အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

ကယန်းပြည်သစ်ပါတီ၏သတ္ထုတွင်း ကန့်ကွက်မှုများနှင့် ဆက်လက်ရင်ဆိုင်ရ

ဖယ်ခုံတွင် တရုတ်နှင့် ပူးပေါင်းပြီး ကယန်းပြည်သစ်ပါတီခေါင်းဆောင်ပိုင်ကုမ္ပဏီ သတ္တုတူးမည့် အစီအစဉ်အတွက် ဒေသခံတို့နှင့် ညှိနှိုင်းဆွေးနွေးသော်လည်း သဘောတူညီချက် မရခဲ့ကြပေ။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မြင်းမထိတောင်ဒေသတွင်  တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်မည့် အကြီးစားခဲသတ္တုတူးဖော်ရေးစီမံကိန်းရပ်ဆိုင်းရန် ဒေသခံလူမျိုးစုများက ဒေသတွင်း ကုမ္ပဏီတာဝန်ရှိသူများကို မေ ၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီချက်မရကြောင်း သိရသည်။ 

စစ်တပ်နှင့် အပစ်ရပ်ထားသော ကယန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်နှင့် ၎င်း၏မိသားစုဝင် အနည်းဆုံး  ၂ ဦး ဒါရိုက်တာအဖြစ် ပါဝင်‌နေသည့် လေးပွင့်ကြယ် ကယန်းဒေသဖွံဖြိုးတိုးတက်ရေး သတ္ထုတူးဖော်မှုလီမိတက် (Four Star Kayan Region Development Mining) နှင့် မာစတာဝမ်အမည်ရ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီတို့ ၅ နှစ်စာချုပ်ချုပ်၍ ထိုဒေသ၌ သတ္ထုတူးဖော်ရန် ယခုနှစ်ဆန်းမှစ၍ စီစဉ်နေခြင်းဖြစ်သည်။ 

 ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးသန်းစိုးနိုင်၏သား၊  ကုမ္ပဏီ၏ မြင်းမထိတောင် သတ္ထုလုပ်ကွက်တာဝန်ခံတို့နှင့် တွေ့ဆုံခဲ့သည်ဟု  ပရာဒေါင်း ဆွေမျိုးစု ဥက္ကဋ္ဌ ခွန်အောင်နိုင်စိုးက ပြောသည်။

“သူတို့က ဆက်လုပ်မယ်၊ မလုပ်မယ်တော့ ဒါတော့ မပြောဘူး။ လက်ရှိအနေအထားက လုပ်ငန်းခွင်ထဲမှာ စက်ယန္တယားတွေတော့ ရပ်နားထားတယ်ပေါ့နော်။ အစည်းဝေးပြီးနောက်ပိုင်း ဘာတုံ့ပြန်မှုမှမပေးဘူး။ ဘာအဖြေမှမပေးဘူး” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့က သပိတ်ကော်မတီက လုပ်စရာရှိတဲ့ သပိတ်တွေ ဒီအတိုင်းပဲ ဆက်လုပ်သွားဖို့ရှိတယ်”

ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းမှုမရှိခြင်းကြောင့် ပရာဒေါင်း ဆွေမျိုးစုများက ထိုစီမံကိန်းကို မေလဆန်းမှစ၍ ကန့်ကွက်ဆန္ဒပြနေသည်။ ပရာဒေါင်း ဆွေမျိုးစုသည် ယယန်းမျိုးနွယ်စုကြီး ၄ ခုထဲတွင်ပါဝင်သော ဆွေမျိုးစုများစွာအနက် တစ်ခုဖြစ်သည်။

ကုမ္ပဏီဘက်ကမူ အပေါင်းလက္ခဏာဆောင်သည့် တောင်းဆိုမှုများသာ တောင်းဆိုရန်၊ စီမံကိန်းအတွက် ငွေကြေးနှင့် အခြားရင်းနှီးမြှုပ်နှံမှုများထည့်ဝင်ခဲ့ပြီးဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုအပေါ် နားလည်ပေးရန် ပြောဆိုသည်ဟု သိရသည်။

စီမံကိန်းအနာဂတ်နှင့်ပတ်သက်၍ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ၏ သားဖြစ်သူ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ကိုဒေးဗစ်ဆိုသူထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။ 

ထိုဒေသကို ကယန်းပြည်သစ်ပါတီက ထိန်းချုပ်ထားသည်။  ၂၀၁၉ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း၍ ခဲသတ္ထုတူးဖော်ထုတ်လုပ်ရန် စီစဉ်ခဲ့သော်လည်း မပြေလည်မှုများကြောင့် စီမံကိန်းရပ်ဆိုင်းထားရာမှ ယခုအခါ ထိုလုပ်ကွက်နေရာတွင် ပြန်လည်တူးဖော်ရန်စီစဉ်ခြင်းဖြစ်သည်။ 

ထိုစီမံကိန်းဆက်လက်လုပ်ကိုင်ပါက မြင်းမထိတောင်အနီး ကျေးရွာ ၅ ခု၏ လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ပြီး သတ္ထု  တစ်ပိုင်တစ်နိုင် တူးဖော်သော ပရာဒေါင်းဆွေမျိုးစုနယ်မြေ ကျေးရွာပေါင်း ၁၁ ရွာမှ လူပေါင်း ၅၀၀၀ ကို  ထိခိုက်နိုင်ကြောင်း ဒေသခံများက ပြောသည်။ 

ကယန်းပြည်သစ်ပါတီကမူ မေ ၅ ရက်နေ့တွင် မြင်းမထိတောင်သတ္ထုတူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ တိုက်ရိုက်ရည်ညွှန်းခြင်းမရှိသည့် သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ထားပြီး တရားမဝင်သည့် လူမှုအသင်းအဖွဲ့တစ်ခု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအသွင်ဖြင့် ကယန်းဒေသ မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်နေကြောင်း ရေးသားဖော်ပြထားသည်။ 

ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးအတွက် ၁၉၆၄ နှစ်တွင် ကယန်းပြည်သစ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ် နဝတအစိုးရလက်ထက်တွင် စစ်တပ်နှင့် အပစ်ရပ်စဲခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဆီဘူးရွာတွင် ဌာနချုပ်တည်ရှိသည်။ 

အခြားအပစ်ရပ်အဖွဲ့များကဲ့သို့ ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုသည့် တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင် မပါဝင်ခဲ့သော်လည်း ၂၀၂၁ နောက်ပိုင်း စစ်တပ်နှင့် တိုက်ပွဲ မရှိပေ။

ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်သည် ၂၀၁၂ မတ်လတွင် လေးပွင့်ကြယ် သတ္ထုတူးဖော်ရေး ကုမ္ပဏီကို မှတ်ပုံတင်ခဲ့သလို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သော အခြားကုမ္ပဏီတစ်ခုဖြစ်သည့် လေးပွင့်ကြယ် ကယန်းဒေသ ဖြိုးတိုးတက်ရေးလီမိတက် (Four Star Kayan Region Development) နှင့်လည်း ဆက်နွယ်မှုရှိသည်။ 

Related Articles

Back to top button