သည်ဟု သိရသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသည့် ဥတ္တရသီရိဆေးရုံ(ခ)ပင်လုံဆေးရုံကြီးကိုလည်း မတ်လလဆန်း တွင် ဖြိုဖျက်ရှင်းလင်းပြီး ပြန်လည်မတည်ဆောက်နိုင်သေးခင် ဒက္ခိဏသီရိမြို့နယ် နေပြည်တော် တိုးဂိတ် အနီး ကျောက်မျက်ဝင်းထဲတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း ယင်းဆေးရုံဝန်ထမ်းတစ်ဦးက ဆိုသည်။
“ နာမည်ကြီးဆရာဝန်တွေကလည်း လာထိုင်ပေးတော့ လူနာကလည်း …..မပြတ်ဘူး၊ လူနာဆောင်က မလောက်ဘူး ဖြစ်နေတာ” ဟု ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
ငလျင်ဒဏ်သင့်ဈေးများ ပုံမှန်မဖြစ်သေး
ငလျင်ဒဏ်သင့်ခဲ့သည့် နေပြည်တော်မှ နာမည်ကျော်ဈေးများဖြစ်သည့် ပျဉ်းမနားမြို့မဈေး၊ အာဟာရ သုခဈေး၊ သပြေကုန်းဈေး၊ မြို့မဈေးတို့တွင်လည်း ငလျင်ဒဏ်သင့်၍ ထိခိုက်မှုများရှိခဲ့ပြီး ယနေ့ အထိ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးပေ။
ပျက်စီးမှု အများဆုံးဟု ဆိုရမည့် ပျဉ်းမနားမြို့မဈေး ဈေးရုံ အမှတ်(A-1)၊ Aရုံ၊ Bရုံများ ပြိုကျခဲ့ပြီး အပျက် အစီးရှင်းလင်းရေးများ လုပ်ထားသော်လည်း ပြန်တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပျဉ်းမနားမြို့မဈေး ပြန်တည်ဆောက်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကုမ္ပဏီ များအား မေလဆန်းက တင်ဒါပြန်လည်ခေါ်ယူထားသည်။
သပြေကုန်းဈေးနှင့် မြို့မဈေးရှိ ဈေးဆိုင်ခန်းများနှင့် အဝင်ပေါက်ဆိုင်ခန်းများတွင် အကြီးစားထိခိုက်မှု များ ရှိခဲ့ပြီး ဆိုင်ခန်းတချို့မှာ အုတ်နံရံဖြိုဖျက်မှုများသာရှိကြောင်း ဆိုင်ပိုင်ရှင်များက ဆိုသည်။
ငလျင်လှုပ်ပြီး တစ်လကျော်ကြာမြင့်ချိန် မေ ၅ ရက်နေ့ထိလည်း သပြေကုန်းဈေးနှင့် မြို့မဈေးများတွင် ပိတ်ထားသည့် ဆိုင်ခန်း ၃၀ ထက်မနည်း ရှိနေသေးသည်ကိုလည်း တွေ့မြင်ရကြောင်း သိရသည်။
သပြေကုန်းဈေးဆိုင်ခန်းရှိ အဝတ်ဆိုင်၊ အထည်ဆိုင်၊ မိတ္တူဆိုင်၊ စတိုးဆိုင်၊ ဖုန်းဆိုင်၊ ရွှေဆိုင်တို့မှာလည်း ငလျင်အပြီး ၂ ပတ်ကျော်ကြာမှ ပြန်ဖွင့်နိုင်သည်ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ဝန်ထမ်းတွေကို အဓိကထား လုပ်ရတာ သူတို့ကအဓိက ထိခိုက်သူတွေဆိုတော့ ခုထိ အရောင်းအဝယ်က ကျတယ်၊ အရင်လို ပုံမှန်တော့ မဖြစ်သေးဘူး။ အခြေနေမပျက် လည်ပတ်နိုင်တဲ့အခြေနေမှာပဲရှိသေးတယ် ” ဟု ၎င်းက ပြောသည်။
၎င်းထံတွင် ဝန်ထမ်း ၂၀ ထက်မနည်းရှိပြီး အိုင်တီပစ္စည်းများနှင့် စာရေးကိရိယာများရောင်းချသည့်ဆိုင် ဖွင့်လှစ်ထားသူဖြစ်သည်။
မြို့မဈေးမှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးကလည်း ငလျင်ဒဏ်ကြောင့် ဆိုင်ခန်းထိခိုက်မှုနှင့် သိန်းတစ်ရာကျော် ထိခိုက်ခဲ့ပြီး လက်ရှိတွင် ဈေးဆိုင်ခန်းကို နားထားရကြောင်း ဆိုသည်။
“ဆိုင်ခန်းက အုတ်နံရံတွေ ထိတယ်၊ ရောင်းတဲ့ ပစ္စည်း၊ စင်တွေကလည်း ကျိုးကုန်တော့ ပြန်လုပ်ရမှာနဲ့ ခုထိ မလည်ပတ်နိုင်သေးဘူး”
မြို့မဈေး ဝင်ပေါက်မုခ်ဦးမှာ ဆိုင်းဘုတ်ပင်မရှိတော့ဘဲ အမိုးများလည်းပွင့်လန်နေပြီး အောက်ခြေတိုင်မှာ လည်း ပျက်စီးနေသည်ကို တွေ့မြင်ရသည်။

လတ်တလောတွင် မြို့မဈေးနှင့် သပြေကုန်းဈေးရှိ အပျက်အစီးများ မပြင်နိုင်သေးဘဲ ဈေးဆိုင်ခန်းများ ပုံမှန်ပြန်ဖွင့်ရေးကိုသာ စစ်ကောင်စီက ကြိုးပမ်းနေသည်။
ပျက်စီးမှုနည်းသည့် ကုန်းစိမ်းဈေးနှင့် ရွက်ဖျင်တဲများဖြင့် ရောင်းချသည့် ညဈေးတို့သည် ငလျင်လှုပ်ပြီး ရက်ပိုင်းအကြာတွင်သာ ပြန်ဖွင့်နိုင်ခဲ့သည်။
နေပြည်တော်တွင် အကြီးဆုံးကုန်ဈေးဖြစ်သည့် အာဟာရသုခဈေးတွင် ဈေးဆိုင်းဘုတ်နှင့် ပွဲရုံတန်းတချို့ ပျက်စီးမှုသာရှိခဲ့ပြီး ပိုင်ရှင်များမှာလည်း အရောင်းအဝယ်မရပ်ချင်၍ မိမိဘာသာ ပြင်ဆင်၍ ဆိုင်ဖွင့်ထား ကြကြောင်း အာဟာရသုခဈေးမှ ပွဲရုံတန်းပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
ဈေးကြီးများနည်းတူ နေပြည်တော်ရှိ နာမည်ကြီး ဈေးဝယ်ကုန်တိုက် ၆ ခုလည်း ငလျင်ကြောင့် ထိခိုက်မှု ဖြစ်ပေါ် ခဲ့ သည်။
ဥတ္တရသီရိမြို့နယ်ရှိ Ocean ကုန်တိုက်၊ စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီပိုင် ဇလပ်ဝါပလာဇာတို့ ငလျင်ကြောင့် အကြီးစား ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိဘဲ ပိတ်ထားသည်ကို တွေ့ရ သည်။
အလားတူ ပျဉ်းမနားနှင့် ဇဗ္ဗူသီရိမြို့နယ်တို့ရှိ စိန်ဒေါင်းဈေးဝယ်စင်တာ ၂ ခုနှင့် ဒက္ခိဏသီရိမြို့နယ် ရှိ Junction ကုန်တိုက်တို့မှာမူ အသေးစား ထိခိုက်မှုသာဖြစ်၍ ကုန်တိုက်များလည်း ပုံမှန် ဖွင့်လှစ်ထားသည်။




